သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ပိုင်းနယ်စပ်ဒေသ ကိုယ်ဝန်ဆောင်များအပေါ် ကျန်းမာရေးစောင့်ရှောက်မှု လစ်ဟင်း


မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု
တွေ၊ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေအပြင် အဲဒီဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု
အလွန်အမင်းအားနည်းတာကြောင့် အမျိုးသမီးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်
မိခင်လောင်းတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရတာကြောင့် အစာ
အာဟာရအားနည်းတာ၊ သွေးအားနည်းတာတွေအပြင် ငှက်ဖျား၊ တီဘီ အစရှိတဲ့
ရောဂါတွေပါ ကူးစက်ခံနေရပြီး ဒါကြောင့် ကိုယ်ဝန်ဆောင်ထိခိုက်မှု၊ သားသေမှုနှုန်း
တွေ အဲဒီဒေသမှာ မြင့်မားနေတယ်လို့ ကျန်းမာရေးအစီရင်ခံစာတစောင်က ဖော်ပြခဲ့ပါ
တယ်။ အမေရိကန်ပြည်ထောင်စုက ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်
ဘလူးဘတ် လူထုကျန်းမာရေးဌာနရဲ့ နည်းပညာဆိုင်ရာ အကူအညီတွေနဲ့ ဒေသခံ
ကျန်းမာရေးဝန်ထမ်းတွေပေါင်းပြီး ဒီအခြေအနေကို စစ်တမ်းယူ ဖော်ထုတ်ခဲ့တာ
ဖြစ်ပါတယ်။ ဒီအစီရင်ခံစာအတွက် ကိုယ်တိုင် ကွင်းဆင်းစစ်တမ်းကောက်ခံသူတဦး
ဖြစ်တဲ့ ကရင်အမျိုးသားကျန်းမာရေးဌာနက အက် ကလူ ရွှေဦးကို ဒီအစီရင်ခံစာ
အတွက် ဘယ်လိုများ စစ်တမ်းတွေ ကောက်ယူနိုင်ခဲ့ပါသလဲဆိုတာ ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

“ကျနော်တို့ ကရင်ကျန်းမာရေးဌာနရယ်၊ Burma Medical Association ရယ်၊ မယ်တော်
ဆေးခန်းရယ်၊ ပြီးတော့ တခြား မြန်မာပြည်အရှေ့ဘက်ခြမ်းက တိုင်းရင်းသားအဖွဲ့တွေ
ရယ် စုပေါင်းပြီး Common Project တခု Mobile Obstetric Maternal Hard Worker
Project လို့ခေါ်တယ်၊ ကျနော်တို့ အဲဒီပရောဂျက်ကိုလုပ်တော့ ပရိုဂရမ်အစမှာ ဆာဗေး
ကောက်ပါတယ်။ ပရိုဂရမ်မစခင်မှာ မိခင်နဲ့ ကလေးတွေရဲ့ ကျန်းမာရေးအဆင့်အတန်း
ဘယ်လိုရှိလဲဆိုတာကို Base Line ဆာဗေးကနေ အချက်အလက်ရပါတယ်။

“ပြီးတော့ သုံးနှစ်ပြည့်တော့မှ ဆာဗေးထပ်ကောက်တဲ့အခါ ပရိုဂရမ်အဆုံးမှာ မိခင်နဲ့
ကလေး ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာ ကျနော်တို့ ထပ်ကောက်တယ်။
၂၀၀၃ နှစ်ဝက်လောက်မှာ Base Line ဆာဗေးကောက်တဲ့အခါမှာ အဲဒီအဖြေကို
ကျနော်တို့ ထုတ်ပြန်လို့ရခဲ့ပါတယ်။ ပရိုဂရမ်အပြီးကြတော့ ဆာဗေးကောက်လို့ရတဲ့
အချက်အလက်တွေကို Analysis, Data Entry တွေ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်နေဆဲပဲ။”

မြန်မာနိုင်ငံ အတွင်းပိုင်းထဲမှာ ကောက်ခံတဲ့ပုံစံကြတော့ ဘယ်လိုများ ကောက်ခံခဲ့ပါ
သလဲ။ အဲဒီမှာလည်း တိုက်ပွဲတွေဖြစ်နေတော့။

“နယ်စပ်တလျှောက်ရယ်၊ အတွင်းပိုင်း အတော်အတန် နက်တဲ့နေရာရယ် အဲဒီမှာ
မိုဘိုင်းဆေးခန်းတွေရှိတယ်။ အဲဒီမိုဘိုင်းဆေးခန်းတွေမှာ နအဖစစ်တပ်တွေရဲ့
ဝင်ရောက်နှောင့်ယှက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်။ အဲဒီအပေါ်မှာ
တည်ငြိမ်မှု မရှိဘဲ အမြဲတမ်း ပြောင်းရွှေ့ရတာပေါ့။ ကျနော်တို့ ဒီပရောဂျက်ပုံစံမျိုး
မလုပ်ဘူးဆိုရင် ကျနော်တို့ Internally Displaced People အတွက်က ဘယ်လိုမှ
ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးက ရမှာမဟုတ်ဘူး၊ ဆုံးရှုံးမှာဖြစ်တယ်။”

IDP တွေရှိနေတဲ့ ဒေသတွေနဲ့ အတွင်းပိုင်းဒေသတွေနဲ့ ပတ်သက်လို့ အဓိက
ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကြတော့ရော ဆရာတို့ပဲလား၊
မြန်မာနိုင်ငံ အစိုးရဘက်က ကျန်းမာရေးဝန်ထမ်းတွေရော လာနိုင်တာ ရှိလား။

“အထူးသဖြင့် ကျနော်က ကရင်မှာ တာဝန်ကျတာကိုး။ ကရင်ဒေသထဲမှာ မိုဘိုင်း
ဆေးခန်းက ၃၂ လုံးလောက်ရှိတယ်။ ကျနော်တို့ Bag Health Help Worker Team
ဆိုရင် ၄၈ လုံးရှိတယ်။ အဲဒီမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အစီအစဉ်မျိုးစုံရှိပါတယ်။
ကရင်အမျိုးသား ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနက အကောင်အထည်ဖော်
လုပ်ဆောင်သလို ကျနော်တို့ BMA တွေနဲ့ လက်တွဲပြီးတော့ လုပ်တာလည်းရှိတယ်။
မယ်တော်ဆေးခန်းနဲ့ လက်တွဲပြီးလုပ်တာလည်း ရှိတယ်။ အဲဒါကတော့ ထိုင်းဘက်က
နေပြီးတော့ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့ပေးတာရှိတယ်။

“အတွင်းထဲမှာတော့ အရင်တုန်းက ICRC ကလုပ်တဲ့ အစီအစဉ်တွေရှိတယ်။ ခြေတု
လက်တုလုပ်တဲ့ အလုပ်ရုံတွေရှိတယ်။ ယူနီဆက်ဖ်ကနေပြီး တချို့နယ်စပ်နားထိကပ်ပြီး
လုပ်တဲ့ အစီအစဉ်တွေလည်းရှိတယ်။ ကျနော်တို့သိတာတော့ အန်ဂျီအိုအဖွဲ့ပဲ၊
ယူနီဆက်ဖ်တို့ ဘာတို့။ အရင်တုန်းက MSF ဆိုရင် ကော့ကရိတ်မြို့နားမှာ Malaria
Program တွေ လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်ပြီး ရုပ်သိမ်းသွားကြ
တယ်။ အဲဒါတွေကိုတော့ ကျနော်တို့ အမြဲတမ်းနားစွင့်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မှု
လုပ်ရမလဲ၊ ဘယ်လို ပြည်သူတွေအတွက် လုပ်ရမှာလဲဆိုတာကို အမြဲတမ်း တံခါးဖွင့်
ထားပါတယ်။”

အခု ဆရာတို့ရေးတဲ့ အစီရင်ခံစာထဲမှာကြည့်တော့ အမျိုးသမီးတွေ မီးဖွားမှု အခြေ
အနေနဲ့ ပတ်သက်လို့ ကလေးမွေးဖွားမှု ၅% လောက်ပဲ ကျွမ်းကျင်တဲ့ သူနာပြုနဲ့
မွေးဖွားနိုင်တယ်။ အမျိုးသမီး ၉၀% နီးပါးလောက်က သူတို့နေအိမ်တွေ၊ သူတို့နေရာ
တွေမှာပဲ မီးဖွားရတယ်။ ဆေးရုံဆေးခန်း မရှိဘူးဆိုတဲ့သဘော တွေ့ရပါတယ်။ အဲတော့
ဒီအချက်တွေ၊ ကိန်းဂဏန်းတွေက ဘယ်လောက်အထိ ခိုင်လုံမှုရှိမယ်၊ ဘယ်လောက်
ပြည့်စုံမှုရှိမယ်လို့ ပြောနိုင်ပါလဲ။

“ဒီဥစ္စာ ဘယ်လောက်ခိုင်လုံသလဲဆိုရင် ခိုင်လုံတယ်လို့ ပြောနိုင်ပါတယ်။ ဆာဗေးကို
စနစ်တကျ ကောက်မယ်ဆိုတာကို နည်းပညာအထောက်အပံ့ကို ဂျွန်ဟော့ပ်ကင်းစ်
တက္ကသိုလ်က အကူအညီယူတယ်။ အဲဒီက နည်းပညာအထောက်အပံ့နဲ့ ဒီက လုပ်သား
အင်အားတွေနဲ့ စုစည်းပြီးတော့ ဒီဆာဗေးကောက်တဲ့ အကောင်အထည် ဖော်ပါတယ်။”

ကရင်အမျိုးသားကျန်းမာရေးဌာနက အက် ကလူ ရွှေဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု အစီရင်ခံစာကို ဒီဇင်ဘာလထုတ် PUBLIC LIBRARY OF SCIENCE နိုင်ငံတကာ
ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာတော့ အခုလို မြန်မာနိုင်ငံ
အရှေ့ဘက်ခြမ်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ အားကောင်းလာဖို့ဆိုရင်
နိုင်ငံရေးအရရော၊ ငွေကြေးအရရော၊ လူသားအရင်းအမြစ်အရပါ အကူအညီ
အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်
ခြမ်း တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရစစ်တပ်က
ကျူးလွန်မှုတွေရှိတာကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ခံနေရပါတယ်။
အခုလို အကြမ်းဖက်မှုတွေကြောင့်လည်း နောက်ဆက်တွဲအားဖြင့် ဒေသခံတွေရဲ့
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အစစအရာရာ နိမ့်ကျလာရတယ်လို့ လူ့အခွင့်အရေး
အဖွဲ့တွေ၊ ကူညီရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG