သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း မြန်မာပြည်သူတွေကို ရိုက်ခတ်


ကမ္ဘာတဝန်းမှာ စီးပွားရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ နဂိုကတည်းက
မှ စီးပွားရေး ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး ပြဿနာတွေနဲ့
ရင်ဆိုင်နေကြရတာပါ။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ ဝင်ငွေနိမ့်ကျတဲ့
အခြေအနေမျိုးတွေ ရှိနေရတဲ့ အခြေအနေမှာ အခုလို ကမ္ဘာနဲ့အဝန်း စီးပွားရေး
ကျဆင်းမှုတွေနဲ့ ကြုံနေရလို့ မြန်မာနိုင်ငံသားတွေကြား ညည်းညူသံတွေကိုလည်း
ကြားနေရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြားမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမျိုးမှာ အခြေ
အနေတွေက ပိုလို့ဆိုးနေတယ်လို့ ပြောဆိုနေကြတာပါ။ အလုပ်အကိုင် အခွင့်အလမ်း
နည်းပါးတာ၊ စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခွင့်မရှိတာ
စတဲ့ အခြေအနေတွေအောက်မှာ မြန်မာနိုင်ငံသားတွေ ခြိုးခြံချွေတာရင်းနဲ့ နိစ္စဓူ၀ ဘဝ
တွေကို ဖြတ်သန်းနေကြရတာပါ။ ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …

"ကျပ်တည်းတယ်ဆိုတာ အခု ကျနော်တို့ဆီက ထွက်ကုန်တွေကအစ ဈေးတွေ တအား
ကျနေတယ်။ ဥပမာ နိုင်ငံခြားကိုတင်ရတဲ့ ငါးဆိုရင် ဈေးတွေကျနေလို့ ကန်သမားတွေ
အဆင်မပြေဘူး။ ကန်သမားတွေ အဆင်မပြေတော့ သူတို့ကို မှီခိုနေရတဲ့ ကျန်တဲ့
မိသားစုတွေ အကုန်လုံးလည်း အဆင်မပြေတော့ဘူး။ အဲလိုတွေပေါ့၊ ကျနော်တို့ကြုံရတဲ့
အပိုင်းမှာတော့။

"ဈေးကျတယ်ဆိုပေမယ့်လည်း ကျနော်တို့မှာ ဝယ်စားနိုင်တဲ့အင်အား မရှိဘူး။ ခြိုးခြံရ
တာလည်း အကုန်ပဲ။ ဒီမှာက အကုန်လုံးက ရှားပါးနေတာလေ။ နေရာတကာ အကုန်ပဲ။
စားတာသောက်တာလည်း အရင်တုန်းက တထောင်လောက်နဲ့စားရင် အခု ခုနှစ်ရာ
လောက်နဲ့ ဖြစ်အောင်စားရတယ်။ ဝင်ငွေက တအားနည်းတဲ့အခါကြတော့ ဒီပိုက်ဆံနဲ့
ချိန်ပြီးတော့သုံးရတာပေါ့။ ဘာပဲပြောပြော အဆင်မပြေတာတော့ အမှန်ပဲ။"

ဒီလို ညည်းညူနေကြပေမယ့်လည်း မြန်မာစစ်အစိုးရ သတင်းစာထဲမှာတော့ ကမ္ဘာ့
စီးပွားရေး အကျပ်အတည်းက မြန်မာနိုင်ငံကို ထိခိုက်မှုမရှိဘူး၊ အခြေအနေတွေဟာ
တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်ဆိုပြီး ဖော်ပြနေပါတယ်။ အမေရိကန်နိုင်ငံက စလိုက်
တဲ့ ဘဏ္ဍာရေးပြဿနာတွေဟာ ကမ္ဘာတဝန်းကို ရိုက်ခတ်ခဲ့လို့ ပြဿနာတွေနဲ့ ကြုံနေ
ရပေမယ့် မြန်မာနိုင်ငံကတော့ အပြုံးမပျက်ပါဘဲဆိုပြီး အခန်းဆက်ဆောင်းပါးတွေနဲ့
ဖော်ပြနေတာပါ။ မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေတွေဟာ တကယ်ပဲ တည်ငြိမ်မှု
တွေ ရှိနေပါသလား၊ နောက်ထပ် ရန်ကုန်မြို့ခံတယောက် ပြောပြတာကတော့ …

"ပြည်တွင်းမှာတော့ အလုပ်က သိပ်မဖြစ်ဘူး။ အလုပ်တွေက လူလျှော့တာတို့၊
ထပ်မခေါ်တာတို့ ရှိတဲ့အခါကြတော့ ဘယ်လိုလုပ် စီးပွားရေးက ကောင်းတယ်လို့ ဆိုလို့
ရမလဲ။ ဘွဲ့ရပြီးတောင်မှ အခွင့်အရေးက အရမ်းနည်းနေတယ်၊ အလုပ်တခုရဖို့ကို။
အခြေအနေကတော့ အခုဟာက ရှိတဲ့ဟာလေးနဲ့ ဆက်နေတဲ့သဘောပဲ။ ဘယ်အချိန်
ပေါက်ကွဲထွက်လာမလဲဆိုတာ မသိနိုင်တဲ့အခြေအနေမှာ ရောက်နေတယ်။

"အခုလက်ရှိအခြေအနေကို အကုန်လုံးက စိတ်ညစ်နေတဲ့သဘောမှာ ရှိတယ်။ အခုချိန်
ကစပြီး နည်းနည်းသိသာလာပြီ။ တဖြည်ဖြည်းနဲ့ ပိုဆိုးသွားမယ့် အခြေအနေတော့
ရှိတယ်။ တချို့ ဒီစီးပွားရေးဂယက်နဲ့ မထိခိုက်တဲ့လူတွေတော့ ရှိကောင်းရှိမယ်၊
ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့။

"အခုဟာ ခရီးသွားဖို့တောင် လူတွေက အရေးကြီးတဲ့ကိစ္စလောက်ပဲ ထွက်တော့တယ်။
အတတ်နိုင်ဆုံး လျှော့ချထားတဲ့သဘော ရှိတယ်။ အရောင်းအဝယ်တွေကတော့
ပါးတာပေါ့။ လူတွေက စားသောက်ဆိုင်တွေ ဘာတွေ သိပ်မလာတော့ဘူး။"

ဒီလိုပဲ အစိုးရရဲ့ သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ တည်တည်
ငြိမ်ငြိမ်ပါပဲလို့ ရေးသားနေသလို ဒီကနေ့လည်း ဆက်လက်ဖော်ပြရာမှာ ပြီးခဲ့တဲ့ မေလ
ထဲတုန်းက နာဂစ်ဆိုင်ကလုန်းဘေးဒဏ် ခံခဲ့ရတာကိုတောင် ပြည်တွင်းအားနဲ့ စုပေါင်း
ဖြေရှင်းလို့ ပြေလည်သွားရပါတယ်ဆိုပြီး ပြောခဲ့တာပါ။ လေမုန်တိုင်းဒဏ် အဆိုးရွားဆုံး
ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတွေ
ပြောကြတာကတော့ ဒီလိုမဟုတ်ပါဘူး။

"စီးပွားရေးက အကုန်ထိတာပေါ့။ ကျနော်တို့မြို့ပေါ်မှာလုပ်တဲ့ အလုပ်တွေအားလုံး
လည်း ထမင်းစားရရုံလောက်ကို တော်တော်ကြိုးစားနေရတယ်။ အလုပ်အကိုင် အခွင့်
အလမ်းတွေလည်း ဘာမှမရှိပါဘူး။ တကယ့်လယ်သမား၊ တကယ့်ရေလုပ်သားတချို့
ဒီအတိုင်းပဲ၊ သူတို့ဆီမှာ မြို့ပေါ်တက်ဖို့ လမ်းစရိတ်မရှိတဲ့လူတွေက ဘာပိုက် ဘာလှေမှ
ရမှာမဟုတ်ဘူး။ တော်တော်နည်းပါးပါတယ်၊ ကျနော်တို့ဆီမှာ။

"လူတယောက်က လက်ဖက်ရည်ဆိုင်ဖွင့်ရင် အကုန် လက်ဖက်ရည်ဆိုင်၊ ကွမ်းဆိုင်
ထွက်မယ်ဆိုရင် အကုန် ကွမ်းဆိုင်။ အဲလိုပေါ့။ အလုပ်အကိုင် အခွင့်အလမ်းနည်းတော့
အကုန်စုပြုံနေကြတယ်။ လူတယောက် ကောက်ညှင်းပေါင်းရောင်းရင် အကုန်
ကောက်ညှင်းပေါင်း။ သီးခြား အခွင့်အလမ်းတွေ မရှိဘူးလေ။ မရှိတော့ လူတွေက
အလုပ်တခုထဲမှာ ပြုံပြီးတော့ လုပ်ကြရတာပေါ့။

"ကျနော်တို့ နာဂစ်ဒေသမှာ အခုနောက်ပိုင်းဆိုရင် သားငါးရှာတာကအစ တော်တော်
အခက်အခဲတွေ့တယ်။ ဆန်စပါးဖြစ်ထွန်းမှုကလည်း အားလုံးပေါင်းရင် လယ်ဧက ၄၀%
လောက်ပဲ စိုက်နိုင်တယ်။ အဲဒီထဲမှာမှ ပါးပါးလျားလျားပဲ ဖြစ်ထွန်းတယ်။ နဂိုက
လယ်တကွက်ကို ၇၀၊ ၈၀ ထွက်တဲ့ နေရာတွေမှာ အခု ရိပ်ပြီးစ လယ်တကွက်မှာ စပါး
၃၀၊ ၃၅၊ ၄၀ အဲဒီလောက်ပဲရတယ်။ ရတဲ့အထဲမှာတောင် ဆန်မအောင်တဲ့စပါးတွေ
တွေ့ရတယ်။ အများကြီးပေါ့။ မျိုးစပါးဖိုးကြေရုံပဲ။ အလုပ်သမားခ ရှုံးတာပေါ့။ ဟန်ချက်
ညီညီ မဖွံ့ဖြိုးပါဘူး။"

တကယ်တော့ မြန်မာစစ်အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်လို့
အချက်အလက်တွေ၊ သတင်းတွေ ထုတ်ပြန်ရာမှာ အားနည်းချက်တွေ ရှိလေ့ရှိပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ ပတ်သက်လို့ ဆိုရင်လည်းပဲ ၁၀%
ကျော်အထိရှိတယ်လို့ ထုတ်ပြန်ပြောဆိုလေ့ ရှိပေမယ့်လည်း တကယ့်လက်တွေ့မှာ
တော့ ဒီထက်အများကြီး လျော့နည်းစရာရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လို
အဖွဲ့အစည်းတွေက ပြောဆိုထားတာပါ။ အခုနောက်ဆုံး ADB ရဲ့ ၂၀၀၈ ခုနှစ် စီးပွား
ရေးခန့်မှန်းချက် အရဆိုရင်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုနဲ့ ပတ်သက်လို့
စိုးရိမ်စရာ အခြေအနေတွေ ရှိနေဦးမယ်ဆိုပြီး ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG