သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်းပွားမှုဖြစ်


မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ သုံးနိုင်ငံ ရေပိုင်နက်တွေ ထိစပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော်ထဲမှာ အိန္ဒိယစစ်သင်္ဘော လေယာဉ် အစောင့်အရှောက်တွေနဲ့ ကမ်းလွန်ရေနံ ရှာဖွေရေး သင်္ဘောတစင်းဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ဝင် ရောက်လာတဲ့အတွက် ကန့်ကွက်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယဘက်ကလည်း သူတို့ စူးစမ်း ရှာဖွေမှုတွေပြီးမှ ပြန်ထွက်မယ်လို့ အကြောင်းပြန်လာတယ် ဆိုတော့ မကြာခင် လတွေအတွင်းက မြန်မာနိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှုတုန်းကလို နှစ်ဘက် ညှိနှိုင်းနိုင်ပါ့မလား ဆိုတာကို အခြေအနေတွေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကြွယ်ဝနေတယ်ဆိုတာကို သိလာတဲ့နောက်ပိုင်း ဒီရေပိုက်နက်နဲ့ ပတ်သက်တဲ့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သုံးနိုင်ငံစလုံး စူးစမ်းရှာဖွေရေး လုပ်ငန်းတွေကို လုပ်လာခဲ့ကြပါတယ်။ အခုလည်း အိန္ဒိယ ရေတပ်သင်္ဘောနဲ့ လေယာဉ်တစင်း လိုက်ပါစောင့်ရှောက်ပြီး ကမ်းလွန်ရေနံ သင်္ဘော တွေဟာ ဘင်္ဂလားပင်လယ်အောက်ထဲက ရေပိုက်နက်ထဲကို ရေမိုင် ခုနှစ် နော်တီကာ ကျုးလွန်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တောင်အာရှရေးရာ ဌာနခွဲ (၁) က ဒါရိုက်တာ ဆာ ဟာမက် ဆိုဖီ (Sir Harmad Sofi) က ပြောပါတယ်။

“မနေ့က စပြီး အိန္ဒိယပိုင် သင်္ဘော သုံးစင်း ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ဝင်လာပါတယ်။ အိန္ဒိယ ရေတပ် သင်္ဘောတစင်း လေ့လာစူးစမ်းတဲ့ သင်္ဘောနှစ်စင်းပါ။ သူတို့ကို စောင့်ရှောက်တဲ့ စစ်လေယာဉ်တစင်းလည်း ပါပါတယ်။”

ဒီလို ဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကလည်း ရေတပ်သဘောၤနှစ်စင်း ဒီရေပိုင်နက်ထဲကို စေလွှတ်ခဲ့တယ် လို့လည်း မစ္စတာ ဆိုဖီ က ပြောပါတယ်။ နိုဝင်ဘာလတုန်းကလည်း မြန်မာစစ်သဘောၤတွေ ခြံရံပြီး တောင်ကိုရီးယား ရေနံရှာဖွေရေး သဘောၤတွေဟာ သူတို့ ရေပိုင်နက်ထဲကို ဝင်ရောက်ခဲ့တုန်းကလည်း ဘင်္ဂလားဒေ့ရှ် ဘက်က စစ်သင်္ဘာ တွေ စေလွှတ်ခဲ့တဲ့အတွက် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမယ့် အရိပ်အရောင်တွေ ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်က စစ်သင်္ဘော နဲ့ ရှာဖွေရေး သင်္ဘော တွေ ပြန်လည် ထွက်ခွာသွားပြီး အခြေအနေ ပြန်ပြီး တည်ငြိမ်လာခဲ့ပါတယ်။ အခု အိန္ဒိယ သင်္ဘောတွေကရော အခြေအနေ ဘယ်လို အကြောင်းပြန်ပါသလဲလို့ မေးကြည့်ပါတယ်။

“သူတို့ အကြောင်းပြန်တာက သူတို့လေ့လာစူးစမ်းမှုတွေ မပြီးမခြင်း ပြန်မထွက်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့ သင်္ဘောတွေ အခု ကျနော်တို့ ရေပိုင်နက်ထဲမှာ ရှိနေပါတယ်။”

အခုလို အခြေအနေတွေဟာ ရေပိုက်နက် သတ်မှတ်မှု တိတိကျကျ မရှိလို့ ဖြစ်ရတာမို့ အခု ဒီရေပိုက်နက် သတ်မှတ်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်က ဆောင်ရွက်ချက်တွေကို မေးကြည့်တဲ့အခါ -

“ရေပိုင်နက် သတ်မှတ်တာကို ကျနော်တို့ အခုအချိန်အထိ တိတိကျကျ မလုပ်နိုင်သေးပါဘူး။ အခုအချိန်ထိ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် ဘက်က အိန္ဒိယနဲ့ရော မြန်မာနဲ့ပါ သီးခြား ဆွေးနွေးကြမှာပါ။ အိန္ဒိယနဲ့ လွန်ခဲ့တဲ့ ၂၈ နှစ်လောက် ဒီကိစ္စကို မဆွေးနွေးခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့တော့ ဒီနှစ်ထဲမှာ ဒက္ကာ မှာ စပြီး ဆွေးနွေးမှာဖြစ်ပါတယ်။”

နှစ်နိုင်ငံ အခြေအနေ အခုလို တင်းမာနေတာမို့ ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေတဲ့ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာန က အယ်ဒီတာ ကိုမွန်ပိ ကို အခြေအနေတွေ မေးကြည့်တဲ့အခါ အခြေအနေ ပိုပြီး တင်းမာလာနိုင်တယ် လို့ အခုလို ပြောပါတယ်။

“ရေပိုင်နက်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနဲ့ပဲဖြစ်ဖြစ် တိတိကျကျ သတ်မှတ်ထား တာတော့ မရှိဘူးပေါ့နော်။ ဒီနောက်ပိုင်းမှာ ဖြစ်လာတာက ဘင်္ဂလား ပင်လယ်အော်မှာ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့တွေ တွေ့တယ် ဆိုတော့ နိုင်ငံတွေကလည်း လုလာတဲ့သဘော ရှိတာပေါ့။ ဒါပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်တဲ့ ကိစ္စမှာ ကျနော့် အမြင်က သူပိုင်ကိုယ်ပိုင် ပြောလာမယ်ဆိုရင် အိန္ဒိယဘက်က တော်တော်လေး တင်းမာမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ က အရင်ကတည်းက လုံခြုံရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ အားလုံးမှာ သိပ်အဆင်ပြေခဲ့တာ မဟုတ်ဘူး။ ထင်တာကတော့ အိန္ဒိယဘက်က တင်းမာလာနိုင်တဲ့ အခြေအနေ ရှိတာပေါ့။”

ဒါကတော့ ဒေသတွင်းအခြေအနေကို စောင့်ကြည့်နေတဲ့ အိန္ဒိယအခြေစိုက် မဇ္ဇျိမသတင်းဌာနက အယ်ဒီတာ ကိုမွန်ပိ ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG