သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ် ကွယ်လွန်ခြင်း မြန်မာ့အရေးအတွက် ဆုံးရှုံး


မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးအလေးပေး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခဲ့တဲ့ အမေရိကန်
နိုင်ငံ အောက်လွှတ်တော်အမတ် တွမ်လန်းတို့စ်
(Tom Lantos) မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။
သူ့ရဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲရေးအတွက် လှုပ်ရှားဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး
မညိုညိုလွင်က စုစည်းတင်ပြပေးထားပါတယ်။

လွှတ်တော်အမတ် တွမ်လန်းတို့စ် ကွယ်လွန်သွား
တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက်ရော
တခြား လူ့အခွင့်အရေးကင်းမဲ့နေရတဲ့ နိုင်ငံတွေ
အတွက်ပါ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ပြောဆိုကြ
ပါတယ်။

“အခုလို ကွန်ဂရက်စ်လွှတ်တော်အမတ် တွမ်လန်းတို့စ် ကွယ်လွန်သွားတာ ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးအတွက်တော့ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး
တရပ်ပါပဲ။ ဒီကွန်ဂရက်စ်လွှတ်တော်အမတ် တွမ်လန်းတို့စ်က အမေရိကန် အောက် လွှတ်တော်မှာဆိုရင် တဦးတည်းသော Holocaust Survivor လို့ခေါ်တာပေါ့ဗျာ။ နာဇီ
တွေရဲ့ အကျဉ်းစခန်းထဲကနေ လွတ်မြောက်လာတဲ့ တဦးတည်းသော သက်ရှိထင်ရှား လွတ်မြောက်လာသူ တယောက်ဖြစ်တယ်။ အောက်လွှတ်တော်မှာလည်း ၁၉၈၀ ခုနှစ်
ကတည်းက စအရွေးခံခဲ့ရတာ။ အခုဆိုရင် သူ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တမ်း
က ၂၈ နှစ်ရှိနေပြီ။

“သူ့ရဲ့ အဓိကဦးစားပေးကတော့ တကမ္ဘာလုံးက လူ့အခွင့်အရေးကိစ္စတွေပါပဲ။ သူ့ကို အခုလိုဆုံးရှုံးသွားရတာ ကျနော်တို့အတွက် အင်မတန်မှ ကြေကွဲစရာ၊ ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ကျနော်တို့တင်မဟုတ်ပါဘူး၊ ကမ္ဘာတဝန်းက လူ့အခွင့်အရေး
လှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူအားလုံးဟာ ဒီ ကွန်ဂရက်စ်အမတ်
တွမ်လန်းတို့စ်ရဲ့ကျေးဇူးနဲ့ မကင်းခဲ့ကြပါဘူး။ သူတို့အားလုံးဟာ ကွန်ဂရက်စ်အမတ်
တွမ်လန်းတို့စ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် အားလုံးဝမ်းနည်းကြေကွဲနေကြမှာပါ”
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ US Campaign for Burma မူဝါဒ
ရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောဆိုခဲ့တာပါ။

လွှတ်တော်အမတ် တွမ်လန်းတို့စ် သက်ရှိထင်ရှားရှိစဉ်ကာလက မြန်မာ့ဒီမိုကရေစီရေး
အတွက် အလေးထားဆောင်ရွက်သွားခဲ့တာတွေကိုလည်း ဦးအောင်ဒင်က အခုလို ဆက်ပြောပြပါတယ်။

“၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်
ကို အင်မတန်ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့အတွက် အောက်
လွှတ်တော်မှာဆိုရင် ဒီ ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ်က ရီပတ်ဘလီကန်ပါတီက ကွန်ဂရက်စ်အမတ် ပီတာကင်းနဲ့ ပူးတွဲဦးဆောင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အခွင့်အရေးဆိုင်ရာဥပဒေ ၂၀၀၃ ကို ပြဋ္ဌာန်းအတည်ပြုနိုင်အောင် ဦးဆောင်
လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။

“ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုကြောင့် အမေရိကန်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာပြည်
က သွင်းကုန်တွေကို လုံး၀ ပိတ်ဆို့ဟန့်တားနိုင်ခဲ့တယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်
တွေကိုလည်း အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်ဖို့ ပိတ်ပင်ဟန့်တားနိုင်ခဲ့တယ်။
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် အစရှိတဲ့ နိုင်ငံ တကာငွေကြေးအဖွဲ့အစည်းတွေကနေ မြန်မာစစ်အစိုးရကို ငွေကြေး ချေးငှားတာ သော်လည်းကောင်း၊ ထောက်ပံ့တာသော်လည်းကောင်း မပြုလုပ်ဖို့ ပိတ်ပင်ဟန့်တား
နိုင်ခဲ့တယ်။ ဒါ အင်မတန်ကြီးမားတဲ့ အောင်မြင်မှုကြီးပါ။

“နောက် အဲဒီဥပဒေကို နှစ်တိုင်းနှစ်တိုင်း သက်တမ်းတိုးမြှင့် အရေးယူနိုင်ဖို့အတွက်
လည်း ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ခဲ့တာပါ။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ကနေ ရွှေတံဆိပ်ချီးမြှင့်ဖို့အတွက် ကြိုးပမ်းအားထုတ်ကြတဲ့နေရာမှာ ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ်ရဲ့ ဦးဆောင်
ဦးရွက်ပြုမှုတွေ အများကြီးပါဝင်ခဲ့ပါတယ်”

လွှတ်တော်အမတ် တွမ်လန်းတို့စ် မကွယ်လွန်ခင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း
က ဗွီအိုအေမြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့
သူက အခုလိုပြောဆိုသွားခဲ့ပါတယ်။

“မြန်မာစစ်အစိုးရဟာ အလွန်အထီးကျန် အပစ်ပယ်ခံနေရတဲ့ အစိုးရပါ။ အပြစ်မဲ့တဲ့
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ရိုက်နှက်ပစ်ခတ်တာတွေကို မြင်ခဲ့ရတော့ ပိုပြီးတော့
တောင် အော့နှလုံးနာမိပါတယ်။ မြန်မာစစ်အစိုးရဟာလည်းပဲ တကယ်တမ်းမှာတော့ တလုံးတစည်းထဲ ရှိနေကြတာမဟုတ်ဘူး။ သူတို့အချင်းချင်းကြား ကွဲပြားမှုတွေ ရှိနေ
ကြတာပါ။ ဒါကြောင့် စစ်တပ်ထဲမှာ အမှန်တရားဘက်ကို လိုက်ချင်ကြတဲ့ ဆန္ဒရှိသူတွေ
အနေနဲ့ ဒီအချိန်ဟာ အချိန်ကောင်းပဲလို့ ဆိုချင်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့
အလှည့်အပြောင်းတခု ဖြစ်သွားနိုင်ပါတယ်”

အမေရိကန် အောက်လွှတ်တော်အမတ် တွမ်လန်းတို့စ်ဟာ အစာအိမ်လမ်းကြောင်း
ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီဖြစ်ပါ
တယ်။ သူ့မှာ ဇနီး အင်းနက် (Annette) နဲ့အတူ သမီးနှစ်ယောက်နဲ့ မြေး ၁၇ ယောက်
တို့ ကျန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG