သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံရေးကောင်စီ တောင်းဆို


အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြှောင်မှာ သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ အစ္စရေးလ်နိုင်ငံက ဂါဇာမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူပေါင်း ၂၂၅ ယောက်ကျော် သေဆုံးခဲ့ရအပြီး နောက်တနေ့မှာ အခုလို ပြောဆိုလိုက်တာပါ။ ဂါဇာမှာရှိတဲ့ စစ်သွေးကြွတွေက အစ္စရေးလ်ဖက်ကို ရော့ကတ်လောင်ချာတွေ၊ မော်တာတွေနဲ့ တိုက်ခိုက်မှုတွေ ရက်ပေါင်း အတော်ကြာလုပ်ခဲ့တဲ့နောက် အစ္စရေးလ်ဖက်က အခုလို တိုက်ခိုက်ခဲ့တာပါ။ အကြောင်းစုံကို ဗွီအိုအေ သတင်းထောက် Purnell Murdock သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ၄ နာရီကျော်ကြာ အရေးပေါ် ဆွေးနွေးမှုတွေ မနေ့ညပိုင်းက ပြုလုပ်ခဲ့ပြီးတော့ အစ္စရေးလ်နဲ့ ဂါဇာမှာရှိတဲ့ ဟာမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း အလေးထားဖော်ပြထားတဲ့ ကြေငြာချက်တစောင် ဒီကနေ့ ထွက်လာခဲ့တာပါ။ လက်ရှိလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ခရိုအေးရှားနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး နက်ဗင် ဂျူရီဆာ (Neven Jurica) ကတော့ နှစ်ဖက်စလုံး သွေးထွက်သံယို တိုက်ခိုက်မှုတွေဖြစ်နေတာတွေကို ရပ်ဖို့လည်း တောင်းဆိုလိုက်တာပါ။


“တည်ငြိမ်မှုတွေ အပြည့်အ၀ ပြန်လည်ရရှိဖို့ လိုတယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးအနက် ထားကြပါတယ်။ ဒါမှလည်း ပါလက်စတိုင်းနဲ့ အစ္စရေးလ် နှစ်ဖက်အကြား ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နိုင်ငံရေး အဖြေရှာနိုင်ဖို့ လမ်းစပွင့်နိုင်မှာ ဖြစ်ပါတယ်။”


မနေ့တုန်းကတော့ ဟာမတ်စ် တပ်ဖွဲ့ဝင်သစ်တွေ ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပနေတဲ့ နေရာအပါအဝင် ဂါဇာ ကမ်းမြှောင်မှာရှိတဲ့ စစ်သွေးကြွတွေရဲ့ လုံခြုံရေး အဆောက်အဦပေါင်း ၄၀ ကျော်ကို အစ္စရေးလ်က စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီကနေ့လည်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့နေရာမှာ ဂါဇာမြို့မှာရှိတဲ့ ဗလီ ဝတ်ကျောင်းတခုကို တိုက်ခိုက်ခဲ့လို့ လူ နောက်ထပ် ၂ ဦးလည်း သေဆုံးခဲ့တာပါ။ အစ္စရေးလ် အစိုးရ တာဝန် ရှိသူတွေကတော့ ဒီ ဗလီဝတ်ကျောင်းဟာ အကြမ်းဖက် လှုပ်ရှားမှုတွေအတွက် အခြေခံ စခန်း တခုအဖြစ် အသုံးပြုနေတဲ့ နေရာတခုလို့ ဆိုပါတယ်။

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး ဧဟုဒ် ဘာရက်ခ် (Ehud Barak) ကတော့ ဟာမတ်စတွေကို လိုအပ်ရင် လိုအပ်သလို တိုးမြှင့် တိုက်ခိုက်သွားမယ်လို့ သတိပေး ပြောဆိုထားခဲ့သလို၊ မြေပြင် တိုက်ခိုက်မှုတွေအတွက် တပ်ဖွဲ့ ရာပေါင်းများစွာကိုလည်း ဂါဇာနယ်စပ် တလျှောက်မှာ အင်အား ဖြည့်ထားပါတယ်။ ဟာမတ်စ်တို့ဘက်ကလည်း တိုက်ခိုက်မှုအတွက် လက်စားချေဖို့ သန္နိဌာန် ချထားတယ်လို့ ပြောဆိုထားတာ ဖြစ်ပြီးတော့ ဒီကနေ့မှာ အစ္စရေးလ် တောင်ပိုင်းကို ရော့ကတ် လောင်ချာ အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့လို့ လူတဦး သေဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းအရေး စောင့်ကြည့် လေ့လာနေသူ ရီယာဒ် မန်ဆွာ (Ryad Mansour) ကတော့ လုံခြုံရေး ကောင်စီ အနေနဲ့ အခုထုတ်ပြန်လိုက်တဲ့ ကြေငြာချက်က အပစ်အခတ် ရပ်စဲရေး ခပ်ရှင်းရှင်း တောင်းဆို လိုက်တာပဲလို့လည်း ဒီကနေ့ပဲ နယူးယောက်ခ်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။


“လုံခြုံရေး ကောင်စီက မလုပ်နိုင်ပဲ ဖြစ်နေရတဲ့နေရာမှာ၊ အခုအခြေအနေမှာ ပထမဆုံး သတင်းစကားတခုအဖြစ် တွေ့ရတာကတော့ ချက်ခြင်း အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ တောင်းဆိုတာပဲလို့ ကျနော် ယူဆပါတယ်။ အပစ်အခတ် ရပ်စဲရေး ချက်ခြင်း လုပ်ဖို့ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း လူထုအပေါ် အစ္စရေး စစ်ယန္တယားက အကြီးအကျယ် တရားလက်လွတ် ပြုမူနေတာတွေကို ရပ်တန့်ဖို့ ဆိုတာပါပဲ။”


အပစ်အခတ် ရပ်စဲရေးအတွက် လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်ကို အစ္စရေးလ်ဘက်က လိုက်နာမှု မရှိဘူးဆိုရင်တော့ တခြား အာရပ် နိုင်ငံတွေနဲ့ သူတို့ကို ထောက်ခံသူတွေက လုံခြုံရေးကောင်စီကို ထပ်လာပြီး ဖိအား ပေးကြလိမ့်မယ် ဆိုပြီးတော့လည်း သူက သတိပေး ပြောဆိုပါတယ်။ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့အကြား ၆ လကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ အခုလ အစောပိုင်းမှာ သက်တမ်းကုန်ဆုံးစဉ်ကစလို့ ၂ ဘက် အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့တာပါ။ အစ္စရေးလ်ဘက်ကို စစ်သွေးကြွတွေက ရော့ကတ် လောင်ချာတွေ၊ မော်တာတွေနဲ့ တိုက်ခိုက်မှုတွေ ရက်အတော်ကြာလာတဲ့နောက် အခုနောက်ဆုံး အစ္စရေးလ်ဘက်က စီးနင်း တိုက်ခိုက်မှုတွေလည်း နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG