သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ပြန်လွတ်


ပြီးခဲ့ဲတဲ့ အောက်တိုဘာလက ဖမ်းဆီးခံခဲ့ရတဲ့
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုန်တိုင်းကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ
ဦးအုန်းကြိုင်ကို ဒီနေ့ အာဏာပိုင်တွေက
ပြန်လွှတ်ပေးလိုက်ပါတယ်။ လေဘေးကယ်ဆယ်
ရေး လုပ်ငန်းတွေ အပါအဝင် အကြောင်းအရာ
တော်တော်များများ အာဏာပိုင်တွေဘက်က
စစ်ဆေးမေးမြန်းတာကို ခံခဲ့ရတယ်လို့
ဦးအုန်းကြိုင်က ပြောပါတယ်။ ဦးအုန်းကြိုင်က
သူ့အနေနဲ့ မပြီးသတ်သေးတဲ့ လေဘေးကူညီရေး
လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့
ဗွီအိုအေကို ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး
ဆက်သွယ်မေးမြန်းတဲ့အချိန် ဦးအုန်းကြိုင်က
အကျဉ်းထောင်ထဲမှာ ၂ လကျော် နေခဲ့ရတဲ့
အခြေအနေကို အခုလို စပြောပြပါတယ်။

"ပထမဆုံး ကျနော် ပဲခူးထောင်မှာခင်ဗျ။ နောက် ၂ လနီးပါးအကြာမှာ အင်းစိန်ကိုပို့ပါ
တယ်။ အင်းစိန်ကနေ အခု ပြန်လွတ်လာတာပါ။"

ပြန်လွတ်လာမယ်ဆိုတာရော အန်ကယ် ကြိုပြီးသိပါသလား။

"မသိပါဘူး။ ကျနော့်ကို အခုမနက် ၁၁ နာရီလောက် တိုက်တာဝန်ကျထောင်မှူးက
လာခေါ်ပါတယ်။ အဲဒါနဲ့ပဲ ကျနော် ပစ္စည်းတွေဘာတွေ သိမ်းပြီးတော့ ပြန်ထွက်လာပြီး
မိန်းဂျေးကြတော့ မိန်းဂျေးတာဝန်ကျ ထောင်မှူးကြီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ လာခေါ်
တာပါတဲ့၊ အိမ်ပြန်ပို့ဖို့ ဖြစ်ပါလိမ့်မယ်တဲ့။ နောက်တော့ ကျနော့်ကို ထောင်ဘူးဝ
ခေါ်သွားပြီး အက်စ်ဘီက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များနဲ့ ထောင်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက
သူတို့လိုအပ်တာတွေ အကုန်ပြင်ဆင် စစ်ဆေးပြီးတော့ ကျနော့်ကို အိမ်အထိလိုက်ပို့
လိုက်တာပါ။"

အန်ကယ့်ကိုဖမ်းတုန်းက အဓိက ဘာအမှုတွေနဲ့ ဖမ်းတာပါလဲ။

"တချို့ဟာတွေလည်း မမှတ်မိတော့ပါဘူး။ ကြာလည်းကြာသွားပြီ၊ ကျနော်လည်း
အသက်က နည်းနည်းရလာတော့။ အဓိကကတော့ ကျနော့်ရဲ့ နာဂစ်ကယ်ဆယ်ရေး
လုပ်ငန်းနဲ့ပတ်သက်လို့ ကျနော် ရှင်းပြခဲ့တယ်။ ကျနော့်ရဲ့ နိုင်ငံရေး ဆောင်ရွက်နေတဲ့
ကိစ္စတွေနဲ့ပတ်သက်လို့ ရှင်းပြခဲ့တယ်။ အဲဒီလောက်ပါပဲ။"

အန်ကယ် နေခဲ့ထိုင်ခဲ့ရတဲ့ အခြေအနေ၊ စားရေးသောက်ရေး၊ ကျန်းမာရေး ဘယ်လို
ရှိပါသလဲ။

"ထောင်ဆိုတော့ ထောင်လိုပေါ့ဗျာ။ ဒါပေမယ့် သက်သောင့်သက်သာ ရှိပါတယ်။ အရင်
၉၀ ပြည့်နှစ်တုန်းက အခြေအနေနဲ့တော့ အများကြီး ချောင်ချောင်ချိချိ၊ သက်သောင့်
သက်သာ ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ကျနော် ပထမတခါကျတုန်းက ၉၀ ပြည့်နှစ်
က ကျတာကိုး။ အဲဒီတုန်းကတော့ အခြေအနေက တော်တော် ကျပ်ကျပ်တည်းတည်းပါ။
အခုတော့ တော်တော်လေး သက်သောင့်သက်သာ ရှိပါတယ်။"

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရင်း အဖမ်းခံခဲ့ရတာဆိုတော့ အခုရော
နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အန်ကယ် လုပ်ဦးမှာလား၊ လုပ်ဖို့
ရည်ရွယ်ချက်တွေ ရှိပါသေးလား။

"ကျနော် မပြတ်သေးတဲ့လုပ်ငန်းတွေ ဆက်လုပ်မှာပါ။ ဒါပေမယ့် ကျနော် ရှိနေစဉ်
ကာလမှာ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ဘယ်လောက်ဆောင်ရွက်ထားပြီးပြီလဲဆိုတာ ကျနော်
ဘာမှမသိသေးပါဘူး။ ကျနော်လည်း ရုံးတောင်မရောက်သေးပါဘူး။ အဲတော့ အဲဒါ
တွေကိုပြန်ပြီး သူတို့နဲ့ညှိနှိုင်းပြီးတော့မှ သူတို့ ဘယ်လောက်ဆောင်ရွက်ပြီးစီးထားပြီလဲ၊
အဲဒါကြည့်ပြီးတော့ ဆက်လုပ်ကြဖို့ဖြစ်ပါတယ်။"

အန်ကယ် နိုင်ငံရေးလုပ်ငန်းတွေရော ဘာတွေဆက်ပြီးဆောင်ရွက်ဖို့ အစီအစဉ် ရှိပါ
သလဲခင်ဗျ။

"အဲဒါတော့ အဖွဲ့ချုပ်က ကျနော့်ကိုပေးတဲ့ တာဝန်တွေ ဆက်ပြီးဆောင်ရွက်ဖို့ပါပဲ။
ကျနော်တို့ မူလရည်ရွယ်ထားတဲ့အတိုင်း အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတာဝန်တွေ၊ ရည်မှန်းချက်
တွေ အောင်မြင်တဲ့အထိ၊ ဆရာဦးဝင်းတင်တို့လည်း ပြန်လွတ်လာပြီဆိုတော့ အဖွဲ့ချုပ်
က ကျနော့်ကိုပေးမယ့်တာဝန်တွေကို ဆက်ပြီးဆောင်ရွက်ဖို့ပါပဲ။"

ကျန်တဲ့လူတွေရဲ့ အကျဉ်းထောင်ထဲက ကျန်းမာရေးအခြေအနေ၊ အနေအထားတွေနဲ့
ပတ်သက်လို့ရော အန်ကယ် ဘာများသိခဲ့ရပါလဲ၊ ထောင်ထဲမှာ။

"ပဲခူးမှာကတော့ နိုင်ငံရေးအကျဉ်းသားက သိပ်မရှိဘူးဗျ။ ပဲခူးထောင်ကလည်း
သေးသေးလေး၊ လေးငါးယောက်ပဲ ရှိပါတယ်။ သူတို့ကျန်းမာရေးအခြေအနေတွေ
မဆိုးပါဘူး၊ ကောင်းကြပါတယ်။ အင်းစိန်ရောက်တော့ ကျနော်တို့ ရဲဘော်ဟောင်းတွေ၊
ဦးနိုင်းနိုင်းတို့၊ ဦးစောနိုင်းနိုင်းတို့၊ ဦးအောင်သိန်းတို့၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ပါတယ်။
သူတို့လည်း ကျန်းမာရေး ကောင်းကြပါတယ်။"

အခုလို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အချိန်မှာ အဖမ်းခံခဲ့ရတာ
နဲ့ ပတ်သက်လို့ အန်ကယ့်သဘောထား၊ ဘယ်လိုမျိုး အန်ကယ် သုံးသပ်မိပါသလဲ။

"အဲဒါကတော့ ကျနော့်ဘက်ကပဲလား၊ တဖက်ဖက်ကပဲလားပေါ့ဗျာ၊ တချို့ တယောက်
တယောက် ရေရေလည်လည် ဂဃနဏ မသိတဲ့ကိစ္စလေးတွေကို ဆွေးနွေးတယ်လို့ပဲ
ထင်ပါတယ်။ ကျနော့်ဘက်ကလည်း တယောက်တယောက် နားလည်အောင် ရှင်းပြ
နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

"ကျနော် ထောင်ကပြန်လွတ်လာတဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ ပြောရရင်
နိုင်ငံရေးသမားကတော့ ဒီသံသရာပါပဲ။ ထောင်ထဲရှိနေပြန်တော့လည်း အပြင်မှာ
ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေ၊ ကိုယ့်နေရာကို အစားထိုးပြီး ကြိုးစားပမ်းစား လုပ်နေ
ကြရတာတွေ လွမ်းရတာပေါ့ဗျာ။ အခု ထောင်အပြင်ရောက်လာပြန်တော့လည်း
ထောင်ထဲမှာ အမျိုးမျိုး ကြံ့ကြံ့ခံပြီး ဆက်ရပ်တည်နေတဲ့ ကိုယ့်ရဲဘော်တွေကို ပြန်လွမ်း
ရတာပါပဲ။ အဲဒီသံသရာပါပဲ။"

အင်းစိန်အကျဉ်းထောင်က ဒီနေ့လွတ်မြောက်လာတဲ့ အန်န်အယ်လ်ဒီ မုန်တိုင်း
ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG