သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်


Medical Sans Frontiers နယ်ခြားမဲ့ဆရာဝန်များ
အဖွဲ့ကနေ လူမှုကပ်ဘေးကျရောက်နေတဲ့ အဆိုး
ဆုံး ၁၀ နိုင်ငံစာရင်းကို ထုတ်ပြန်တဲ့နေရာမှာ
အဲဒီအထဲ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားပါ
တယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ကျန်းမာရေး
ပြုစုစောင့်ရှောက်မှုတွေကို လျစ်လျူရှုခံနေရပြီး
လူမှုကပ်ဘေးဆိုက်ရောက်တဲ့ အခြေအနေဆိုးကို
ရင်ဆိုင်နေရတယ်လို့ MSF က ပြုစုတဲ့ အစီရင်
ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဘာကြောင့်
အခုလို MSF က ပြောရတာလဲဆိုတာ
ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အခု MSF နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ရဲ့ စာရင်းထဲမှာ ကမ္ဘာပေါ်က လူသားကပ်ဘေး
အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အခြား အာဖရိကနိုင်ငံတွေဖြစ်တဲ့
ဇင်ဘာဘွေ၊ ကွန်ဂို၊ ဆူဒန်၊ အီသီယိုပီးယား နိုင်ငံတွေနဲ့ စစ်မက်ဖြစ်နေတဲ့ အီရတ်နိုင်ငံ
တို့နဲ့အတူ ထည့်သွင်းခံထားရတာပါ။ အဓိကအချက်ကတော့ အခုနှစ်ဆန်းပိုင်း
တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ
ပြည်တွင်းပြည်ပ အကူအညီတွေ ရပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်
တွေ အများအပြား လိုနေတဲ့ကိစ္စကို ထောက်ပြပါတယ်။

ဒါ့အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတာတွေကြောင့်လည်း
အခုလို ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားတာလို့ ဆိုပါတယ်။
နှစ်ဆန်းပိုင်းက မုန်တိုင်းသင့်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူ မြန်မာပြည်သူ
တွေဟာ နိစ္စဓူ၀ အကျပ်အတည်းတွေ အခုအချိန်အထိ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်
မြို့က မြန်မာနိုင်ငံဆိုင်ရာ MSF ဒုတိယ ဌာနေတာဝန်ခံ လုခ် အာရန်းဒ် (Luke Arend)
ပြောပါတယ်။

အခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ကြေကွဲစရာ
အခြေအနေတွေကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်တဲ့လုပ်ငန်းတွေ ဧရာဝတီမြစ်ဝကျွန်း
ပေါ်ဒေသမှာ ဆောင်ရွက်နေပါတယ်။ အဲဒီမှာရှိနေသူတွေ နေ့စဉ်လိုလို သူတို့ဘဝ
အခြေအနေတွေကို ရင်ဆိုင်ဖို့ အားနည်းနေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေက
လည်း နေ့စဉ်တော့ ကူညီနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်း
တွေအတွက်တော့ အထောက်အပံ့၊ အကူအညီတွေ အများကြီးလိုအပ်နေတုန်းပါပဲ။”

မြန်မာနိုင်ငံတွင်း လူသားကပ်ဘေး အကျပ်အတည်း ကြုံနေရတဲ့ကိစ္စဆိုတဲ့နေရာမှာ
မြစ်ဝကျွန်းပေါ်ဒေသတွေမှာတင် မဟုတ်ဘဲ အခြား မြန်မာနိုင်ငံဒေသတွေမှာ ကျန်းမာ
ရေးစောင့်ရှောက်မှု အားနည်းတာကြောင့်လည်း ဖြစ်တယ်လို့ လုခ်က အခုလိုပြောပါ
တယ်။

“MSF အဖွဲ့ရဲ့ စိုးရိမ်ချက်က ဒီ မြစ်ဝကျွန်းပေါ်ဒေသတင် မဟုတ်ဘဲနဲ့ အခြား မြန်မာနိုင်ငံ
နေရာအတော်များများမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ
ရှိနေတာပါ။ HIV/AIDS ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်
အမင်း လိုအပ်နေပါတယ်။ အခြား အသက်အန္တရာယ်ပြုနေတဲ့ ရောဂါတွေကလည်း
ရှိပါတယ်။ ငှက်ဖျားရောဂါ၊ တီဘီ အဆုတ်ရောဂါတွေ ဖြစ်ပါတယ်။”

MSF အဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူး
အလေးပေး ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံတွင်း ရောဂါသည် ၈၀% လောက်ကို
လက်ခံပြုစုပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကိန်းဂဏန်း
အရ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV/AIDS ကြောင့် သေဆုံးသူဟာ ၂၅,၀၀၀
ဝန်းကျင် အနည်းဆုံးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံတွင်း ARV ဆေးပြားရရှိဖို့ အခက်အခဲတွေရှိတာကြောင့် ရောဂါသည်တွေ
ဟာ လာမယ့်နှစ်မှာလည်း အလားတူ အရေအတွက်အတိုင်း သေဆုံးဖို့ရှိတယ်လို့
MSF ကပဲ အခု ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှု
အားနည်းနေတဲ့အပေါ်မှာ လက်ရှိ မြန်မာအစိုးရကိုချည်း ပြောလို့မဖြစ်ဘဲ နိုင်ငံတကာ
အသိုင်းအဝိုင်းအပေါ်မှာလည်း တာဝန်ရှိတယ်လို့ လုခ်က အပြစ်တင်ခဲ့ပါတယ်။

“တကယ်လို့သာ ဒီလူတွေ ARV အသက်ကယ်ဆေး သုံးစွဲနိုင်မယ်ဆိုရင် အသက်ရှင်နေ
ဦးမှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်လို့ ရင်းနှီးဆောင်ရွက်မှုက မရှိ
သလောက်ပါ။ ဒီကိစ္စမှာ အစိုးရကိုချည်း တာဝန်အရှိဆုံးလို့ ပုံချလို့မရပါဘူး။ နိုင်ငံတကာ
အသိုင်းအဝိုင်းမှာလည်း တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံကိုပေးတဲ့ နိုင်ငံတကာက အကူ
အညီ၊ အထောက်အပံ့တွေဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးပါ။ ယေဘုယျအားဖြင့်ဆိုရင်
တဦးကို ၃ ဒေါ်လာပဲ ထောက်ပံ့ပေးတယ်လို့ ဆိုနိုင်ပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေက HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးနေ
တာ နိုင်ငံတကာအလှူရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဟုတ်
ပါဘူး။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်စီမံကိန်းကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ခုနှစ်
တကမ္ဘာလုံးမှာ ARV အသက်ကယ်ဆေးတွေ ရရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။
ဒါက မြန်မာပြည်သူတွေအဖို့တော့ အလှမ်းဝေးနေတုန်းပါ။ ဒီအတွက် ပြည်တွင်းရော
ပြည်ပကပါ လုပ်စရာတွေ အများကြီးပါ။”

အခြားတဖက်မှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံတကာက ကူညီရေးလုပ်သားတွေ
ကြုံနေရတဲ့ ပြဿနာကတော့ မြန်မာနိုင်ငံတွင်း နေရာအချို့ကို လွတ်လွတ်လပ်လပ်
သွားလို့မရတဲ့ ပြဿနာပါ။ MSF ကတော့ သူတို့လုပ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသ
ကယ်ဆယ်ရေးလုပ်ငန်း အတော်များများအတွက် လွတ်လွတ်လပ်လပ် သွားရောက်ခွင့်
အာဏာပိုင်တွေက ခွင့်ပြုပေမယ့် အချို့အဖွဲ့အစည်းမှာတော့ အခြား မြန်မာနိုင်ငံဒေသ
တွေကို သွားရောက်ဖို့ အကန့်အသတ်တွေ ကြုံနေရတယ်လို့ ဝန်ခံထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG