သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကုလဆောင်ရွက်ဖို့ အာရှလွှတ်တော်အမတ်များ တိုက်တွန်း


မြန်မာနိုင်ငံတွင်း အခိုင်အမာပြနိုင်တဲ့ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာဖို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး ဆောင်ရွက်ပေးပါလို့ အာဆီယံနဲ့
အခြားအာရှဒေသက အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်ဟာ
ဒီကနေ့ပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို စာရေးသား တိုက်တွန်းလိုက်
ပါတယ်။ မြန်မာနိုင်ငံတွင်း အပြောင်းအလဲဆိုတာတွေဟာ စာ စကားသက်သက်ပဲရှိနေ
ပြီး လက်တွေ့ဖြစ်မလာသေးဘူးလို့လည်း သူတို့က ထောက်ပြပါတယ်။ အပြည့်အစုံကို
စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံက လွှတ်တော်အမတ် ၂၀၀ ကျော် စု
လက်မှတ်ထိုးပြီး အခုစာကို မစ္စတာဘန်ကီမွန်းကို ပေးပို့ခဲ့တာပါ။ ဒါဟာ အာရှမှာ ပထမ
ဆုံး အဖြစ်အပျက်အနေနဲ့ လွှတ်တော်အမတ် အရေအတွက် အများဆုံးက ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လူသိရှင်ကြား စာရေးတောင်းဆို လှုပ်ရှားမှုတရပ်
လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စဟာ နိုင်ငံတကာမှာ နှစ်အတန်ကြာကတည်း
က အများစိတ်ဝင်စားခံရတဲ့ ပြဿနာတရပ်ဖြစ်ပေမယ့် သိသာတဲ့ ပြောင်းလဲမှုတွေ
ဘာမှဖြစ်မလာတာကြောင့် အခုလို သူတို့ လက်မှတ်စုထိုးပြီး ကုလသမဂ္ဂကို တင်ပြတာ
ဖြစ်တယ်လို့ ဒီအစီအစဉ်ကို ကြီးကြပ်တဲ့ AIPMC မြန်မာ့အရေး အာဆီယံအမတ်များအဖွဲ့
ဥက္ကဋ္ဌ ထိုင်းလွှတ်တော်အမတ် ခရိုင်ဆတ် ချွန်ဟာဝမ် (Kraisak Chunhavan) က
ဗွီအိုအေကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံကိစ္စဟာ တနှစ်ပြီးတနှစ် မပြီးနိုင်တဲ့အကြောင်းရပ် ဖြစ်နေပါတယ်။
တကယ် ကျနော်တို့ တွေ့နေရတာက မျှော်လင့်စရာပေါ်လာလိုက် ပျောက်သွားလိုက်ပါ။
အဲဒါကလည်း စကားတွေ၊ ကတိတွေ အပြန်အလှန်ပေးလိုက်၊ နောက် ဒီကတိတွေကို
ပြန်ဖျက်လိုက်နဲ့ အကြိမ်ကြိမ်အခါခါ ဖြစ်ပျက်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာ
တကယ်တမ်း ပြောင်းလဲမှုတွေ လိုနေပြီလို့ ပြောရတာပါ။"

အခုလို အာဆီယံအမတ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့
လက်မှတ်ထိုး တောင်းဆိုတာ မလုပ်ခင်ကဘဲ ကမ္ဘာတဝန်းက နိုင်ငံအကြီးအကဲဟောင်း
၁၁၂ ဦးကလည်း အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို
သွားရောက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ခိုင်မာတဲ့
ရလဒ်ရဖို့ မျှော်လင့်ချက်မရှိရင် မသွားနိုင်ဘူးလို့ အကြောင်းပြန်ခဲ့သလို မြန်မာအစိုးရ
ဘက်က ကုလသမဂ္ဂကို ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပေါ်မှာလည်း စိတ်ပျက်မိ
ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အာဆီယံအမတ်တွေအနေနဲ့ ကုလသမဂ္ဂအနေနဲ့
ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်သလဲမေးတော့
နိုင်ငံတကာ အဖွဲ့အစည်းတရပ်အနေနဲ့ သူ့ကြိုးပမ်းမှုတွေကို လက်မလျှော့သင့်ဘူးလို့
မစ္စတာခရိုင်ဆတ်က တုံ့ပြန်ခဲ့ပါတယ်။

"ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတခုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ့ရဲ့
ကြိုးပမ်းချက်တွေ ပြန်အစပြုရပါမယ်။ နိုင်ငံတကာရဲ့ သတ်မှတ်ချက်အတိုင်း လိုက်နာဖို့
အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်နေတာကို ခွင့်ပြုနေလို့မရပါဘူး။ ဒီတော့ အာဆီယံနိုင်ငံ
တွေက ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ကျနော်တို့မြင်တာကတော့ ကုလသမဂ္ဂ
အနေနဲ့ နောက်အဆင့်တဆင့်ကို လှမ်းရပါမယ်။

"မြန်မာပြည်သူတွေ အကျပ်အတည်း ပြဿနာတွေ ပြောင်းလဲလာဖို့အတွက် ကြိုးပမ်းမှု
တွေ ပြန်အစပြုရပါမယ်။ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ စီးပွားရေး၊
ကျန်းမာရေး၊ ပညာရေး စတဲ့အချက်တွေတင် မဟုတ်ဘဲနဲ့ မြန်မာအစိုးရကလည်း ကတိ
ပေးထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ရဖို့လည်း ပြောင်းလဲမှုတွေ ရှိလာရပါ
မယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးအောက်မှာ မြန်မာ
စစ်အစိုးရက ကြေညာထားတဲ့ ရွေးကောက်ပွဲဆိုတာကလည်း မဖြစ်သင့်တဲ့ အခြေအနေ
ပါ။"

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခု ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃၁
ရက်နေ့ နောက်ဆုံးထားပြီး လွှတ်ပေးဖို့ ကြိုးပမ်းပေးပါလို့ အာဆီယံအမတ်တွေရဲ့
ပေးစာထဲမှာ ဖော်ပြပါတယ်။ မစ္စတာခရိုင်ဆတ်ကတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး
အကျဉ်းသားတွေ အရေးကိစ္စဟာ မြန်မာနိုင်ငံအနေနဲ့ အဓိကဖြေရှင်းရမယ့် ပြဿနာ
တရပ်လို့ ယူဆထားပါတယ်။

"နိုင်ငံရေးအကျဉ်းသား အတော်များများဟာ ထောင်ထဲမှာပဲ ရှိနေဆဲပါ။ နောက်ထပ်
ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ အရပ်ဖက် ကူညီရေးလုပ်သားတွေ အဖမ်းခံကြရ
တယ်၊ လူရွှင်တော်တွေ အဖမ်းခံရတယ်၊ ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရ
တယ်၊ ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးလုပ်တဲ့သူတွေ အဖမ်းခံကြရတယ်။ ဒါတွေ
ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေပါ။
ဒါတွေကို လက်ခံလို့မရပါဘူး။"

AIPMC မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ ထိုင်းလွှတ်တော်
အမတ် ခရိုင်ဆတ် ချွန်ဟာဝမ် ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲသလိုလုပ်နေပြီး တစုံတရာ
နိုင်ငံတကာဖိအားကြုံလာရင် အချို့ကို ပြန်လွှတ်လိုက်နဲ့ အပြောင်းအလဲတွေကိုလည်း
စကားလုံးတွေအဖြစ်ပဲ မြင်နေရတယ်လို့ မစ္စတာခရိုင်ဆတ်က ယူဆပါတယ်။ ဒါကြောင့်
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရင်လိုမဟုတ်ဘဲ မြန်မာနိုင်ငံကနေ
တိကျခိုင်မာတဲ့ ပြောင်းလဲမှုတွေဖြစ်လာစေဖို့၊ အထူးသဖြင့် အခု ဒီဇင်ဘာလ ၃၁ ရက်
နေ့မတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာဖို့ လုပ်ရမယ်လို့ အခိုင်အမာ
တောင်းဆိုရတာဖြစ်တဲ့အကြောင်း ပြောပါတယ်။ အခုကိစ္စမှာ ကုလသမဂ္ဂကိုတင်
မဟုတ်ဘဲ သူတို့ သက်ဆိုင်ရာ အာဆီယံအစိုးရတွေကိုလည်း ဖိအားပေးသွားမယ်လို့
မစ္စတာခရိုင်ဆတ်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG