သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားကုမ္ပဏီတွေ ကယ်တင်ရေး စီမံချက် အထက်လွှတ်တော် ပယ်ချ


အမေရိကန် ကားကုမ္ပဏီတွေကို ကူညီပံ့ပိုးပေးမယ့် ကယ်ဆယ်ရေး အစီအစဉ်ကို ထောက်ခံဖို့ အမေရိကန် အထက် လွှတ်တော်မှာ သဘောတူညီမှု မရခဲ့ပါဘူး။ သမဂ္ဂအဖွဲ့ဝင် ကား အလုပ်သမားတွေရဲ့ လစာ လျော့ချရေး ရီပက်ဘလစ်ကန် လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အပါအဝင် ဒီမိုကရက်တစ်နဲ့ ရီပက်ဘလစ်ကန်ပါတီ ဥပဒေပြု လွှတ်တော် အမတ်တွေကြားက ကွဲပြားမှုတွေအပေါ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ ထောက်ပံ့ရေး အစီအစဉ်ကို နောက်နှစ်အထိ ရွေ့ဆိုင်းထားဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Deborah Tate သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံက ကားကုမ္ပဏီကြီး ၃ ခု ဖြစ်ကြတဲ့ General Motors၊ Chrysler နဲ့ Ford ကုမ္ပဏီတွေကို ဒေါ်လာ ၁၄ ဘီလီယံ ထောက်ပံ့ပေးမယ့် အဆိုပြုချက် မူကြမ်းကို ဆီးနိတ်လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းအရ ရှေ့တိုးနိုင်ဖို့ ထောက်ခံမဲ ၅၂ မဲနဲ့ ကန့်ကွက်မဲ ၃၅ မဲပဲ ရခဲ့ပါတယ်။ ဒီ ဥပဒေမူကြမ်း ရှေ့တဆင့် တက်နိုင်ရေး အတွက် လိုအပ်တဲ့ မဲ အရေအတွက် ၆၀ ရဖို့ ၈ မဲ လိုနေခဲ့ပါတယ်။

နှစ်ဖက် မျှတရေး ရီပက်ဘလစ်ကန်ပါတီ က ဦးဆောင် အဆိုပြုခဲ့ပေမယ့်လည်း နှစ်ဖက် သဘောတူညီမှု မရနိုင်တာကြောင့် ကြာသပတေးနေ့ ညမှာ အဲဒီ မူကြမ်းကို မဲခွဲ ဆုံးဖြတ်ပြီးကြတဲ့အချိန်မှာတော့ အာရှက စတော့ အစုရှယ်ယာဈေးတွေ ချက်ချင်း ထိုးကျသွားခဲ့ပါတယ်။

နိုင်ငံခြား ကားကုမ္ပဏီတွေ နည်းတူ အမေရိကန် ကားကုမ္ပဏီတွေက အလုပ်သမားတွေရဲ့ လစာတွေ တန်းတူ ဖြစ်လာအောင် လျော့ချပေးဖို့ ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်တွေက တောင်းဆိုခဲ့တဲ့ အချက်က ဒီ အဆိုပြုချက်မူကြမ်း ပျက်ပြားစေခဲ့တဲ့ အဓိက အဟန့်အတား ဖြစ်တယ်လို့ ဒီကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တဲ့ ကွန်နက်တစ်ကက် (Connecticut) ပြည်နယ် အထက်လွှတ်တော်အမတ် ခရစ် ဒေါ့ (Chris Dodd) က ပြောပါတယ်။

ဒီဥပဒေမူကြမ်းအပေါ် သဘောတူညီချက်ရရှိဖို့ ဆွေးနွေး ညှိနှိုင်းခဲ့တာတွေ ပျက်ပြားခဲ့တာဟာ စိတ်ပျက်စရာ ကောင်းတယ်လို့ သမ္မတဘုရှ်အစိုးရ က ပြောဆိုလိုက်ပြီး တခြား ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ ဆီးနိတ် အထက်လွှတ်တော်ဥက္ကဌ ဟယ်ရီ ရိဒ် (Harry Reid) ကလည်း စိတ်ပျက်မိတဲ့အကြောင်း အခုလို ပြောပါတယ်။

“ခရစ္စမတ်ကလည်း နီးလာနေပြီ၊ အထက်လွှတ်တော်မှာ ဒီကနေ့ ဖြစ်ပျက်ခဲ့တာတွေကြောင့် လူတော်တော်များများ အတွက်တော့ အတော်လေး စိတ်မချမ်းသာစရာကောင်းတဲ့ ခရစ္စမတ်ဖြစ်မှာပဲ။”

ဒီ ကားကုမ္ပဏီကြီး ၃ ခုထဲက တခုခု ဒေဝါလီ ခံလိုက်ရရင် သန်းနဲ့ချီတဲ့သူတွေ အလုပ်ပြုတ်နိုင်တယ်လို့ ဒီမိုကရစ်တစ်ပါတီ ဘက်က အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့တဲ့ကြားကပဲ သဘောတူညီမှုရရှိဖို့ ပျက်ပြားခဲ့တာပါ။ အဲဒီလို သတိပေးချက်အပေါ် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဒေနာ ပရီနိုး (Dana Perino) ကလည်း ထပ်ဆင့် ပြောဆိုပါတယ်။

“တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက အရမ်းကို အားလျော့နေလွန်းတော့ နောက်ထပ် လူတွေ သန်းနဲ့ချီ အလုပ်ပြုတ်ကြမှာကို လက်ရှိစီးပွားရေးက ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။”

ဒါပေမယ့် အောက်လွှတ်တော် က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်း ဟာ ချဉ်းကပ်မှု မှားနေတဲ့အကြောင်း ရီပက်ဘလစ်ကန် အများစု က ပြောဆိုနေကြပါတယ်။ ရစ်ချက် ရှယ်လ်ဘီ (Richard Shelby) ဟာ အယ်လာဘားမား (Alabama) ပြည်နယ်က အထက်လွှတ်တော်အမတ် တဦးပါ။

“ဒီကုမ္ပဏီတွေက ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင်တော့ သူတို့ ဆက် အသက်ရှင်ဖို့ ကျနော်တို့ လုပ်ပေးနေတာတွေ ဟာ အလဟဿ ဖြစ်နေမှာပဲ။”

အခုတော့ ဘဏ္ဍာရေး အဆောက်အဦးတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေး အစီအစဉ်မှာ အသုံးပြုဖို့ အတည်ပြုခဲ့တဲ့ ဒေါ်လာ ဘီလီယံ ၇၀၀ ထဲက ဖဲ့ပြီး ဒီကားကုမ္ပဏီတွေကို ကူညီဖို့ လွှတ်တော်အမတ်တွေ က သမ္မတဘုရှ်အစိုးရ ကို တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် အဲဒီလို ကူညီဖို့အတွက် သမ္မတဘုရှ်အစိုးရ က အစောပိုင်းကတည်းက ကန့်ကွက်ထားပြီးသားပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG