သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေတွေ့ဆုံခွင့်မရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်တွေက နောက်ထပ်တွေ့ဆုံခွင့် တောင်းခံခဲ့ပေမယ့် မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က ငြင်းပယ်လိုက်ပါတယ်။ ဥပဒေကြောင်းအရ ခံစားခွင့်ရှိတဲ့ ရှေ့နေရှေ့ရပ်တွေနဲ့ အခုလို တွေ့ဆုံခွင့် မရတဲ့အတွက်လည်း ဒါဟာ အခြေခံရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့လုပ်ရပ်အဖြစ် ဥပဒေ အကျိုးဆောင်တွေက ရှုမြင်ကြပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က ဆက်ပြီး ပြောပြပေးပါဦးရှင်။

နေအိမ်အကျယ်ချုပ်ကျခံနေရတာကို နောက်ထပ်သက်တမ်းတိုးနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေက အယူခံတင်သွင်းခဲ့တဲ့နောက် ဥပဒေရေးရာ နောက်ဆက်တွဲ ဆွေးနွေးပြောဆိုမှုတွေ ရှိနေသေးတဲ့အတွက် တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ငြင်းပယ်ခဲ့တာပါ။ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးသူများ ဘေးအန္တာရာယ်က ကာကွယ်တဲ့ ဥပဒေဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို နောက်ထပ်တိုး ဖမ်းဆီးထားတဲ့အပေါ် ဆက်လက်ဆွေးနွေးစရာတွေ ရှိလို့ ဒီတပတ်ထဲမှာ တွေ့ဆုံခွင့် တောင်းထား ခဲ့ပေမယ့် ခွင့်မပြုတဲ့အကြောင်း မနေ့ကပဲ ခေါ်ယူ အကြောင်းကြားခဲ့တာလို့ သူမရဲ့ ရှေ့နေဖြစ်တဲ့ ဦးကြည်ဝင်း က ပြောပြပါတယ်။


“ကျွန်တော် တင်လိုက်တာ ၈ရက်နေ့ သို့မဟုတ် ၁၀ရက်နေ့ ခွင့်ပြုပါလို့ ဆိုပြီး။ ထူးထူးခြားခြား မနေ့က ၉ရက်နေ့ ရုံးပိတ်ရက်ပါ။ ဖိတ်ခေါ်တယ်။ ခေါ်တော့ ကျွန်တော် လိုက်သွားတယ်။ အဲဒီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။ ဒုရှေ့နေချုပ် ဦးမြင့်လှိုင်လည်း ရှိတယ်။ ဒုတပ်ဖွဲ့မှူး ဝင်းနိုင်ထွန်း၊ ဒုရှေ့နေချုပ်က ပြောတယ်။ အယူခံလွှာကို အစိုးရအဖွဲ့က ဆောင်ရွက်စရာရှိပါတယ်။ ဆောင်ရွက်နေပါပြီ။ ဒါကြောင့်မို့ ခွင့်မပြုပါဘူးလို့ ဆိုပါတယ်။”

ဒီလို မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်က အယူခံတင်သွင်းထားတာကို ဆက်လက်ဆောင်ရွက်နေတယ်လို့ အကြောင်းပြ ငြင်းဆန် လိုက်ပေမယ့် ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆောင်ရွက်ချက်တခုဖြစ်တယ်လို့တော့ ဥပဒေ အကျိုးဆောင်တွေက မမြင်ကြပါဘူး။ ဒီလို ရသင့်တဲ့အခွင့်အရေးတွေကို ငြင်းပယ်တာ ဥပဒေအရ ပြဋ္ဌာန်းထားတာကို ခွင့်မပြုတာဟာဖြင့် အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ဦးကြည်ဝင်း က မှတ်ချက်ပေးပါတယ်။

“ကျွန်တော်တို့က ပုံစံအားဖြင့် နေပြည်တော်ကနေ အယူခံကို ကြားနာမယ်။ ဘယ်နေ့ဘယ်ရက်ကို လာပါလို့ ဆိုရင် ကျွန်တော်တို့က အဲဒီအချိန်မှာ ထောင်တွင်း ဥပဒေတို့မှာ အကျဉ်းသားနဲ့ ရှေ့နေဆိုတာ တွေ့ခွင့်တော့ ပေးရတယ်ခင်ဗျ။ ရှေ့နေနဲ့ တိုင်ပင်ခွင့်ရှိရမယ်။ တွေ့ခွင့်ရှိရမယ်။ ဒီလို အခွင့်အရေးတွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။”


နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးကြည်ဝင်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် မေလဒီပဲယင်း တိုက်ခိုက်မှုဖြစ်ခဲ့စဉ်ကစလို့ နေအိမ်မှာ ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြင်ပကတွေ့ဆုံခွင့် မရှိသလောက် ဖြစ်နေတာပါ။ မိသားစု ဆရာဝန် ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း တဦးတည်းကိုသာ တလကို တကြိမ်ပုံမှန် တွေ့ဆုံခွင့်ပေးထားတာမို့ ပြီးခဲ့တဲ့ အပတ်ထဲကပဲ သွားရောက် တွေ့ဆုံခဲ့တာရှိခဲ့ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG