သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နှစ် ၆၀အတွင်း လူ့အခွင့်အရေးပိုမိုဆိုးလာ


ဒီကနေ့ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုနိုင်ခဲ့တဲ့ နှစ် ၆၀ပြည့် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို စတင် အတည်ပြုတဲ့အထဲမှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံလည်း တနိုင်ငံ အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ ဒီနေ့ကာလ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုန်းနေတာဖြစ်ပြီး၊ ဒီအတွက် အခုနှစ် ၆၀ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့ အခွင့်အခါကောင်း ရယူပါလို့ - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့နှစ်နဲ့ မြန်မာ လွတ်လပ်ရေး ကြေညာနိုင်တဲ့ နှစ် တနှစ်တည်း ဖြစ်တာမို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျရောက်တဲ့ အခု နှစ် ၆၀ပြည့်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ် ၆၀လည်းဖြစ်ပါတယ်။ ဒါကြောင့် အခု လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၆၀ပြည့်အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားက မြန်မာစစ်အစိုးရကို အခုလို တိုက်တွန်းသွားတာပါ။

“ဒီကနေ့လို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံဟာ အချုပ်အချာ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ရရှိခဲ့တဲ့နှစ် ဖြစ်သလို ဒီကြေညာစာတမ်းကြီးကို အတည်ပြုပေးခဲ့တဲ့ အထဲမှာလည်း ပါပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာဖို့ ဒီနေ့ဟာ အခွင့်အခါကောင်းလို့ ဆိုပါရစေဗျာ။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု တစုံတရာ ကျနော်တို့မတွေ့ရပါဘူး။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက စိုးရိမ်ပူပင်ကြောင်း ပြောနေဆိုနေ ဖိအားတွေ ပေးနေတဲ့ကြားကပဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်က ထောက်ပြကြပါတယ်။ မစ္စတာ ကင်တာနားကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ဆိုရင်တော့ - အရင်ဆုံး အချက် ၄ ချက် သူအကြံပြုချင်တယ်လို့ အခုလို ပြောပါတယ်။

“ကျနော် အကြံပေးချက်က အဓိကလုပ်စရာ လူ့အခွင့်အရေးကိစ္စ ၄ ချက် နဲ့ စရပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး လွှတ်ပေးဖို့၊ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို ထိခိုက်စေတဲ့ နိုင်ငံတော် ဥပဒေတွေကို ပြန်လည်သုံးသပ်ပေးဖို့ တရားရေးစနစ် ပြုပြင်ပြောင်းလဲဖို့ နောက်ဆုံး အချက်ကတော့ စစ်တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စပါ။ အခြားတဖက်မှာလည်း လာမယ့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် နိုင်ငံတကာနဲ့ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင် ပတ်သက် ဆောင်ရွက်မှု အခန်းကဏ္ဍဟာလည်း အရေးပါပါတယ်။”

မြန်မာနိုင်ငံတွင်း မကြာခင်ကပဲ နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တဲ့ ကိစ္စအပေါ်မှာ မစ္စတာကင်တာနား အပါအဝင် အခြား ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲတွေ ပူးပေါင်း လက်မှတ်ထိုးပြီးတော့ ဒီအမှုတွေကို ပြန်သုံးသပ်ဖို့ မြန်မာ အစိုးရကို စာပို့ ခဲ့ပါတယ်။ မြန်မာ အစိုးရဖက်ကတော့ ဒါတွေနဲ့ ပတ်သက်လို့ တရားဝင် ဘာမှ တုန်ပြန် ပြောဆိုတာ မရှိပါဘူး။ သူတို့အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် လူ့အခွင့်အရေး ကာကွယ်ပေးနေသူတွေ အပေါ် အာဏာပိုင်တွေက ခြိမ်းခြောက် အပြစ်ပေးမှုတွေ ရှိနေတာအပေါ် အလွန်တရာ စိုးရိမ်နေတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေကို အစိုးရက အရေးယူအပြစ်ပေး ထောင်ချနေတာတွေကို ကျနော်တို့ တတွေ အတော်လေးကို စိုးရိမ်ကြောင်း ပြောနေပါတယ်။”

အခု မြန်မာ စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံမှာရော ဒီမတိုင်ခင် အမျိုးသားညီလာခံမှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ မြန်မာစစ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ မြန်မာ စစ်အစိုးရကတော့ ဒါတွေအားလုံး ဂရုမစိုက်ပဲ အခု နောက်ဆုံးအဆင့် ရွေးကောက်ပွဲတောင် လုပ်ဖို့ပြင်နေပါပြီ။ ဒီနေရာမှာလည်း စစ်မှန်ပြီး မျှတတဲ့ နိုင်ငံတကာ စံနှုန်း ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားရမယ်လို့ မစ္စတာကင်တာနားက ထောက်ပြေ ပြာဆိုပါတယ်။

“၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ဖို့ဆိုရင် လူ့အခွင့်အရေးတွေကို လေးစား လိုက်နာရပါမယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရပါမယ်။ တတိုင်းတပြည်လုံးက ပြည်သူတွေအားလုံး သူတို့ ဆန္ဒရှိရင် ဒီရွေးကောက်ပွဲထဲ ပါဝင်ခွင့် ရှိရပါမယ်။ ပါတီတွေ ဖွဲ့ခွင့်ရှိရမယ်။ မဲဆွယ် စည်းရုံးခွင့် ရှိရမယ်။ ဒါဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းတွေပါ။ ဒါကြောင့် ဒီ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အတွက် လူ့အခွင့်အရေး ကိစ္စတွေဟာ မရှိမဖြစ် အရေးကြီးပါတယ်။”

မစ္စတာ ကင်တာနား ဟာ လာမယ့် မတ် ၂၀၀၉ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်။ အခုအချိန်အထိတော့ မြန်မာနိုင်ငံကို ဘယ်တော့ သွားနိုင်မလဲ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စတိုးတက်လာဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ အခွင့်အာဏာပေးထားတဲ့ သူ့လုပ်ငန်းစဉ်ဟာ မဏ္ဍိုင်ကျပြီး ဒီအပေါ်မှာ ထောက်ခံ ကူညီကြဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ လူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူး အစည်းအဝေး တရပ် ခေါ်ယူနိုင်ချေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းတော့ သူ့ရဲ့မတ်လခရီးစဉ်နဲ့ ဒီအပေါ် ရလဒ်ကိုတည်ပြီး ကောင်စီက စဉ်းစား ဆုံးဖြတ်ပါလိမ့််မယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG