သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်လိုကြောင်း ပြော


မြန်မာနိုင်ငံကို သတ်မှတ်တာထက်စောပြီး သွားရောက်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေး မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) က ပြောကြား
လိုက်ပါတယ်။ မစ္စတာဂမ်ဘာရီဟာ မြန်မာ နိုင်ငံအရေးအတွက် အာရှနိုင်ငံတွေကို ခရီး ထပ်ထွက်ခဲ့ရာမှာ အခု တရုတ်နိုင်ငံမှာ
ရောက်နေတုန်း ပြောကြားခဲ့တာတွေနဲ့
ပတ်သက်လို့ ဘေဂျင်းမြို့က ဗွီအိုအေသတင်း
ထောက် စတက်ဖ်နီဟိုး (Stephanie Ho) သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မစ္စတာဂမ်ဘာရီက သူဟာ အကောင်းဘက်ကနေ ကြည့်တတ်သူတယောက်ဖြစ်ပြီး
မြန်မာနိုင်ငံထဲကို ပြန်သွားနိုင်မယ်၊ ဒါကလည်း ဧပြီလမတိုင်ခင်မှာဖြစ်မယ်လို့ အခုလို
ပြောခဲ့ပါတယ်။

“မြန်မာအာဏာပိုင်တွေက ကျနော့်ကို ဧပြီလ ၁၅ ရက်နောက်ပိုင်းမှာ ပြန်လာပါလို့
ပြောခဲ့တာကို ခင်ဗျားတို့လည်း မှတ်မိကြမှာပါ။ အဲဒီလိုပြောခဲ့ပေမယ့်လည်း ဒီကိစ္စကို ပြန်ပြီးစဉ်းစားနေတယ်လို့ ယုံကြည်ရလောက်စရာအကြောင်းတွေ ကျနော့်မှာရှိနေ
ပါတယ်”

အင်္ဂါနေ့မှာတော့ မစ္စတာဂမ်ဘာရီနဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ နှစ်ရက်ကြာ ဆွေးနွေး
ပွဲဟာ ပြီးခဲ့ပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုတွေ တိုးတက်လာစေဖို့အတွက် ဘယ်နည်းလမ်းတွေက အကောင်းဆုံး
ဖြစ်မယ်ဆိုတဲ့ အချက်တွေကို တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ မစ္စတာ
ဂမ်ဘာရီက ပြောပါတယ်။

“တရုတ်အစိုးရကတော့ အကူအညီတွေ ပေးပါတယ်။ ကျနော့်ကို မြန်မာနိုင်ငံထဲ
တတ်နိုင်သမျှ မကြာမကြာသွားခွင့်ရရေး မြန်မာအာဏာပိုင်တွေကို ဆွေးနွေးပြောဆို
ပေးတဲ့ကိစ္စတွေ အပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေ လက်လှမ်း
မီရအောင် တရုတ်အစိုးရက အကူအညီတွေ ပေးပါတယ်ခင်ဗျ”

မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒီမိုကရေစီရရှိဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ တောင်းဆိုနေကြတဲ့ စက်တင်ဘာလ လူထုဆန္ဒပြပွဲ
တွေကို စစ်အာဏာပိုင်တွေဘက်က ရက်ရက်စက်စက် ချေမှုန်းခဲ့အပြီး နိုဝင်ဘာလ
ထဲမှာ မစ္စတာဂမ်ဘာရီ နောက်ဆုံးသွားရောက်ခဲ့တာပါ။

မြန်မာအစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုတဲ့ အစီ
အစဉ်သစ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက်
ရှေးရှုလာတဲ့ ထူးခြားတဲ့ခြေလှမ်းသစ်တရပ်အဖြစ် မြင်ကြောင်းလည်း မစ္စတာ
ဂမ်ဘာရီက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ မြန်မာလူထု
တင်မက နိုင်ငံတကာအသိုင်းအဝိုင်းကပါ လက်ခံတဲ့၊ အသိအမှတ်ပြု ချီးမွမ်းထိုက်တဲ့
ဆန္ဒခံယူပွဲ ဖြစ်စေဖို့တော့ စစ်ဗိုလ်ချုပ်ကြီးတွေက သေသေချာချာလုပ်ပေးဖို့ မစ္စတာ
ဂမ်ဘာရီက တောင်းဆိုလိုက်ပါတယ်။

အသိအမှတ်ပြုထိုက်တဲ့ ဆန္ဒခံယူပွဲလို့ သူပြောခဲ့တဲ့အထဲမှာ နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာတမျိုးပါ ပါဝင်တဲ့အပြင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းနဲ့ပတ်သက်ပြီး လူထုကရော၊ အတိုက်အခံတွေဘက်ကပါ
လွတ်လွတ်လပ်လပ် ဝေဖန်ပြောဆိုခွင့် ပေးဖို့ကိုလည်း လိုအပ်ပါတယ်လို့ ပြောပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ အာရှခရီးစဉ်မှာ တရုတ်နိုင်ငံကို ပထမဆုံး လာခဲ့တာနဲ့ ပတ်သက်ပြီး
တရုတ်နိုင်ငံ ကူမင်းမြို့မှာနေထိုင်တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ
လှကျော်ဇောက ဗွီအိုအေကို အခုလိုပြောခဲ့ပါတယ်။

“တရုတ်ကတော့ တရားဝင်လည်း ပြောထားပြီးသားလေ၊ ကုလသမဂ္ဂရဲ့ လုပ်ဆောင်
ချက်အားလုံးကို သူထောက်ခံပါ့မယ်လို့ ပြောထားတာ ဖြစ်တာကိုး။ အဲဒါကြောင့် ဒါက
လည်း ဂမ်ဘာရီတို့အတွက်ကတော့ အားရှိစရာလို ဖြစ်နေတာကိုး။ အရင်တုန်းကလည်း
ဂမ်ဘာရီကို သူတို့ လာတာလက်မခံပေမယ့် တရုတ်ကပြောတော့မှ လက်ခံတဲ့ အစဉ်
အလာကလည်း ရှိတာကိုး။ အဲဒါကြောင့်လည်း ဂမ်ဘာရီက လာရတယ်နဲ့တူတယ်။

“သူ့အနေနဲ့လည်း မြန်မြန်ပြန်ဝင်ဖို့လိုတယ်လေ။ ကုလသမဂ္ဂအနေနဲ့ ကြည့်ရင်လည်း
မေလမှာပဲ တကယ့်ဆန္ဒခံယူပွဲလုပ်ဦးတော့၊ ဒီဆန္ဒခံယူပွဲမှာ အားလုံးပါဝင်ဖို့လိုတာကိုး။
ဥပမာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်း
လွတ်ဖို့လိုတော့ သူ မြန်မြန်ပြန်သွားချင်တာ သဘာဝကျပါတယ်”
ဒေါက်တာလှကျော်ဇော ပြောသွားတာဖြစ်ပါတယ်။

အခုဆန္ဒခံယူမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်ဖို့အတွက် စစ်တပ်ကို ခွင့်ပေးထားတာမို့ ဒီဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေ
ကနေ မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ သိပ်ပြီးတွေ့ရမှာမဟုတ်ဘူးလို့ စောင့်ကြည့်သုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၀ ခုနှစ်တွေကစပြီး စစ်တပ်က အာဏာကိုချုပ်ကိုင်ခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အာရှတိုက်မှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တဲ့အပြင် အထီး
အကျန်ဆုံး နိုင်ငံတနိုင်ငံဘဝကိုလည်း ရောက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် စစ်အာဏာရှင်တွေအတွက် စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာပါတယ်။

မစ္စတာဂမ်ဘာရီဟာ မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဂျပန် နိုင်ငံတွေကိုလည်း ခရီးဆက်ဦးမှာဖြစ်ပါတယ်။ အခု မစ္စတာဂမ်ဘာရီရဲ့ တရုတ်ခရီးစဉ်နဲ့
ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုတွေနဲ့ ဒီမိုကရေစီထွန်းကားမှုတွေကို မြင်ချင်ပေမယ့် မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်မှာကိုတော့ ကန့်ကွက်ပါတယ်လို့ ဘေဂျင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG