သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပနဲ့ အာရှ စီးပွားရေး အလားအလာ ထိုးကျဆဲ


အာရှက စတော့ရှယ်ယာ ဈေးကွက်တွေမှာ သောကြာနေ့က အတက်ရောအကျရော ဖြစ်ပေါ်ခဲ့ပြီး ဥရောပဘက်က စတော့ ဈေးကွက်တွေက ဈေးတွေ ကျဆင်းခဲ့ပါတယ်။ ရေနံစိမ်း ဈေးက ၅ နှစ်အတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး ဒီလို ရေနံစိမ်း ဈေး အလားအလာမကောင်းတာကြောင့်လည်း ရှယ်ယာဈေးကွက်တွေ ပိုပြီး ကျကုန်ကြပါတယ်။ ဒီကမ္ဘာ့စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လန်ဒန်က ဗွီအိုအေ သတင်းထောက် တွမ်ရေးဗားစ် (Tom Rivers) သတင်းပေးပို့ ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

စွမ်းအင်အစုရှယ်ယာ ဈေးတွေကျဆင်းလို့ ရင်းနှီးမြှုပ်နှံသူတွေ ထိတ်လန့်ပြီး ဥရောပ အစုရှယ်ယာဈေးတွေ ပျမ်းမျှအားဖြင့် ကျဆင်းသွားပြန်ပါတယ်။ အစောပိုင်းကတော့ အာရှက ဗဟိုဘဏ်က သူ့ရဲ့ ပင်မအတိုးနှုန်းကို ဝ.၁ % လျော့ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လာမယ့် ၂၀၁၀ အထိ စီးပွားရေးဖွံ့ဖြိုးမှု လျော့ကျတာကို ရင်ဆိုင်ရမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာက ပို့ကုန်လုပ်ငန်းကို ပြင်းပြင်းထန်ထန် သွားပြီးတော့ ထိခိုက်ခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ နံပါတ်တစ် ကားကုမ္ပဏီ ဖြစ်တဲ့ တိုယိုတာ ဟာ ကုမ္ပဏီ ရဲ့ ပထမဦးဆုံး အရှုံးနဲ့ ရင်ဆိုင်ရမှုကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်လို့ ဂျပန် သတင်းတွေမှာ ပါရှိပါတယ်။

ဂျပန်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ ပြည်ပမှာ ပိုဈေးကြီးလာစေတဲ့အချက် ဖြစ်တဲ့ ဂျပန် ယန်း ငွေကြေးတန်ဖိုး အများကြီး မြင့်တက်လာလို့ တိုယိုတာ ကားအရောင်းဟာ တချိန်ထိုး ကျဆင်းသွားခဲ့ရပါတယ်။ ရှေ့မှာ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ရဦးမယ် ဖြစ်တယ်၊ အခု ကြုံနေရတဲ့ စီးပွားရေး ကျဆင်းမှုကနေ လွတ်မြောက်နိုင်တဲ့ တခုတည်းသော နည်းလမ်းက တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်တဲ့နည်းပဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ ၂၀၀၈ ခုနှစ် နောက်ဆုံးလပတ်အဖြစ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) က ပြောကြားသွားပါတယ်။

“၂၀၀၈ ခုနှစ်မှာ ကျနော်တို့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ကြရတယ် ဆိုတော့ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြရမယ့် နှစ်၊ ကုံလုံကြွယ်ဝတဲ့ အနာဂတ်ကို တည်ဆောက်ရင်းနဲ့ မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းတွေကို တကယ် ကူညီရမယ့်နှစ် ဖြစ်ပါတယ်။ စီးပွားကျ ကာလမှာလည်း အနာဂတ်အတွက် ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နိုင်ငံတွေဟာ အနာဂတ်မှာ ပိုပြီး အားကောင်းကောင်းနဲ့ ပေါ်ထွက်လာကြမှာ ဖြစ်ပါတယ်။”

မစ္စတာ ဘရောင်းကပဲ ဆက်ပြောသွားတာက ဗြိတိန်ရော၊ တခြား နိုင်ငံတွေရောက ဒီကျပ်တည်းတဲ့ စီးပွားရေးကာလကို ကျော်လွှားနိုင်ဖို့ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်ထားပြီးပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းတွေရဲ့ အကျိုးအမြတ်ကို မြင်ရဖို့တော့ အချိန်တခု ပေးရဦးမယ်လို့ ပြောသွားပါတယ်။

“ဟုတ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုရဲ့ ဓါးစားခံ ဖြစ်ရတာ ကျနော်တို့ ကံဆိုးတာပါပဲ။ ဘဏ္ဍာရေး အကျပ်အတည်း ကနေ စီးပွားရေးနဲ့ တခြား အပိုင်းတွေကို ပျံ့နှံ့ထိခိုက်ကုန်တာလည်း ကံမကောင်းပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုဆို အတိုးနှုန်းကိုလည်း လျော့ချပေးပြီးပြီ။ စီးပွားရေး စနစ်ကြီးထဲကို ငွေတွေလည်း သွတ်သွင်းပေးပြီးပြီ။ ဆိုတော့ ကျနော်တို့ အခြေအနေ ကောင်းပါတယ်။ ကျနော်တို့ စီးပွားရေးဟာ အင်အားကောင်းတဲ့ စီးပွားရေးပါ။ ဓါတ်ဆီဈေး ကျတယ်။ စားသောက်ကုန်တွေကလည်း ဈေးကျတယ်။ ဒီတော့ လူအများကြီးရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာတာ လာမယ့်လပိုင်းတွေမှာ ကျနော်တို့ တွေ့မြင်ကြရပါလိမ့်မယ်။”

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း ပြောသွားတာ ဖြစ်ပါတယ်။ လောင်စာဆီဈေးက ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၅၀ လောက်ကနေ ဒေါ်လာ ၄၀ လောက်အထိ ကျဆင်းသွားပေမယ့် ဒီလောင်စာဆီဈေးဟာ အတက်အကျ မြန်တာမိုလို့ သတိထားရမယ့်ကိစ္စပဲ ဖြစ်နေဦးမယ်လို့ မစ္စတာ ဘရောင်းက သတိပေးပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ အဆိုးဆုံးအခြေအနေ ရှေ့မှာ ကြုံရဦးမယ်လို့ ထိပ်တန်းဘဏ်အဖွဲ့အစည်းတခုရဲ့ ခန့်မှန်းမှုကလည်း မှုန်ဝါး နေတဲ့ စီးပွားရေးမြင်ကွင်းတွေကို ပိုပြီးတော့ အရောင် ပြယ်စေသလိုပါပဲ။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၈ ခုနှစ်မှာ ၂ % ဖွံ့ဖြိုးခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ဝ.၄ % ကျုံ့ သွားမယ်လို့ ကမ္ဘာပေါ်က အဓိက ဘဏ်ကြီးတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း ၃၇၅ ခုကို ကိုယ်စားပြုတဲ့ IMF နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ကြီးက ပြောပါတယ်။ အခုအခြေအနေဟာ ခေတ်သစ်စီးပွားရေး သမိုင်းမှာ အပြင်းထန်ဆုံး တကမ္ဘာလုံး တပြိုင်နက် စီးပွားရေး ချွတ်ခြုံကျမှု ဖြစ်တယ်လို့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောပါတယ်။

၁၉၃၀ ခုနှစ် စီးပွားရေး ပျက်ကပ်မှုကြီးနောက်ပိုင်း ကြုံရတဲ့ အဆိုးဆုံး ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တဲ့ အခု စီးပွားရေး အကျပ်အတည်းမှာ အမေရိကန်ပြည်ထောင်စု၊ ယူရို ငွေကြေးသုံးစွဲတဲ့ ဥရောပ ၁၅ နိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအဝင် လက်ရှိ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ကြုံနေရတဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေဟာ ၁.၄ % စီးပွားရေး ကျုံ့ သွားကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG