သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို


မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေအတွင်းမှာ တရားမျှတမှုမရှိတဲ့ စီရင်ချက်တွေနဲ့
ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၁၀၀ ကျော်ရှိနေ
တယ်ဆိုတဲ့ အကြောင်းနဲ့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလသမဂ္ဂက ဖိအားပေးဖို့
အတွက် ကနေဒါကိုရောက်နေကြတဲ့ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ ၈ ဖွဲ့က ဦးဆောင်ပြီး
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို စာပေးပို့ခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးအတွက် မူဝါဒရေးရာ အထူး
ကိုယ်စားလှယ်အဖြစ် မိုက်ကယ် ဂရင်း (Michael Green) ကို ထားရှိသလိုမျိုး၊ အီးယူ
ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero
Fassino) ကို ထားရှိသလိုမျိုး ကနေဒါနိုင်ငံကလည်း မြန်မာ့အရေးအတွက် အထူး
ကိုယ်စားလှယ်တယောက် ထားရှိပေးဖို့ အဲဒီအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့ထဲက ကိုကျော်ဇောဝေကို မသင်းသီရိ ဆက်သွယ်
မေးမြန်းရာမှာ ကိုကျော်ဇောဝေက သူတို့လှုပ်ရှားမှုအကြောင်း အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တော်တော်များများနဲ့ ပူးတွဲပြီး
လုပ်တာပါ။ ကနေဒါမှာရှိတဲ့ တိုရွန်တို၊ အော့တဝါ၊ အက်ဒ်မင်တန်ဆိုတဲ့ မြို့ကြီးတွေမှာ
ရှိတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ နောက် လူမျိုးစုအဖွဲ့အစည်း Karen
Canadian Community၊ ကနေဒါနိုင်ငံရေးကဆိုရင် ကနေဒါပါလီမန် လွှတ်တော်
အမတ်တွေက ဖွဲ့ထားတဲ့ မြန်မာပြည်ကူညီမယ့် မိတ်ဆွေအဖွဲ့၊ အဲဒီအဖွဲ့ကဆိုရင်လည်း
လွှတ်တော်အမတ်ပေါင်း ၄၀ ကျော် ပါတယ်။ အဲဒီလိုပေါင်းပြီးတော့ ကျနော်တို့
ကျယ်ကျယ်ပြန့်ပြန့် တတိုင်းပြည်လုံးအတိုင်းအတာ ဗမာမိသားစုတွေ အကုန်လုံးကို
ပူးတွဲပြီးတော့ စာရေးသားတောင်းဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့က အဲဒီလို အထူး
ကိုယ်စားလှယ်တယောက် ခန့်ပြီးလုပ်ရင် ပိုပြီးထိရောက်မယ်လို့ မြင်လို့ အဲလိုတောင်းဆို
တာ ဖြစ်ပါတယ်။"

ကိုကျော်ဇောဝေတို့ တောင်းဆိုသလိုမျိုး ကနေဒါအစိုးရဘက်ကရော လိုက်လျောလာ
နိုင်ပါ့မလား။

"ဟုတ်ကဲ့၊ ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်။ အခု ဒီမှာရှိတဲ့ လွှတ်တော်အမတ်တွေ
နဲ့လည်း စကားပြောကြည့်တယ်၊ ကျနော်တို့နဲ့ တွဲလုပ်နေတဲ့လူတွေ၊ လွှတ်တော်အမတ်
ပေါင်း ၁၀ ယောက်ကျော်ကျော်လောက်ကို ပြောကြည့်ဖူးတယ်။ သူတို့တွေကလည်း
ထောက်ခံတယ်။ အခုအချိန်မှာတော့ ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။

"ဒါပေမယ့် ကနေဒါနိုင်ငံမှာလည်း အခုလောလောဆယ် ပါလီမန်က ခရစ္စမတ်အတွက်
နားနေတယ်။ ဇန်နဝါရီလကုန်မှ ပါလီမန် ပြန်စမယ်။ အဲဒီအချိန်မှာ သူတို့ စီးပွားရေး
ကိစ္စကို ဦးတည်ပြီးလုပ်မယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးကိစ္စကို ထိပ်ဆုံးဦးစား
ပေးအနေနဲ့ လုပ်ဖို့တော့ ပြောထားပါတယ်။ အဲတော့ မျှော်လင့်ချက်တော့ ရှိပါတယ်။"

အခု မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ကိစ္စတွေကို ကနေဒါအစိုးရက ဘယ်လောက်အထိ
စိတ်ဝင်စားတာရှိလဲ၊ မြန်မာ့အရေး ပြောင်းလဲလာဖို့အတွက်ရော ကနေဒါအစိုးရက
ဘယ်လိုအကူအညီပေးနေတာတွေ ရှိပါသလဲ။

"လက်ရှိအစိုးရအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး
တက်တက်ကြွကြွ လုပ်ပါတယ်။ ဥပမာ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး
ရောက်လာတယ်။ ဒီက ဝန်ကြီးတွေနဲ့ တွေ့တယ်၊ ပါလီမန်အမတ်တွေနဲ့ တွေ့တယ်။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်တဲ့ အထိမ်း
အမှတ် ပြီးတဲ့အချိန်မှာ ဒီက ဝန်ကြီးချုပ်ကိုယ်တိုင် ဒေါက်တာစိန်ဝင်းနဲ့တွေ့တယ်။
အဲလိုမျိုး သူတို့လုပ်လို့ရတာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတယ်။

"ပြီးတော့ ကနေဒါအစိုးရချထားတဲ့ စီးပွားရေးပိတ်ဆို့မှုကလည်း သူတို့အဆိုအရဆိုရင်
ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးပေါ့။ အီးယူ ဥရောပသမဂ္ဂတို့ အမေရိကန်အစိုးရတို့ ချတာ
ထက် ပိုပြီးတော့ တင်းမာတဲ့ စီးပွားရေးပိတ်ဆို့မှုလို့ သူတို့ပြောတယ်။ ဒါပေမယ့် စီးပွား
ရေးအရ ကနေဒါနိုင်ငံနဲ့ မြန်မာနိုင်ငံလုပ်တာ သိပ်မရှိတော့ တိုက်ရိုက်ထိရောက်မှု
တော့ ဒီလောက်ကြီးရှိမယ်လို့ မထင်ဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီး
တက်တက်ကြွကြွလုပ်ပါတယ်။"

ကနေဒါအစိုးရက မြန်မာ့အရေးအတွက် အထူးကိုယ်စားလှယ်တယောက် ခန့်အပ်
ထားရှိဖို့ လှုပ်ရှားမှုတခု ကနေဒါမှာ ပြုလုပ်နေတဲ့အကြောင်းနဲ့ ပတ်သက်လို့
ကိုကျော်ဇောေ၀ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG