သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗိုအရေး အမေရိကန်က ရုရှားနှင့် ပဋိပက္ခဖြစ်ရန် မလိုလား


ကိုဆိုဗိုက ဆားဘီးယားလက်အောက်ကနေ လွတ်လပ်ရေးကြေညာလိုက်တာကို ဥရောပ မဟာမိတ်နိုင်ငံတွေနည်းတူ အမေရိကန် ပြည်ထောင်စုကလည်း အသိအမှတ်ပြုလိုက်
ပါပြီ။ ဒီလိုအသိအမှတ်ပြုလိုက်တာဟာ ဒေသ
တည်ငြိမ်မှု ပိုမိုတိုးတက်ဖို့အတွက် တခုတည်း
သော နည်းလမ်းဖြစ်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်
(Condoleezza Rice) က ဆိုပါတယ်။
အကြောင်းစုံကို ဗွီအိုအေသတင်းထောက်
ဒေးဗစ်ဂေါလပ်စ် (David Gollust) သတင်း ပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြ
ပေးထားပါတယ်။

ကိုဆိုဗိုလွတ်လပ်ရေးကို အမေရိကန်က အသိအမှတ်ပြုတာဟာ တကယ်တော့ အံ့သြ စရာမဟုတ်ပါဘူး။ ဆားဘီးယားရဲ့ ခွဲထွက်
ကိုဆိုဗိုနယ်ကို နိုင်ငံတကာ ကြီးကြပ်မှု
အောက်မှာ လွတ်လပ်ရေးပေးဖို့ ကုလသမဂ္ဂ
ကိုယ်စားလှယ် မာတီအာတီစာရီ (Martti Ahtisaari) ရဲ့ အကြံအစည်ကို ယမန်နှစ်
ကတည်းက ဘုရှ်အစိုးရ အပြင်းအထန် ထောက်ခံခဲ့တာပါ။

လွတ်လပ်ရေးသည်သာ မတည်မငြိမ်သော ဒီဒေသရဲ့သမိုင်းကို တည်ငြိမ်အောင်
လုပ်နိုင်မယ့် တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ကွန်ဒိုလီဇာရိုက်စ်က ဆိုခဲ့ပါ
တယ်။ ကိုဆိုဗိုလွတ်လပ်ရေးဟာ တခြားသော ခွဲထွက်လှုပ်ရှားမှုတွေကို အားပေး
အားမြှောက်ပြုရာ ရောက်လိမ့်မယ်ဆိုတဲ့ ရုရှားအပါအဝင် နိုင်ငံတချို့ရဲ့ ပြောကြားချက်
ကိုလည်း ဝန်ကြီးရိုက်စ်က လက်မခံခဲ့ပါဘူး။

ကျန်ဒေသတွေရဲ့အခြေအနေဟာ ကိုဆိုဗိုအခြေအနေနဲ့ မတူညီပါဘူး၊ ကိုဆိုဗိုမှာ
မကြာခင်က ဖြစ်ပွားခဲ့တဲ့ အယ်လ်ဘေးနီးယားနွယ်ဖွားတွေကို လူမျိုးတုံးအောင်
သတ်ဖြတ်တာမျိုး ကျန်ဒေသတွေမှာ မတွေ့ရဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ဟာ ဆားဘီးယားနဲ့ မိတ်ဆွေဖြစ်ကြောင်း ထပ်မံ
အတည်ပြု ပြောကြားလိုက်ပါတယ်။ ကိုဆိုဗိုလွတ်လပ်ရေးကို ခါးခါးသီးသီးဆန့်ကျင်တဲ့ ဆားဘီးယားအစိုးရအနေနဲ့ အမေရိကန်၊ ဥရောပသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး ကိုဆိုဗိုက ဆာ့ဘ်လူနည်းစုတွေရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ ဆားဘီးယားနဲ့ ကောင်းမွန်သင့်မြတ်တဲ့ ဆက်ဆံရေးကို
ထူထောင်ပြီး ၁၉၉၀ ပြည့်လွန် ဘော်လ်ကန်ပဋိပက္ခကတည်းက အပယ်ခံဖြစ်လာခဲ့တဲ့ ဆားဘီးယားကို ဥရောပထဲဝင်ဆန့်အောင် ကူညီချင်တယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နိကိုလပ်စ် ဘန်းစ် (Nicholas Burns) က ပြောကြား
ခဲ့ပါတယ်။

“ကျနော်တို့က ဆားဘီးယားကို ဥရောပရဲ့ အစိတ်အပိုင်းတခုလို့ မြင်ပါတယ်။
ဘော်လ်ကန်ဒေသဟာ စစ်အေးပြီးဆုံးခြင်းရဲ့ အကျိုးရလဒ်ကို ခံစားခွင့်မရသေးတဲ့
ဥရောပရဲ့ နောက်ဆုံးအစိတ်အပိုင်း ဖြစ်နေပါတယ်။ ယူဂိုဆလားဘီးယားဟာ ပြိုကွဲ
သင့်လို့ ပြိုကွဲသွားခဲ့ပါပြီ။ အခု ကိုဆိုဗို လွတ်လပ်ရေးရလာတာဟာ ဒီဖြစ်စဉ်ရဲ့အဆက်
ပါ။ အခုတော့ ဆာ့ဘ်တွေ၊ ကိုဆိုဗိုကပြည်သူတွေ၊ ဘော့စနီးယားပြည်သူတွေ၊ မွန်တီ နီဂရိုးပြည်သူတွေ၊ ခရိုအေးရှား၊ အယ်လ်ဘေးနီးယား၊ မက်ဆီဒိုးနီးယားတွေအားလုံး
ဟာ ဥရောပမှာဝင်ဆန့်ဖို့ မျှော်ကြည့်ကြရပါတော့မယ်။ ဒါကတော့ ဥရောပသမဂ္ဂနဲ့
နေတိုးမှာ ဝင်ရောက်လာဖို့ပဲဖြစ်ပါတယ်”

ရုရှား၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့ရဲ့ သုံးပွင့်ဆိုင်ကြီးကြပ်မှုအောက်မှာ ဆားဘီးယား၊
ကိုဆိုဗို ညှိနှိုင်းမှု ပိုမိုလုပ်စေချင်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုဆိုဗိုကို အသိ အမှတ်ပြုမယ့်ကိစ္စကို ရွှေ့ဆိုင်းခဲ့တယ်လို့လည်း နိကိုလပ်စ်ဘန်းစ်က ဆိုပါတယ်။

ဒီညှိနှိုင်းမှုတွေ ယမန်နှစ်နောက်ပိုင်း ပျက်ပြားသွားပြီးတဲ့နောက်မှာတော့ အသိအမှတ်
ပြုရေး ဆက်လုပ်ဖို့ဖြစ်လာတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ရုရှားနဲ့ တခြားသော ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေမယ့် ကွဲလွဲမှုမျိုးကိုတော့ မလိုလားဘူးလို့
မစ္စတာဘန်းစ်က ဆိုပါတယ်။

“ဒီလိုအသိအမှတ်ပြုတာကို တုန်လှုပ်မိတယ်ဆိုတဲ့နိုင်ငံတွေ၊ ဒါမှမဟုတ် ဒီလုပ်ရပ်ဟာ
နိုင်ငံရေးအရ၊ ဥပဒေကြောင်းအရ မမှန်ကန်ဘူးဆိုတဲ့ နိုင်ငံတွေနဲ့ ကျနော်တို့ဟာ
အခြေခံအားဖြင့် သဘောကွဲလွဲပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့ ပဋိ
ပက္ခဖြစ်ဖို့ ကျနော် မမျှော်လင့်ပါဘူး။ ရုရှားနိုင်ငံဟာ ဒေသတည်ငြိမ်ရေးကို ထောက် ခံမယ်ထင်ပါတယ်။ အားလုံးအေးအေးဆေးဆေး ဆက်လက်နေထိုင်သွားကြဖို့ မေတ္တာ ရပ်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုဆိုဗိုအာဏာပိုင်တွေကို အစိုးရထူထောင်ခွင့်၊
ရှေ့ဆက်သွားခွင့် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နိကိုလပ်စ်ဘန်းစ် ပြောသွားတာပါ။

အမေရိကန်တပ်သား ၁,၆၀၀ အပါအဝင် နေတိုးတပ်သား ၁၇,၀၀၀ တို့ဟာ ဥရောပ
သမဂ္ဂ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ကိုဆိုဗိုမှာ အချိန်အကန့်အသတ်မရှိ တပ်စွဲပြီး လုံခြုံရေး
နဲ့ ဆာ့ဘ်တို့အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

လာမယ့်လတွေအတွင်း ကိုဆိုဗိုအတွက် အလှူ့ရှင်အစည်းအဝေးတရပ်ကို အမေရိကန်နဲ့ ဥရောပမိတ်ဖက်နိုင်ငံတွေက စီစဉ်နေကြပြီး ၂၀၀၈ ခုနှစ်အတွက် ဒေါ်လာသန်းပေါင်း
၃၅၀ ခန့်ရရှိဖို့လည်း မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG