သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့်ဒေသ သွေးလွန်တုပ်ကွေး ကာကွယ်ရေး ကုလသမဂ္ဂ စတင်


နာဂစ်ဆိုင်ကလုံး တိုက်ခတ်ခဲ့တဲ့ ဒေသတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက စီစဉ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကုလသမဂ္ဂက ဘယ်လို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြထားပါတယ်။

ဒီ ကာကွယ်ရေးလုပ်ငန်းတွေကို နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လုပ်မှာဖြစ်ပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ရေလှောင်ကန်တွေနဲ့ ရေဝပ်နေတဲ့နေရာတွေက ခြင်တွေပေါက်လာမှာ စိုးတဲ့အတွက် ပိုးလောက်လန်းသတ်ဆေးနဲ့ ပိုးသတ်ဆေးတွေ ဖြန်းမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ်တဲ့ဒေသက အများစုဟာ အမိုးအကာမရှိဘဲ နေထိုင်နေကြရတာကြောင့် ခြင်ကတဆင့် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအပါအဝင် တခြားရောဂါတွေ ပြန့်ပွားမှာစိုးရိမ်တဲ့အတွက် အခုလို ကြိုတင်ကာကွယ်ဆေးဖျန်းဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။

အခုလို ပိုးသတ်ဆေးဖြန်းမယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ WHO က ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပေါလ် ဒါဝုဒ် (Mr. Paul Darwood) က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မုန်တိုင်းဒဏ် အဓိက အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းအတွင်းက အရေးပါတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။”

ဧရာဝတီတိုင်းဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတာဖြစ်ပေမယ့် ရန်ကုန်တိုင်းအတွင်းမှာလည်း ဦးစားပေးလုပ်ဆောင်ဖို့လိုတဲ့အကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ရန်ကုန်မြို့မှာလည်း သွေးလွန်တုပ်ကွေးရောဂါ တော်တော်များများ ဖြစ်ပွားနိုင်ခြေရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းမှာလည်း ကာကွယ်ရေးလုပ်ငန်းတွေ ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂက အခုလို သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွားမှုကို လျှော့ချဖို့၊ နောက် အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ကုသရေးဆိုင်ရာလုပ်ငန်းတွေ ပိုမိုအင်အားဖြည့် လုပ်ဆောင်လာနိုင်စေရေးတို့ ဖြစ်တယ်လို့လည်း မစ္စတာ ဒါဝုဒ်က ပြောပါတယ်။

အခုချိန်ထိတော့ ပိုးလောက်လန်းသတ်ဆေး ၁.၅ တန် မြန်မာနိုင်ငံကို ရောက်ရှိပြီးဖြစ်ပြီး နောက်ထပ် ၅ တန်ဟာ မြန်မာနိုင်ငံကို တင်ပို့ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဆင်သင့်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အရင်နှစ်တွေကထက်စာရင် သွေးလွန်တုပ်ကွေး ပိုဖြစ်တဲ့လက္ခဏာ အခုထိ မတွေ့ရသေးဘူးလို့ ကုသလမဂ္ဂ မြန်မာနိုင်ငံ ဌာနေရုံးက သွေးလွန်တုပ်ကွေးရောဂါ ကျွမ်းကျင်သူ လီယိုနာ့ဒ် အော်တေးဂါး (Leonard Ortega) ကပြောကြောင်း အေပီသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။

တကယ်တော့ မြစ်ဝကျွန်းပေါ်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေမှာ ဝမ်းရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး လူတချို့ သေဆုံးမှုရှိလာနေတဲ့အကြောင်း ဒီဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုနေကြတဲ့အချိန်မှာ ကုလသမဂ္ဂက အခုလို သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတွေဖြန်းဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးဖြန်းတဲ့ အစီအစဉ်ကို WHO၊ UNICEF နဲ့ စစ်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပြီး လုပ်အားပေး ၁,၇၀၀ လောက် ပါဝင်မယ်လို့လည်း သွေးလွန်တုပ်ကွေးရောဂါ ကျွမ်းကျင်သူ လီယိုနာ့ဒ် အော်တေးဂါးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG