သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်း တိုက်ခိုက်မှု ဂါဇာတွင် လူ ၂၀၀ ကျော် သေဆုံး


ပါလက်စတိုင်းတွေရဲ့ ဒုံးကျည်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ကမ်းမြှောင်က ပစ်မှတ်တွေကို အစ္စရေး လေတပ်ရဲ့ အက်ဖ် - ၁၆ လေယာဉ်တွေက မနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး ၂၂၅ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ဒေသခံ ဆေးကုသရေး အဖွဲ့တွေက ဆိုပါတယ်။ အစ္စရေး လေတပ်ရဲ့ ဒုံးကျည်တွေက ဟားမက်စ် စစ်သွေးကြွတွေရဲ့ လုံခြုံရေး အဆောက်အဦတွေနဲ့ ချေကုပ်စခန်းတွေကို ထိမှန်ပြီး လူပေါင်း ၇၀၀ လောက်ဟာလည်း ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဂါဇာ ကမ်းမြှောင်က ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

ဟားမက်စ် စစ်သွေးကြွတွေရဲ့ လုံခြုံရေးအဆောက်အဦရှေ့မှာ ရှိနေတဲ့ ယူနီဖောင်းဝတ် လုံခြုံရေး အစောင့်ရဲ အလောင်းတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ ပြသထားပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ် တစ်ပတ်ကြာက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကုန်လွန်သွားပြီးတဲ့နောက် အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး မစ္စ ဇစ်ပီလင်ပနီ က အခုလို အသံလွှင့် ပြောကြားပါတယ်။

“ကျမတို့မှာ တခြား အပြောင်းအလဲ အနေနဲ့ လုပ်ဆောင်စရာ မရှိပါဘူး။ ကျမတို့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျမတို့လုပ်ဖို့ လိုအပ်တဲ့ကိစ္စကို လုပ်ဆောင်နေတာပါ။ အစ္စရေးနိုင်ငံဟာ ဂါဇာကမ်းမြှောင်ကနေ တိုက်ခိုက်ခြင်းကို ခံနေရတာပါ။ အခုတော့ ဒါဟာ တော်လောက်ပါပြီ။” - လို့ မစ္စ လင်ပနီ က ပြောသွားပါတယ်။

၅ မိနစ်အတွင်းမှာ ပစ်မှတ်ပေါင်း ၄၀ ကျော်ကို အစ္စရေး လေတပ်က ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့တာကြောင့် ဟားမက်စ် စစ်သွေးကြွတွေ အငိုက်မိသွားကြပါတယ်။ ဟားမက်စ်တွေရဲ့ စစ်အရာရှိသစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ဒုံးကျည်များစွာ ထိမှန်ခဲ့တဲ့အတွက် အဲဒီနေရာမှာ အသေအပျောက် အများဆုံး ဖြစ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG