သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဖမ်းခံထားရတဲ့ မြောက်ကိုရီယား နိုင်ငံသားတွေ အမှုကိစ္စ တောင်ကိုရီယား ရှေ့နေ့များ ကူညီမည်


မြန်မာနိုင်ငံထဲကို တရားမဝင်ပဲ ဖြတ်ကျော်ရောက်လာတဲ့ မြောက်ကိုရီယားနိုင်ငံသား ထွက်ပြေး လာတဲ့ အုပ်စုတစုကို မြန်မာနိုင်ငံမှာ တရားရုံးတင်ဖို့ ပြင်ဆင်နေတာ အပေါ် ဒီလူတွေကို အကူအညီပေးဖို့ တတ်နိုင် သလောက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တောင်ကိုရီယား ရှေ့နေအဖွဲ့တခုက ပြောပါတယ်။ ဒီအုပ်စုထဲမှာ တောင်ကိုရီယားဖက်ကို ခိုလှုံရောက်ရှိနှင့်ပြီးသား မြောက်ကိုရီယား နိုင်ငံသားတွေရဲ့ ကလေးငယ်တွေလည်း ပါဝင် နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တောင်ကိုရီယား ဆိုးလ်းမြို့တော်ကနေ ဗီအိုအေ သတင်းထောက် Kurt Achin သတင်းရေးသားပေးပို့ထားတာကို - ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

အခု မြန်မာနိုင်ငံမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၁၉ဦး ပြန်လည် လွတ်မြောက်လာရေး လိုက်ပါ ကူညီဆောင်ရွက်ဖို့ သူတို့ကို စွဲချက်တဲ့ တရားရုံးကို တင်ပြ သွားမယ်လို့ တောင်ကိုရီယားက လူ့အခွင့်အရေး ရှေ့နေ့ အဖွဲ့အစည်းက ပြောပါတယ်။ ဒီအဖွဲ့ အမည်ကတော့ တောင်ကိုရီယား လူ့အခွင့်အရေး ရှေ့နေ့များ အဖွဲ့ပါ။ ရှေ့နေတွေဟာ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံထိ သွားရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ဒီအဖွဲ့ရဲ့ ရှေ့နေတဦးဖြစ်တဲ့ Park Min-Jae က ပြောပါတယ်။

တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုနဲ့ ဒီလူတွေကို တရားစွဲဆိုထားပြီး၊ ဘယ်လို ရလဒ် ထွက်လာ မလဲဆိုတာတော့ ခန့်မှန်းရ ခက်တယ်လို့ သူက ကိုရီယား ဘာသာစကားနဲ့ ပြောသွားတာပါ။

အခု မြန်မာ အာဏာပို်င်တွေက ဖမ်းဆီးထားတဲ့ မြောက်ကိုရီယား နိုင်ငံသား ခိုလှုံသူ ၁၉ဦးဟာ သူတို့တိုင်းပြည်တွင်းမှာ ဆင်းရဲ ဒုက္ခတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကို နှစ်အတန်ကြာ ခံစားခံကြရတာကြောင့် တိုင်းပြည်က ထွက်ပြေးလာသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထွက်ပြေးသူတွေဟာ ထုံးစံအားဖြင့်တော့ အန္တရာယ် ကြီးကြီးနဲ့ တရုတ်နိုင်ငံကို တရားမဝင် ကျော်ဖြတ် ဒီကနေ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို သွား ခုံလှုံခွင့် တောင်းပြီး တောင်ကိုရီယား နိုင်ငံမှာ အခြေချနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တရုတ်ကတော့ မြောက်ကိုရီယား ကနေ အခုလို ထွက်ပြေးလာသူတွေကို ဒုက္ခသည်တွေလို့ မသတ်မှတ်ပါဘူး။ ဒါကြောင့်လည်း ဒီလူတွေဟာ တရုတ်ကနေ ပြန်ပို့ခံရပြီး သူတို့နိုင်ငံ အရောက်မှာတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်မှုတွေ အချို့ အသက်ပါ ဆုံးရှုံးတဲ့အထိ ခံကြရပါတယ်။

အခု ၁၉ဦးပါ မြောက်ကိုရီယားက ထွက်ပြေးလာသူတွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို အသွား မြန်မာနိုင်ငံကို အဖြတ် တာချီလိတ် အနီး တာချီလိတ် ရဲတပ်ဖွဲ့ကနေ ဖမ်းမိတာလို့ သိရပါတယ်။ သူတို့ကို မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ကျိုင်းတုံ တရားရုံးကို ရုံးတင်လိုက်တယ် လို့လည်း သိရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းမှာ တရားမဝင် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို လာမယ့် နှစ်မကူးခင်မှာ တရားရုံးတင် စစ်ဆေးမယ်လို့ သတင်းတွေမှာ ဖော်ပြပေမယ့်လို့ သီးခြား အတည်ပြုချက်တော့ မရခဲ့ပါဘူး။

အခု ကိစ္စမှာ စိတ်ဝင်စားစရာ အချက်ကတော့ အခု ဖမ်းဆီးခံရသူ ၁၉ဦးအထဲမှာ ကလေးငယ် လေးဦး ပါဝင်ပုံရပြီး၊ သူတို့မိခင်တွေဟာ တောင်ကိုရီယားမှာ အခြေကျနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူက တောင်ကိုရီယား သတင်းဌာနတွေကို ပြောရာမှာ - ဒီအုပ်စုဟာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိပြီး ဒါကို လျို့ဝှက် ပွဲစားတဦးက စီစဉ်ပေးခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ထိုင်းမရောက်ပဲ မြန်မာနိုင်ငံကို အပို့ခံလိုက်ရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြောက်ကိုရီယားတွေ အဖို့တော့ တောင်ကိုရီယားကို သွားဖို့ အခုလို တဆင့်ခံ ခိုလှုံ ရောက်ရှိနိုင်မယ့် နိုင်ငံရေးအရ သင့်လျော်တဲ့ အခြေအနေရှိတယ်လို့ ယူဆရပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီယား အစိုးရနဲ့ ပြီးခဲ့တဲ့နှစ်မှာ သံအဆက်အသွယ် ပြန်လုပ်ခဲ့တာကြောင့် ဒီ မြောက်ကိုရီယား နိုင်ငံသား ၁၉ ဦးကို သူတို့နေရပ် အတင်းပြန်ပို့မယ့် အလားအလာ ရှိနေပါတယ်။

တောင်ကိုရီယား တာဝန်ရှိသူတွေဖက်ကတော့ ဒီအုပ်စုတွေကို အကူအညီပေးဖို့ အကောင်းဆုံး ဆောင်ရွက် နေတယ်လို့ တောင်ကိုရီးယားရှေ့နေ Park က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေရဲ့ ကံကြမ္မာဟာ မြန်မာအစိုးရ လက်ထဲမှာ ရောက်နေတယ်လို့ ပြောပါတယ်။

တတိယနိုင်ငံက အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတရပ် လိုမျိုးအနေနဲ့ကတော့ ဒီအမှုကို အကောင်းဆုံး လုပ်နိုင်တာဟာ သူတို့ရဲ့ နိုင်ငံသား ရပိုင်ခွင့် အပေါ် တည်ပြီး ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ သူမက ကိုရီယားစကားနဲ့ ပြောတာပါ။ နိုင်ငံတကာ ဥပဒေအတိုင်း တရားဝင် ဒုက္ခသည် အဆင့်အတန်းနဲ့ အကာအကွယ် ရနိုင်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တောင်ကိုရီယားမှာတော့ မြောက်ကိုရီယားနိုင်ငံသား ၁၄၀၀၀ လောက် ရွှေ့ပြောင်းခိုလှုံခဲ့ကြပါတယ်။ တောင်ကိုရီယား နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေအရ ဒီလူတွေကို နိုင်ငံသားအဖြစ် အလိုအလျောက်ကို အသိအမှတ် ပြုထားတာပါ။ အခုလက်ရှိမှာကို မြောက်ကိုရီယားကနေ တောင်ကိုရီယားကို ရောက်နိုင်ဖို့ ကြား တရုတ်နိုင်ငံမှာ တရားမဝင် ရှိနေတဲ့ အရည်အတွက်ဟာ သောင်းဂဏန်းရှိမယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG