သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆောင်ရွက်မှုအတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ်အား ဂုဏ်ပြု


နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်လှုပ်ရှားမှုမှာ ပါဝင်
ဆောင်ရွက်ပေးကြဖို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က
တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားဘေးဒုက္ခတွေ လျော့ပါးစေရေး
အတွက် တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့တဲ့ သမ္မတကတော်ကို မစ်ချီဂန်
အခြေစိုက် Christian Freedom International ကနေ ဆုတဆုချီးမြှင့်ခဲ့ပါ တယ်။
ဒီဆုလက်ခံတဲ့ မိန့်ခွန်းမှာ သမ္မတကတော်က အခုလိုပြောသွားတာ
ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ Freedom from
Fear ဆိုတဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်းဆိုတဲ့စာအုပ်ကို ဖတ်ရှုပြီး ၁၉၉၁ ခု
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ မြန်မာပြည်သူလူထု လွတ်မြောက်ရေးအတွက် ထားရှိတဲ့
စွန့်လွှတ်အနစ်နာခံမှုကို လေးစားခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊
နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်တွင်းမှာ အိုးအိမ်မဲ့ စွန့်ပစ်ထွက်ပြေးကြရသူတွေ၊
နယ်စပ်ကို ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေအရေးကို ကမ္ဘာက နိုးကြား
မှုရှိစေအောင် သမ္မတကတော် လော်ရာဘုရှ်က တစိုက်မတ်မတ် စတင်ဆောင်ရွက်ပေး
ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သက္ကရာဇ် ၂၀၀၈ ခု Freedom Award ဆု
လက်ခံမိန့်ခွန်းမှာ သူက အခုလို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

"မြန်မာတနိုင်ငံလုံးလွတ်လပ်ပြီး ဒီမိုကရေစီ အပြည့်အ၀ ခံစားနိုင်ကြဖို့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ ကြိုးပမ်းမှုကို ဝိုင်းဖြည့်ဆည်းပေးကြပါ။ ကျမတို့ရဲ့လွတ်လပ်မှုကို အခြေပြုပြီး
အတူတကွ ဆောင်ရွက်ပေးကြပါစို့" လို့ အမေရိကန်သမ္မတကတော်က တိုက်တွန်း
သွားပါတယ်။

Freedom Award ချီးမြှင့်တဲ့ မစ်ချီဂန်အခြေစိုက် Christian Freedom International
(CFI) ခေါ် အမေရိကန်လွတ်လပ်မှု နိုင်ငံတကာအဖွဲ့အစည်းဟာ ၁၉၉၈ ခုကတည်းက
မြန်မာပြည်တွင်းမှာရော ထိုင်း-မြန်မာ နယ်စပ်မှာပါ ကရင်၊ ကရင်နီ ဒုက္ခသည်တွေ
အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ခရစ်ယာန်ကျမ်းစာနဲ့ အခြား လူသားချင်းစာနာမှု
အထောက်အကူတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ အခုလို CFI အဖွဲ့ရဲ့ ဆုချီးမြှင့်ခြင်း
ခံရတဲ့ မစ္စစ်ဘုရှ်က မြန်မာဒုက္ခသည်တွေရဲ့ ကံကြမ္မာအကြောင်းကိုလည်း သူ့ရဲ့မိန့်ခွန်း
ထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

"မြန်မာဒုက္ခသည်တွေ သောင်းနဲ့ချီပြီး မလွှဲမရှောင်သာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စု
နှစ်ပေါင်းများစွာ နေထိုင်ကြရတာပါ။ နောက်ထပ် ထောင်ပေါင်းများစွာလည်း
တောတွေ၊ တောင်တွေမှာ စားနပ်ရိက္ခာ၊ ခိုကိုးစရာ၊ ဆေးဝါးတွေ အလုံအလောက်မရှိ
ဘဲ ရုန်းကန်နေထိုင်ကြရပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုဒဏ်ရဲ့ တဖြည်းဖြည်းဆိုးရွား
လာတဲ့ အခြေအနေကို ကျမကိုယ်တိုင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကို
သွားရောက်ကြည့်ရှုခဲ့လို့ တွေ့ရှိခဲ့ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားပါတယ်။

သမ္မတကတော်အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လက
ထိုင်းနိုင်ငံကို သမ္မတဘုရှ်နဲ့ သွားရောက်စဉ်
တာ့ခ်ခရိုင် မဲဆောက်မြို့အနီး မယ်လဒုက္ခသည်
စခန်းနဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်
ဆေးခန်းကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါ
တယ်။ အဲဒီမှာ ခြင်ထောင်တွေအပါအဝင်
အထောက်အကူ ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့
ပါတယ်။

ထိုင်းနိုင်ငံမှာ UNHCR က ဖွင့်လှစ်ထားတဲ့ ဒုက္ခ
သည်စခန်း ၉ ခုရှိရာမှာ တခုဖြစ်တဲ့ မယ်လကို
သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မစ္စစ်ဘုရှ်က
ဒုက္ခသည်များအရေး နိုင်ငံတကာက နိုးကြားမှု
ရရှိစေဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
ပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို သူ့ရဲ့မိန့်ခွန်းထဲမှာ တိုက်တွန်းလိုက်ပါတယ်။

"ဒီဒုက္ခသည်များအရေးကို ဖြေရှင်းဖို့ ကျမတို့ရဲ့ထောက်ပံ့မှုနဲ့ အာရုံစူးစိုက်မှုကို လိုအပ်ပါ
တယ်။ မြန်မာစစ်အစိုးရအနေနဲ့ ခုလို ကိုယ့်နိုင်ငံသားတွေအပေါ် အကြောက်တရားနဲ့
အုပ်ချုပ်နေတာ၊ တိုင်းရင်းသား လူမျိုးတွေအပေါ် နှိပ်ကွပ်နေတာတွေကို အဆုံးသတ်
ပေးဖို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို
ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာက တောင်းဆိုခဲ့ကြ
တာလည်း ဖြစ်ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ Freedom Award ရဲ့ ထူးခြားမှုကိုလည်း
သမ္မတကတော်က…

"ဒီဆုကို လက်ခံရရှိခြင်းအားဖြင့် ကျမတို့ အတူတကွထားရှိတဲ့ ရည်မှန်းချက်ကို
ရောင်ပြန်ဟပ်စေပါတယ်။ အဲဒါကတော့ တချိန်က ကြွယ်ဝချမ်းသာခဲ့တဲ့ မြန်မာနိုင်ငံကြီး
မှာ ယနေ့ ဖိနှိပ်ခံနေရတဲ့၊ မျှော်လင့်ချက်ကင်းနေတဲ့ လူထုအတွက် ကျမတို့တွေအားလုံး
တညီတညွတ်တည်း ဝိုင်းဝန်းလုပ်ဆောင်ကြရတဲ့ သန္နိဋ္ဌာန် ခိုင်မာမှုပါပဲ။" လို့ သမ္မတ
ကတော်က ပြောကြားသွားပါတယ်။

နောက်နှစ် ဇန်နဝါရီလ သမ္မတဘုရှ်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက်မှာလည်း
သူတို့ဇနီးမောင်နှံနှစ်ဦး ဇာတိ တက္ကဆက်ကိုပြန်တဲ့အခါ မစ္စစ်ဘုရှ်အနေနဲ့ ပညာရေးနဲ့
အာဖဂန်အမျိုးသမီးအရေး စေတနာ့ဝန်ထမ်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်
သွားမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်သွားမှာ
ဖြစ်တယ်လို့ မကြာသေးမီက သတင်းမီဒီယာတွေကို ပြောကြားသွားတာလည်း
ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG