သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ ကူညီနေတဲ့ ဦးဝင်းတင်ကို အာဏာပိုင်တွေ နှောင့်ယှက်


မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချပြီး မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို ပို့ဆောင်
ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ထောင်တွင်းဆိုးရွားတဲ့ အခြေအနေတွေနဲ့
ကြုံနေရလို့ ကန့်ကွက်ဆန္ဒပြတဲ့ အဖြစ်မျိုးတွေအထိ ရှိနေတယ်လို့ နီးစပ်သူတွေ၊
မိသားစုတွေက ပြောပါတယ်။ ဒီလိုအကျဉ်းသားတွေအပြင် ကျန်ရစ်တဲ့မိသားစုတွေမှာ
လည်း အခက်အခဲတွေနဲ့ ကြုံနေရတာကို အားပေးကူညီဖို့ ကြိုးပမ်းသူတွေအနေနဲ့လည်း
အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် နှောင့်ယှက်မှုတွေနဲ့ ကြုံနေရတာပါ။ ကိုယ်တိုင်လည်း
နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဝင်းတင်
ဟာဆိုရင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီးတော့ မိသားစု
နဲ့အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်လိုက်တဲ့နေရာမှာ အခုရောက်သွားတဲ့
ထောင်တွေမှာဆိုရင်လည်း ဖိနှိပ်မှုတွေနဲ့ ကြုံကြရလို့ မကျေမနပ် ကန့်ကွက်တာတွေ
ရှိနေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း ထောင်ဒဏ် ၆၅ နှစ်အထိ ကျခံနေရတဲ့
၈၈ မျိုးဆက်ကျောင်းသားတွေထဲက မွန်ပြည်နယ် မော်လမြိုင်ထောင်ကို အပို့ခံလိုက်ရ
တဲ့ ကိုသက်ဇော်ဟာ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကို မခံနိုင်လို့ အစာငတ်ခံ
ဆန္ဒပြတဲ့အထိ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပြကြပါ
တယ်။ နယ်ထောင်တွေကိုရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ
တွေနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုရဲ့
ဖခင်ဖြစ်သူ ဦးဝင်းမောင် ပြောပြတာကတော့ …

“အခြေအနေဆိုးနေတယ်။ တချို့နေရာတွေမှာ တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေ
တယ်။ မော်လမြိုင်လည်း တော်တော်ဆိုးတယ်ပြောတယ်။ ဘူးသီးတောင်လည်း
ဆိုးတယ်ပြောတယ်။ မော်လမြိုင်ကတော့ အစကတည်းက နိုင်ငံရေးပုဒ်မတွေကို
နှိပ်ကွပ်တဲ့သဘော ရှိတယ်။ အဲဒါကြောင့်မို့လို့လည်း ဆက်ဖြစ်သလားတော့ မသိဘူး၊
နောက်ပိုင်းရောက်လာတဲ့ လူတွေကို။ အဲဒီမှာ ၇ ယောက်ရှိတယ်ပြောတယ်။ တယောက်
ဖြစ်တော့ ကျန်တဲ့ ၆ ယောက်ကလည်း သိပ်မခံချင်ဖြစ်ပြီးတော့ ပြဿနာဖြစ်မှာကို
စိုးရိမ်နေရတယ်။ ကိုသက်ဇော်က ပြောလည်း ပြောတယ်။ ကျန်တဲ့အကျဉ်းသားတွေကို
မညှာမတာ ဆဲတာဆိုတာ ကြိမ်းတာမောင်းတာ လုပ်တယ်လို့ ကြားရတယ်။ ပြီးတော့
အခု နောက်ပိုင်းမှာလည်း လမ်းလျှောက်ခွင့်မပေးတာတို့၊ အပြင်ထွက်ခွင့် မပေးတာတို့၊
အစားအသောက်ညံ့တာတို့။

“အမှန်ကတော့ အဲဒီမှာဖြစ်နေတဲ့ကိစ္စတွေက တချို့ တာဝန်ရှိတဲ့လူတွေက ပျော့ပျောင်း
ငြင်သာစွာ ကိုင်တွယ်တယ်ဆိုရင်တော့ ပြဿနာက သိပ်မဖြစ်ကြဘူးလေ။ မဟုတ်လို့
ကတော့ ပြဿနာဖြစ်တဲ့သဘောလေးတွေပါတယ်။ ကလေးတို့ ဘာတို့လည်း အဲလိုပဲ။
ဟိုအရင်ခေတ်ကဆိုရင် က၊ ခ၊ ဂ ဆိုပြီးထားတယ်။ ဂ အဆင့်ထောင်မှာဆိုရင် နိုင်ငံရေး
ပုဒ်မ လုံးလုံးမရှိဘူး။ အခုတော့ ဂ အဆင့်ရယ် ဘာရယ်မဟုတ်တော့ဘူး၊ အကုန်
ရောမွှေပြီး လုပ်လိုက်တယ်။ အဲလိုလုပ်လိုက်တော့ ထောင်အသေးလေးတွေမှာလည်း
နိုင်ငံရေးသမားတွေ ရောက်ကုန်တယ်။”

ဒီလို နိုင်ငံရေးအကျဉ်းသားတွေ အခက်အခဲတွေ ကြုံနေရသလို ကျန်းမာရေးပြဿနာ
တွေနဲ့လည်း ကြုံနေကြရတာပါ။ နယ်ထောင်တွေသာမက ရန်ကုန်အင်းစိန်ထောင်တွင်း
မှာပါ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အထဲမှာ နာဂစ်လေဘေး အကူအညီ
ပေးတဲ့လုပ်ငန်းတွေ လုပ်ကိုင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ မယဉ်ယဉ်ဝိုင်းဟာဆိုရင်လည်း
အစာအိမ်နဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ရောဂါကြောင့် အခြေအနေဆိုးရွားလို့ ဒီကနေ့
ပဲ ထောင်ဆေးရုံကို ပို့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါ
တယ်။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ အဖက်ဖက်က အခက်အခဲတွေ ကြုံနေရလို့
တတ်အားသရွေ့ အကူအညီပေးဖို့ ကြိုးပမ်းနေသူတယောက်ကတော့ ကိုယ်တိုင်လည်း
နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့
သတင်းစာဆရာကြီး ဦးဝင်းတင်ပါ။

“ဒီလောက် ဝေးဝေးလံလံ ရန်ကုန်မှာနေတဲ့လူက
ပူတာအိုထောင်မှာ သွားကျတဲ့ဆိုတော့ မိသားစုက
ဘယ်လိုလိုက်မလဲ။ ပူတာအိုပို့ခံရတဲ့လူတို့၊ စစ်တွေကို
ပို့ခံရတဲ့လူတို့၊ တော်တော်ကို ဒုက္ခရောက်တယ်။
ကျနော်ဟိုနေ့ကသွားကြည့်တဲ့ ဒေါပုံက မိသားစုတစု
ဆိုရင် အိမ်တွေက စုတ်ပြတ်သတ်နေတာပဲ။ လူတွေ
က အလွန်ကို ဆင်းရဲပြီး အလွန်ဒုက္ခရောက်နေတဲ့
မိသားစုတွေ။ ကျနော်သွားတွေ့တဲ့အခါကြတော့
တခုပဲ ကျနော် ကျေနပ်တာက မိသားစုတွေက
အားတက်တယ်၊ ကျေနပ်တယ်၊ အားရှိတယ်။
ဘာဖြစ်လို့အားရှိလဲဆိုတော့ ကျနော်တို့
အန်န်အယ်လ်ဒီအနေနဲ့၊ အဖွဲ့အစည်းအနေနဲ့ အလုပ်လုပ်တယ်၊ အကျဉ်းသား
တယောက်ကို တလ ၅,၀၀၀ စသည်အားဖြင့် ပေးတယ်။ ကျနော်တို့ ဒါတွေလုပ်နေပါ
တယ်။

“သို့သော် ဘယ်လောက်ပဲလုပ်လုပ် ကျနော်ကြတော့ မနေ့တနေ့ကမှ ထောင်ထဲက
ထွက်လာတဲ့လူ၊ ထောင်အတွေ့အကြုံတွေရှိတဲ့ လူအနေနဲ့ လာပြီးတွေ့တဲ့အခါကြတော့
သူတို့လည်း အားတက်တယ်။ ကျနော်ကလည်း အဖွဲ့အစည်းတခုရဲ့ လုပ်ငန်းအနေနဲ့
လုပ်တာမဟုတ်ဘူး၊ ကျနော့်ခံစားချက်နဲ့ လုပ်တဲ့အခါကြတော့ သူတို့လည်း အားတက်
တယ်ပေါ့ဗျာ။ သူတို့အားတက်တာမြင်တော့ ကျနော်လည်း စိတ်ထဲမှာ အများကြီးဖြစ်
တယ်။ ကျနော့်ထောင်ကြွေးတွေပေါ့။ အရင်တုန်းက ကျနော့်ကို ကူညီစောင့်ရှောက်
ထားခဲ့တဲ့ လူတကာရဲ့ အကြွေးတွေ၊ ကျနော် နည်းနည်း နည်းနည်း ဖဲ့ဆပ်နေရသလို
စိတ်ထဲမှာ ခံစားရတာပေါ့။”

ဒီလို ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေကို တပိုင်တနိုင် အကူအညီပေးဖို့ ကြိုးပမ်းနေ
ပေမယ့်လည်း အာဏာပိုင်တွေရဲ့ နှောင့်ယှက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ မကြာ
သေးခင်က ဒီလိုကြုံခဲ့ရတဲ့ အတွေ့အကြုံတခုကိုလည်း ဦးဝင်းတင်က အခုလို ဆိုပါ
သေးတယ်။

“ကျနော်သွားလေရာ ဘယ်သွားသွား မော်တော်ဆိုင်ကယ် ၂ စီးလောက်ကတော့ အမြဲ
လိုက်နေတာပဲ။ တနေ့တုန်းက ကျနော် မြောက်ဥက္ကလာပသွားတယ်။ ကျနော်သွားတဲ့
နေရာကို အဲဒီနေ့က အားလုံး ၉ စီးလောက် လိုက်လာတယ်။ ကျနော်သွားလေရာ
လိုက်တဲ့အခါကြတော့ သွားတဲ့အိမ်ကလည်း အကျဉ်းသားအိမ်၊ သို့မဟုတ် အကျဉ်းကျခံ
နေရတဲ့လူရဲ့အိမ်၊ အဲဒီအိမ်ရှေ့မှာ မော်တော်ဆိုင်ကယ် ၇ စီး၊ ၈ စီးလောက်နဲ့ ရုန်းရုန်း
ရုန်းရုန်း လုပ်တဲ့အခါကြတော့ အိမ်ရှင်တို့၊ ရပ်ကွက်တို့က ကြောက်တာရှိတာပေါ့ဗျာ။
အဲတော့ ကျနော့်ကိုတောင် မလာစေချင်တဲ့သဘော ဖြစ်ကောင်းဖြစ်မယ်။

“အဲတော့ သူတို့ရဲ့ ဟန့်တားမှုက ကျနော့်အပေါ် တိုက်ရိုက်ဆိုတဲ့သဘောထက် ပတ်ဝန်း
ကျင်ကို ဟန့်တားမှုလုပ်တဲ့အခါကြတော့ ကျနော့်ကိုတောင် လက်ခံချင်တဲ့လူ၊ လက်ခံဝံ့
တဲ့လူ နည်းနည်းလာအောင် လုပ်တာပေါ့ဗျာ။ သို့သော် ကျနော်တွေ့တာက မိသားစု
တွေကလည်း အတော်ကို ဟက်ဟက်ပက်ပက်ပဲ၊ ဘယ်သူကမှ ဂရုမစိုက်ဘူး။ ဘယ်သူ
ကမှ တွန့်ဆုတ်ခြင်းမရှိဘူး။ ကျနော်တို့လာတဲ့အတွက် ဝမ်းသာတယ်၊ အားရှိတယ်။
ကျနော်တို့လာတဲ့အတွက် သူတို့ရဲ့ သားမြေးများအတွက် ပြောစရာစကားရှိတယ်။ သူတို့
တွေ ဝမ်းသာတယ်။ အဲလိုဟာတွေ တွေ့ခဲ့တယ်။ ကျနော်တော့ ကျနော်လုပ်နေတာ
မှန်လည်း မှန်တယ်။ ဆက်လည်း လုပ်ရဦးမှာပဲ။ ကျနော်လုပ်နိုင်သမျှ လုပ်သွားမယ်။”

ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို တတ်အားသရွေ့ အကူအညီပေးဖို့
ကြိုးပမ်းနေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့လကစလို့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး
လူပေါင်း ၂၀၀ ကျော်ကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဒီအထဲက အများစုကိုလည်း
မိသားစုနဲ့အလှမ်းဝေးရာ နယ်ထောင်တွေကို ပြောင်းရေ့ွှခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ခံရတဲ့
အထဲမှာ ဆိုရင်လည်း ရာသီဥတုကြမ်းတမ်းတဲ့ ဒေသတွေ အပါအဝင် နယ်ထောင်တွေ
အများစုဟာဆိုရင် ဆေးရုံဆရာဝန် မရှိတဲ့ အခြေအနေမျိုးတွေ၊ ကျန်းမာရေး
စောင့်ရှောက်မှု မရှိသလောက်ဖြစ်နေတဲ့ အခြေအနေမျိုးတွေရှိနေလို့ ဒီလိုပြောင်းရွှေ့
ခံခဲ့ရသူတွေအတွက် စိုးရိမ်စရာဖြစ်ရတယ် ဆိုပြီးတော့လည်း ပြည်ပမှာ အခြေစိုက်
ထားတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောဆို
ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG