သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး


ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကြီး
စောဘိုမြရဲ့ သားအငယ်ဖြစ်တဲ့ ကေအန်အယ်လ်အေ ကရင်အမျိုးသား လွတ်မြောက်
ရေး တပ်မတော်က ဗိုလ်ကြီးအဆင့် စောနေစိုးမြခေါ် ဗိုလ်ကြီးတေးလေးဟာ မြန်မာ
စစ်အစိုးရနဲ့ ဆွေးနွေးစကားပြောဖို့ နေပြည်တော်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးတေးလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ စစ်အစိုးရနဲ့ သွားရောက်တွေ့ဆုံတာလဲ၊
ဒီအပေါ် ကေအန်ယူဘက်ကရော ဘယ်လိုသဘောထားရှိလဲဆိုတာနဲ့ ပတ်သက်ပြီး
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ကေအန်ယူ တွဲဖက်
အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခု နေပြည်တော်ကိုသွားရောက်ခဲ့တယ်လို့ပြောတဲ့ ဗိုလ်ကြီးတေးလေးရဲ့ လက်ရှိ
တာဝန်ကို ပြောပြပေးပါ။

"အခုလက်ရှိတာဝန်ကတော့ တပ်ခွဲမှူးပဲ။ တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့။ ကေအန်
အယ်လ်အေတပ်ရင်း ၂၀၂ ရဲ့ တပ်ခွဲ ၃ က။ ဟိုတုန်းက သူ့အစ်ကိုက အဲဒီမှာ
တပ်ရင်းမှူးပဲ။"

အခုသွားရောက်မှုဟာ ကရင်အမျိုးသား အစည်းအရုံးရဲ့ စေလွှတ်မှုနဲ့ သွားရောက်တာ
ပါလား။

"သွားတာကတော့ သူ့သဘောနဲ့သူ သွားတာပါ။ ကျနော်တို့ ကေအန်ယူက ခွင့်ပြုချက်
မရှိဘူး၊ ခွင့်ပြုစရာအကြောင်းလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့ကိစ္စက
ကျနော်တို့ ပထမကြားတာ သူ့မိသားစုအတွင်း သူတို့ လင်ခန်းမယားခန်းမှာ စကား
များကြရာက အမျိုးသမီးထွက်သွားတဲ့နောက်ကို သူလိုက်တယ်ပေါ့။ အဲဒီအနေအထားပဲ
ကျနော်တို့က သိတယ်။ နောက်တော့မှ ၁၁ ရက်နေ့က ဘန်ကောက်သံရုံးထဲကို
ဗိုလ်ချုပ်မြရဲ့ သားတယောက်က ဝင်သွားတယ်ဆိုတဲ့သတင်းရမှ ကျနော်တို့လည်း
ပြန်သိရတာ။

"နောက်ဆုံးတော့ ဒါက အမြတ်ထုတ်တယ်လို့ပဲ ကျနော်တို့က တွက်တာပေါ့။ ဘာပဲ
ဖြစ်ဖြစ် ဗိုလ်ချုပ်မြလို အစဉ်အလာကြီးမားတဲ့ ခေါင်းဆောင်ကြီးတယောက်ရဲ့သား၊
တပ်ခွဲမှူးတယောက်လည်း ဖြစ်တယ်ဆိုတဲ့အခါကြတော့ အဲလိုအနေအထားမျိုးမှာ
သူတို့က ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ စိတ်ဝမ်းကွဲမှု ရှိသယောင်ယောင် သူတို့
ခွဲထုတ်တဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားချင်လို့ ခေါ်သွားတယ်လို့ ကျနော်တို့က အဲဒီလိုပဲ
သတ်မှတ်ပါတယ်။

"အဖွဲ့အစည်းအရတော့ ဒီမှာ ပျော့တဲ့လူတွေ၊ ယိုင်တဲ့လူတွေ၊ မခိုင်တဲ့လူတွေနဲ့ သူတို့က
ရှာနေတာပေါ့။ မာတဲ့လူတွေတောင်မှ သူတို့က ဆွယ်နေသေးတာပဲဆိုတော့။"

ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အရင်တုန်းကလည်း တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့တယ်ဆိုတော့ အခုရော တွေ့ဆုံဆွေးနွေးဖို့ အလားအလာတွေ ရှိပါသလား။

"တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ကတော့ အဓိကက နအဖဘက်ပါပဲ။ တိုင်းပြည်
အာဏာကို အတင်းအကျပ် သိမ်းပိုက်ပြီး ဆုပ်ကိုင်ထားတဲ့လူက ဆန္ဒရှိတယ်၊ ပြေလည်
ချင်တယ်၊ အမျိုးသားရေးအရ ညီညွတ်ချင်တယ်ဆိုရင်တော့ သူတို့ကပဲ ဖွင့်လာရမှာ
ပေါ့။ ကျနော်တို့ဘက်ကတော့ အမြဲတမ်းပဲ တံခါးဖွင့်ထားတယ်၊ ကမ်းလှမ်းထားတာပဲ။

"တရားမျှတတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းမယ်၊ အမျိုးသားရေးပြဿနာကို
တကယ်ပဲ မှန်မှန်ကန်ကန် ရှာဖွေကြမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တခါမှလည်း တံခါးပိတ်မထားပါဘူး၊ ဘူးခံပြီးတော့လည်း မငြင်းပါ
ဘူး။ သို့သော်လည်း လက်ခုပ်က နှစ်ဖက်တီးမှပဲ မြည်မယ့်ကိစ္စဖြစ်တဲ့အတွက် တဖက်ရဲ့
အပေါ်မှာပဲ မူတည်ပါတယ်။"

အခုလို အဖွဲ့အစည်းရဲ့ သဘောတူညီချက်မရဘဲ မိမိသဘောနဲ့ သွားရောက်ခဲ့တာနဲ့
ပတ်သက်ပြီး သူပြန်လာမယ်ဆိုရင်ရော ဘယ်လိုများ ဆုံးဖြတ်မလဲ။

"သူပြန်လာမယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အုပ်ချုပ်မှုအောက်၊
ခေါင်းဆောင်မှုအောက်မှာ ရှိတဲ့ လူတယောက်အနေနဲ့ ကျနော်တို့က သူ့ကိုခေါ်ယူပြီး
မေးမြန်းရမှာပေါ့၊ ဘယ်အကြောင်းကြောင့်ဆိုတာ။ အဲဒီအပေါ်မှာ ကျနော်တို့က
ကေအန်ယူရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ တပ်မတော်ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊
ထုံးတမ်းအစဉ်အလာတွေအရ သူက အမှုတခုကို ကျူးလွန်တဲ့ အနေအထားပေါ်မှာ
ဆိုရင် အဲဒီဥပဒေအတိုင်း သူ့အနေနဲ့ အရေးယူဆောင်ရွက်မှု တခုခုတော့ ခံရမှာပေါ့။"

မြန်မာစစ်အစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကြားမှာ လွန်ခဲ့တဲ့
၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကစပြီး ဆက်ဆံရေးကိုယ်စားလှယ်တွေကတဆင့်
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။ စစ်အစိုးရဘက်ကလည်း ဗိုလ်ချုပ်ကြီး
စောဘိုမြ မကွယ်လွန်ခင် အချိန်ကစပြီး စစ်ဖက်ရေးရာအရာရှိ ဗိုလ်မှူးကြီးမြတ်ထွန်းဦး
ကို စေလွှတ်ပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရယူပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့
အတွက် ကြိုးစားခဲ့ပါသေးတယ်။

နောက်ပိုင်းမှာ ကေအန်ယူ တပ်မဟာ ၇ သာ စစ်အစိုးရနဲ့ ပူးပေါင်းသွားခဲ့ပြီး တပ်မဟာ
၇ ရဲ့ တပ်မှူး၊ တပ်သားတွေကြားမှာ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံး ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်တဲ့အချိန်မှာလည်း စစ်အစိုးရဘက်က
ဗိုလ်မှူးကြီးမြတ်ထွန်းဦးကို စေလွှတ်ခဲ့ပါသေးတယ်။

ကေအန်ယူဘက်ကတော့ ဒါကို တရားဝင်လမ်းကြောင်းတွေဘက်ကနေ တွေ့ဆုံ
ဆွေးနွေးချင်တာမဟုတ်ဘဲ နောက်ဖေးဘက်ကနေ ရယူနေတဲ့ နားလည်မှုတွေသာ
ဖြစ်ကြောင်း ဒီကနေ့မှာ ဆက်ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG