သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအတိုက်အခံ ပါတီ အစိုးရသစ် ဖွဲ့တော့မည်


ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီ ဖြစ်တဲ့ ဒီမိုကရက် ပါတီက အစိုးရသစ် ဖွဲ့စည်းရေးအတွက် ပါလီမန်မှာ ထောက်ခံမှု အလုံအလောက် ရနေပြီလို့ ဒီနေ့ ပြောလိုက်ပါတယ်။

အရင်က ညွှန့်ပေါင်းအစိုးရ အဖွဲ့မှာ ပါခဲ့တဲ့ ပါတီငယ်တချို့ကလည်း ဒီလို အတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရ ဖွဲ့မယ်ဆိုရင် တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး ပူးပေါင်းထောက်ခံမယ်လို့ ဒီနေ့ ဒီမိုရက်ပါတီမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ညွှန့်ပေါင်းအစိုးရကို ဦးဆောင်ခဲ့တဲ့ PPP ပြည်သူ့ အာဏာပါတီအပါအဝင် ပါတီ သုံးခုကို ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ပါတီတွေကို ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ အတိုက်အခံ ပါတီက အစိုးရဖွဲ့တော့မယ်လို့ ဒီနေ့ ကြေညာလိုက်တာပါ။

ထိုင်းနိုင်ငံမှာ ၆ လကြာ နိုင်ငံရေး တင်းမာမှုတွေအကြား အစိုးရအဆောက်အဦတွေကို ဆန္ဒပြသူတွေက သိမ်းဆည်းခဲ့ပြီး နိုင်ငံတကာ လေဆိပ်ကို ပိတ်ခဲ့ရတဲ့အထိ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အတိုက်အခံ ဒီမိုကရက်ပါတီ က သူတို့ ပါတီခေါင်းဆောင် အဘီဆစ် ဝက်ဂျာဂျီဝါ (Abhisit Vejjajiva) ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မယ်လို့ ပြောဆိုထားပါတယ်။ တနင်္လာနေ့မှာ ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒီအတောအတွင်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲခံထားရပြီး တိုင်းပြည်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရဲ့ ဇနီး ခွန်းယိမ် ပွန်ဂျမာ ဒမ်မာပေါင် ဟာ မနေ့က ထိုင်းနိုင်ငံကို ပြန်ရောက်လာ ခဲ့တယ်လို့ ထိုင်း သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG