သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး နှစ် ၆၀ ပြည့်နှစ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံနေရဆဲ


ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့
အနှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်
အရေးနေ့မှာ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့
ကမ္ဘာ့နိုင်ငံတွေအတွက် New Media လို့ခေါ်တဲ့
ခေတ်သစ် ဒစ်ဂျစ်တယ်နည်းပညာတွေသုံးပြီး
သတင်းဖြန့်ဝေပေးနေကြတဲ့ ဘလော့ဂါတွေ၊
အင်တာနက် သတင်းသမားတွေနဲ့ အမေရိကန်
သမ္မတ ဘုရှ် တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို ဗုဒ္ဓဟူးနေ့က သမ္မတဘုရှ် အိမ်ဖြူတော်
မှာ တွေ့ဆုံခဲ့ကြတဲ့အထဲမှာ မြန်မာ၊ တရုတ်၊
အီရန်၊ အီဂျစ်၊ ဘယ်လာရုစ်၊ ကျူးဘားနဲ့ ဗင်နီဇွဲလားတို့က အင်တာနက် သတင်းသမား
တွေ ပါပါတယ်။ အင်တာနက်ကြားခံသုံးပြီး မြန်မာနိုင်ငံဆိုင်ရာသတင်းတွေ တင်ပြပေး
နေတဲ့ အမေရိကန်က မိုးမခ အင်တာနက်သတင်းဝက်ဘ်ဆိုက် ဖန်တီးသူ ကိုမောင်ရစ်
လည်း သမ္မတဘုရှ်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတနဲ့ တွေ့ခဲ့စဉ်မှာ
မြန်မာနိုင်ငံအကြောင်း ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ သိရဖို့ မစုမြတ်မွန်က
ကိုမောင်ရစ်ကို ဆက်သွယ်ပြီး သမ္မတကို ဘာတွေပြောပြဖြစ်ခဲ့သလဲဆိုတာကို မေးတဲ့
အခါမှာ ကိုမောင်ရစ်က ခုလို စဖြေပါတယ်။

"အနှစ် ၆၀ လူ့အခွင့်အရေးနေ့မှာ ဒီဘက် ကမ္ဘာတခြမ်းက လူတွေက အနှစ် ၆၀ ပြည့်ပြီ
ဆိုပြီး အခမ်းအနားတွေ ကျင်းပနေကြတဲ့အချိန်မှာ ဟိုဘက်ကမ္ဘာတခြမ်းမှာရှိတဲ့
လူ့အခွင့်အရေး ဆိတ်သုဉ်းတဲ့နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ဒဏ် အနှစ်
၆၀၊ အနှစ် ၇၀ စသည်ဖြင့် ထောင်ဒဏ်နှစ်တွေ အများကြီးချပြီးတော့ လူ့အခွင့်အရေး
တောင်းဆိုတဲ့လူတွေကို နှိပ်စက်နေတယ်၊ ညှဉ်းပန်းနေတယ်၊ ထောင်ချနေတယ်၊ အဲဒီ
အကြောင်းတွေကို ကျနော့်အနေနဲ့ ထပ်လောင်းတင်ပြပြီး ပြောခဲ့ပါတယ်။

"ပြီးတော့ အခုအချိန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုမရှိတဲ့ နိုင်ငံ
တခုအနေနဲ့ ဆက်ပြီးတော့ အခုလက်ရှိအစိုးရကရော၊ နောက်တက်လာမယ့် အမေ
ရိကန် အစိုးရကရော ဆက်ပြီး ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှု
တွေ ဆက်လုပ်ပေးပါ၊ အဲဒါတွေက လိုအပ်နေပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောခဲ့ပါ
တယ်။"

အဲဒီမှာ ကိုမောင်ရစ်ပြောတဲ့ ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ
လုပ်ပေးဖို့ တောင်းခဲ့တယ်ဆိုတော့ ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးလဲ ဆိုတာကို
ရော ရှင်းပြခဲ့ပါသလား။

"အဲဒီလိုမျိုး တိတိကျကျတော့ မပြောနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိတဲ့ အချိန်
တိုတိုအတွင်းမှာ သူအခုလုပ်နေတဲ့ လက်ရှိပေါ်လစီအရ အရေးယူဆောင်ရွက်နေတယ်။
အမေရိကန်နိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ဟာ
တွေကို ပြောဆိုတယ်၊ ဝေဖန်တယ်၊ ပြစ်တင်တယ်၊ ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ
လုပ်တယ်၊ စသည်ဖြင့် ဒါတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ကျေးဇူးတင်ပါတယ်၊
ဒီ့ထက်ပိုပြီးထိရောက်အောင် တခြား နိုင်ငံတကာ အကူအညီနဲ့၊ အသိုင်းအဝိုင်းနဲ့ လုပ်ပါ၊
ဆက်ပြီးဆောင်ရွက်ပါလို့ပဲ ကျနော် ပြောနိုင်ပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကိုမောင်ရစ်က သမ္မတကို တင်ပြ
ခဲ့တဲ့အထဲမှာ ထောင်ဒဏ်နှစ်ရှည် ချခံရတာတို့၊ ဝေးတဲ့ထောင်တွေကို ပို့ခံရတာတို့
ပြောခဲ့တယ်ဆိုတော့ အဲဒီလိုပြောတဲ့အပေါ်မှာ သမ္မတအနေနဲ့ ဘယ်လိုမျိုးမှတ်ချက်
ပြန်ပေးပါသလဲ။

"သမ္မတအနေနဲ့ရော လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အစိုးရအဖွဲ့ဝင်
တွေအနေနဲ့ရော မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး အနီးကပ် အမြဲတမ်း လေ့လာ
စောင့်ကြည့်ပြီး နေတဲ့အတွက် သူတို့ဘာသာ သူတို့တောင်မှ ဒါတွေကို ထဲထဲဝင်ဝင်
နားလည်တယ်၊ သိတယ်ဆိုတဲ့သဘော ရှိပါတယ်။ သူတို့ဘာသာ စုံစမ်းသိရှိရတာအပြင်
ကျနော်က ဒါတွေကို ထပ်လောင်းပြီးတော့ အတည်ပြုပြောတာပေါ့။

"မြန်မာပြည်သူတွေအနေနဲ့ ဟုတ်ပါတယ်၊ ခင်ဗျားတို့ကြားနေရတဲ့ သတင်းတွေအတိုင်း
ပဲ ဒီလိုဒုက္ခရောက်နေရတယ်၊ ခံစားနေရတယ်ဆိုတဲ့ဟာကို ကျနော်က ထပ်လောင်းပြီး
ပြောကြားတဲ့အခါကြတော့ သူတို့ အခုလက်ရှိ လုပ်နေတဲ့အလုပ်တွေ၊ ဆောင်ရွက်နေတဲ့
ဟာတွေကို ဆက်ပြီးတော့ လုပ်ရမှာပဲ။ ရှေ့လာမယ့်အစိုးရကိုလည်း ဒီဟာတွေနဲ့
ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ၊ သတင်းတွေ၊ ဆက်ပေး
ရမှာပဲဆိုတဲ့ သဘောမျိုး သူက ပြောပါတယ်။"

တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင်တော့ လက်ရှိသမ္မတဘုရှ်ရဲ့ သက်တမ်းကလည်း
ရက်ပိုင်းပဲလိုတော့တယ်လို့ ပြောလို့ရပါတယ်။ အမေရိကန်မှာ သမ္မတသစ်က
တက်တော့မယ့်အခါကြတော့ လက်ရှိသမ္မတအနေနဲ့ အသစ်တက်လာမယ့် အမေရိကန်
အစိုးရကို မြန်မာနိုင်ငံပေါ်မှာထားတဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ သူ့အနေနဲ့
တိုက်တွန်းမယ်၊ ပြောပြမယ်ဆိုတာမျိုးရော လက်ရှိသမ္မတဘုရှ်က တစုံတရာ ပြောပါ
သလား။

"ပြောပါတယ်ခင်ဗျ။ သူ အဓိကပြောတာကတော့ လူ့အခွင့်အရေးဆိုတာက မွေးရာပါ၊
မွေးကတည်းက လူတိုင်းမှာ ပါပြီးသား အခွင့်အရေးဖြစ်တယ်။ ဘယ်သူကမှလည်း သူ့ကို
ရုပ်သိမ်းလို့၊ ထိန်းချုပ်လို့ မရဘူး။ ဒါ သူ့ရဲ့ ကိုယ်ပိုင် လူ့အခွင့်အရေးဖြစ်တယ်။ ဒီဟာနဲ့
ပတ်သက်ပြီး အခုလိုနိုင်ငံတွေမှာ ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် သူ့အနေနဲ့လည်း
သူတတ်နိုင်သလောက် ဆောင်ရွက်ခဲ့တယ်၊ အခု နောင်တက်လာမယ့် အစိုးရရော၊
သမ္မတကိုရော သူ့အနေနဲ့ ဒီဟာကို ဆက်ပြီးပြောသွားမယ်၊ တိုက်တွန်းသွားမယ် ဆိုတဲ့
ဟာမျိုး သူပြောပါတယ်။

"နိုင်ငံကြီးတနိုင်ငံ၊ ထိပ်တန်းမှာ သြဇာရှိတဲ့ နိုင်ငံတနိုင်ငံက သမ္မတတယောက်အနေနဲ့
အလေးအနက်ပြုပြီး နှစ် ၆၀ ပြည့်တဲ့ လူ့အခွင့်အရေးနေ့ကို သူလုပ်တယ်ဆိုတာက သူ
သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ ရှေ့ဆက်သွားမယ့်လူတွေ၊ တာဝန်ရှိတဲ့
ပုဂ္ဂိုလ်တွေ၊ အစိုးရတွေအနေနဲ့ ဘယ်လိုတွေ ဆက်ဆောင်ရွက်စေချင်တယ်၊ သူ့အနေနဲ့
ဒီဟာတွေကိုတော့ ဂရုစိုက်တယ်၊ ဆက်ပြီးတော့လည်း ဆောင်ရွက်သွားကြပါဆိုတဲ့
သဘောမျိုး ပြသတယ်လို့တော့ ကျနော်ယူဆပါတယ်။"

အမေရိကန်သမ္မတနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သူ မိုးမခ အင်တာနက်သတင်းဝက်ဘ်ဆိုက်
ဖန်တီးသူ ကိုမောင်ရစ် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG