သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာ လုပ်ကြံခံရမှု ကရင်တွေရဲ့ အရေးသာမဟုတ် မြန်မာ့ဒီမိုကရေစီရေးအတွက်ပါ ဆုံးရှုံးမှုကြီးဖြစ်


ယမန်နေ့ညနေပိုင်းက လုပ်ကြံခံလိုက်ရတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)
ရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ကောင်စီ (အန်စီယူဘီ) ရဲ့ ခေါင်းဆောင်တဦး
လည်းဖြစ်တဲ့ ပဒိုမန်းရှာရဲ့ နိုင်ငံရေးရုပ်ပုံလွှာ တစိတ်တပိုင်းကို ဦးကျော်ဇံသာက စုစည်းတင်ပြထားပါတယ်။

အခုတလော ကမ္ဘာ့နိုင်ငံရေးလောကမှာ လုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက်
လိုလို ပေါ်ထွက်လာနေတဲ့အချိန်မှာပဲ ပဒို
မန်းရှာ လုပ်ကြံခံသွားရတဲ့သတင်းကို ကြား
လိုက်ရတော့ ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေဟာ မြန်မာ့နိုင်ငံရေးလောကထဲကိုပါ ကူးစက်လာပါပကောလားလို့ တွေးစရာဖြစ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး
နယ်မှာ၊ အတိုက်အခံ နိုင်ငံရေးလောကမှာ နာမည်ကြီး ထင်ရှားပေမယ့် ဟိတ်ဟန်၊
ဝင့်ဝါမှုကင်းမဲ့ပြီး ရိုးသားအေးဆေးတဲ့ ပဒိုမန်းရှာအဖို့ ပုဂ္ဂရေးရန်သူကတော့ ရှားပါး
ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးအရတော့ ယုံကြည်ရာကို ခိုင်ခိုင်မာမာ စွဲကိုင်တတ်သူ၊ အလျှော့မပေးတတ်သူ ဖြစ်တဲ့အတွက် ပဒိုမန်းရှာအပေါ် နိုင်ငံရေးအရ အငြိုးအတေး ထားတဲ့သူတွေကတော့ အများအပြားရှိနိုင်ပါတယ်။

အဓိကအားဖြင့် ပဒိုမန်းရှာရဲ့ နိုင်ငံရေးရန်ဘက်ကတော့ သူတို့ ကေအန်ယူခေါ် ကရင် အမျိုးသားအစည်းအရုံးအနေနဲ့ ပုန်ကန်တိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံ နအဖစစ်အစိုးရပဲ
ဖြစ်ပါတယ်။ သို့သော် သူဟာ ဒီရန်သူနဲ့ပင်လျှင် ငြိမ်းချမ်းသောနည်းနဲ့ ညှိနှိုင်းဖြေရှင်း
လိုသူသာ ဖြစ်ပါတယ်။

“ကျနော်တို့ကတော့ တချိန်လုံး တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို အပြုတ်တိုက်
ရေးပေါ်လစီနဲ့ မရှင်းဘဲနဲ့ တဦးနဲ့တဦး လေးလေးစားစားနဲ့ စားပွဲခုံပေါ်မှာ ရှင်းကြဖို့၊ အပစ်အခတ်ရပ်စဲရေးကိစ္စပဲဖြစ်ဖြစ်၊ တခြားနိုင်ငံရေးကိစ္စပဲဖြစ်ဖြစ် အဲဒီလိုရှင်းကြဖို့ တချိန်လုံးပြောနေတယ်၊ တိုက်တွန်းနေတယ်။ သို့သော်လည်းပဲ နအဖဘက်ကဆိုရင်
သူတို့အနေနဲ့က တော်တော်လေး သူတို့မှာ အားရှိတယ်လို့ယူဆပြီး စစ်ဆင်ရေးတွေ အပြင်းအထန်လုပ်နေတယ်။ အပြုတ်တိုက်ရေးပေါ်လစီက သူတို့တအားစိတ်သန်နေ
တဲ့အခါကျတော့ တကယ်လို့သာ ဒီပေါ်လစီကို သူတို့ဆက်ပြီး ဆုပ်ကိုင်ထားမယ်ဆိုရင် ဒီတွေ့ဆုံဆွေးနွေးရေးကိစ္စတွေက နည်းနည်းဝေးနေဦးမယ်”
ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းတခုမှာ ပဒိုမန်းရှာပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အနှစ်သာရပြည့်ဝပြီး စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု မဟုတ်သမျှတော့ ပဒို
မန်းရှာက လက်ခံလိမ့်မယ်မဟုတ်ပါဘူး။ ကေအန်ယူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီတယ်လို့ ကြေညာရုံသာကြေညာပါ၊ နအဖတပ်တချို့နဲ့ ဓာတ်ပုံတွဲရိုက်ပြီး သတင်းစာထဲမှာ ထည့်ရုံပဲ ထည့်ပါရစေ၊ ပြီးတော့ လက်နက်ရော၊ နယ်မြေရော ပြန်ယူ
ပါ၊ ကြိုက်သလောက် စီးပွားရေးလုပ်ပါလို့တောင် စစ်အစိုးရဘက်က ကမ်းလှမ်းခဲ့ဖူး
ကြောင်း သူက ပြောပြဖူးပါတယ်။ ဒါပေမယ့် သူတို့က လက်မခံခဲ့ပါဘူး။

သို့သော်လည်း ဒီလိုကမ်းလှမ်းချက်မျိုးတွေဟာ ဒေသဖွံ့ဖြိုးရေးဖြစ်တယ်ဆိုပြီး ကေအန်
ယူထဲက အစိတ်အပိုင်းတချု့ိကတော့ ဒီကေဘီအေအမည်နဲ့ ခွဲထွက်ပြီး လက်ခံသွားခဲ့ပါ
တယ်။ အဲသလို ခွဲထွက်သွားတဲ့ ဒီကေဘီအေအပေါ်မှာလည်း ပဒိုမန်းရှာက အခုလို သဘောထားရှိကြောင်း ပြောပြခဲ့ပါတယ်။

“တကယ်လို့ ဒီကေဘီအေအနေနဲ့ နဝတရဲ့ သြဇာခံမဟုတ်ဘူး၊ သူတို့ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ နားလည်မှုတည်ဆောက်ဖို့က ဘာမှ
မခက်ဘူး။ တခုရှိတာက သူတို့အနေနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းမဖြစ်တာ တော်တော်
ပြဿနာ။ အဲဒီကိစ္စပေါ့လေ။ နောက်တခုက ဒီကေဘီအေနဲ့ပတ်သက်တာကတော့ သူတို့အတွင်းပိုင်းမှာလည်း တယောက်နဲ့တယောက် တူတာမဟုတ်ဘူး။ Centralization
ကလည်း သိပ်မရှိဘူး။ တချို့ကလည်း ကေအန်ယူဆန့်ကျင်ရေး လုပ်ချင်တယ်၊ တချို့က
လည်း မလုပ်ချင်ဘူး။ မတူကွဲပြားနေတဲ့အခါကျတော့ မတူကွဲပြားတဲ့ အခြေအနေ
အောက်မှာ တိုက်ပွဲတွေရဲ့ အနည်းအများကလည်း ဖြစ်လာတယ်။ အဲဒီအခြေအနေ
ရှိပါတယ်။

“အခုအတိုင်းကတော့ သူတို့က နအဖရဲ့ Strategy အောက်မှာ ရောက်နေတဲ့အခါကျ
တော့ သူတို့အနေနဲ့ အဲဒီ Strategy အောက်ကနေ ရုန်းထွက်နိုင်တဲ့ အခြေအနေမရှိ
ဘူး။ အထူးသဖြင့် သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေဆိုရင်တော့ သူတို့အကျိုးစီးပွားနဲ့
နအဖနဲ့ ဆက်စပ်မှုက တအားများနေတဲ့အခါကျတော့ ဒီအခြေအနေကနေ ရုန်းထွက်ဖို့
က မလွယ်ဘူး”

အဲဒီနောက်မှာတော့ ကေအန်ယူ တပ်မဟာ ၆ တပ်မှူးဟောင်း ဗိုလ်ချုပ်ထိန်မောင်နဲ့
အုပ်စုဟာလည်း အလားတူ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူသွားခဲ့ပါတယ်။ သူတို့က ပဒိုမန်းရှာဟာ ကရင်တော်လှန်ရေးကို လျစ်လျူရှုပြီး မြန်မာတပြည်လုံးအရေး၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်
နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ကြ ပါတယ်။ ပဒိုမန်းရှာကတော့ ဒါကို မငြင်းပါဘူး။

ကရင့်အရေးဆိုတာ ပြည်ထောင်စုတခုလုံးအရေးနဲ့ ဆက်စပ်နေတယ်လို့ သူက ရှုမြင်
ပါတယ်။ လူမျိုးစုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာ ဒီမိုကရေစီရေးနဲ့ တွဲဖက်နေတယ်လို့ သူလက်ခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်စီယူဘီ၊ ဒီအေဘီ စတဲ့ ပြည်ထောင်စုသားပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်
နေခဲ့တဲ့ ပဒိုမန်းရှာတယောက် အခုလို လုပ်ကြံခံသွားရခြင်းဟာ ကရင့်တော်လှန်ရေး
မှာသာမက၊ ပြည်ထောင်စုရေး၊ ဒီမိုကရေစီပေါ်ထွန်းရေးမှာပါ ကွက်လပ်ကြီးတခု ဖြစ်သွားတယ်လို့ဆိုရင် မှားမယ်မဟုတ်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG