သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲလုပ်မယ့် စစ်အစိုးရ ကြေညာချက်အပေါ် ကေအိုင်အို သတိနဲ့တုံ့ပြန်


မြန်မာစစ်အစိုးရက မေလထဲကြရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အခြေခံ
ဥပဒေ မူကြမ်းတရပ်ကို အတည်ပြုဖို့၊ အဲဒီကတဆင့် ရွေးကောက်ပွဲအသစ်တွေ
လုပ်ပေးဖို့ကိစ္စတွေနဲ့ ကြေညာလိုက်ပြီးတဲ့နောက် ဒီကိစ္စနဲ့ပတ်သက်လို့ လက်ခံသူတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ပေါ်ထွက်လာနေတာပါ။ ဒီနေရာမှာ မြန်မာ့နိုင်ငံရေး
ပြဿနာတွေကို ဖြေရှင်းရာမှာ မပါမဖြစ် ပါဝင်ဖို့လိုအပ်တယ်လို့ဆိုတဲ့ တိုင်းရင်းသား အင်အားစုတွေကလည်း သူတို့ရဲ့သဘောထားတွေကို ပြောဆိုလာကြတာပါ။ အခု
ဆိုရင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကလည်း သူတို့ရဲ့သဘောထားကို ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အခြေခံဥပဒေအတည်ပြုရေး လူထုဆန္ဒခံယူပွဲတွေလုပ်ဖို့၊ အဲဒီနောက် ရွေးကောက်ပွဲ
အသစ်တွေ ကျင်းပပေးဖို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တာဟာ နိုင်ငံရေးအရ တိုးတက်မှုခြေလှမ်းတရပ်ဖြစ်တယ်၊ ဒါပေမယ့်လည်း ပြည်ထောင်စုအကျိုး၊ ပြည်သူ
လူထု အကျိုးစီးပွားတွေကို အမှန်တကယ်ရှေ့ရှုဖို့လိုပါတယ်ဆိုပြီး တိုင်းရင်းသား
အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က
သဘောထား ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါဟာ မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး
လမ်းစဉ် ၇ ရပ်နဲ့အညီ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တာကြောင့် လက်ခံလိုက်
တာဖြစ်တယ်၊ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာတော့ အပြည့်အ၀
ထောက်ခံသွားမယ်၊ မသွားဘူးဆိုတာကိုတော့ ယတိပြတ်မပြောနိုင်ဘူးလို့ ကေအိုင်အို
ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဂွမ်မော်က ဆိုပါတယ်။

“ဒီနေရာမှာ ဒီအချက်ဟာ အရေးကြီးပြီး ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ကို ရောက်
သွားနိုင်တယ်ဆိုတဲ့သဘောကို ပြောချင်တာပါ။ ဒီဟာက Road Map ရဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့မြင်တယ်။ ဒါက ထုတ်ပြန်ချက်အပေါ်မှာ ကျနော်တို့ သဘောထားထုတ်
ပြန်ခြင်း ဖြစ်ပါတယ်။ တကယ်တမ်းထုတ်ပြန်ချက်နဲ့ နောက်လုပ်ငန်းစဉ်တွေ ပြန်ပြီး လုပ်လာမယ့်အပေါ်မှာ ကြိုပြီးပြောတာမျိုး မဟုတ်ပါဘူး။ ထုတ်ပြန်ချက်အပေါ်ကို
ကျနော်တို့ အဓိကပြောတာပါ။ ရှေ့လုပ်ငန်းစဉ်အတွက် ကျနော်တို့ ကြိုပြီးဆွေးနွေး
ထားတာ မရှိပါဘူး။ အခု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်
မှာ ကျနော်တို့ ဆက်လက်ပြီး သုံးသပ်သွားမှာ ဖြစ်ပါတယ်။

“ဒီကိစ္စက ကျနော်တို့ အမြဲတမ်းပြောသလိုပါပဲ၊ ပြုပြင်ပြောင်းလဲရေးအတွက် တကယ်
တမ်း စေတနာနဲ့လုပ်တဲ့ အချက်တွေကို ကျနော်တို့က ထောက်ခံရမယ်၊ ကြိုဆိုရမယ်
ဆိုတာ ရှိပါတယ်။ သို့သော်လည်း ထုတ်ပြန်ထားတဲ့၊ ကြေညာချက်လုပ်ထားတဲ့အချက်
တွေနဲ့ တကယ်လက်တွေ့လုပ်ဆောင်တဲ့အပိုင်းကိုတော့ ကျနော်တို့ ပြန်ပြီးသုံးသပ်ရ
မှာပါ။ အဲဒီ ၂ ပိုင်းအနေနဲ့ ကျနော်တို့ သိစေချင်ပါတယ်”

မြန်မာစစ်အစိုးရကတော့ နောက် ၂ လကြာမှာပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲတွေပြီးရင်
၂ နှစ်အကြာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပမယ်လို့လည်း
ကြေညာထားတာပါ။ ဒီလိုကျင်းပရာမှာ ကေအိုင်အိုလို လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေအနေနဲ့ နိုင်ငံရေးအင်အားစုတွေအဖြစ် ပါဝင်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေက ရှိနေတာပါ။ ကေအိုင်အိုကတော့ နိုင်ငံရေးအနာဂတ်အတွက်
ဆွေးနွေးမှုတွေရှိပေမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်တဲ့အဆင့်အထိတော့ ပါဝင်
ပတ်သက်ဖို့ စဉ်းစားထားတာတွေ မရှိဘူးလို့ ဗိုလ်မှူးကြီးဂွမ်မော်က ဆိုပါတယ်။

မြန်မာနိုင်ငံက အကြီးဆုံး အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် (အန်န်အယ်လ်ဒီ) ကတော့ အခုလို မြန်မာစစ်အစိုးရက ကြေညာလိုက်တာဟာ
တိုင်းပြည်မှာ လက်ရှိရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းတွေကို ပိုလို့သာ ဆိုးရွားသွားစေနိုင်တယ်ဆိုပြီး အခုတပတ်အတွင်းမှာပဲ အထူးကြေညာချက်တစောင်
ထုတ်ပြန်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ အခုလို ဆန္ဒခံယူပွဲတွေလုပ်ပြီး အတည်ပြုဖို့
စီစဉ်နေတဲ့ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံ ကိုယ်၌ကိုယ်ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့လည်း အန်န်
အယ်လ်ဒီက ပြောဆိုထားတာပါ။ ဒီလို အန်န်အယ်လ်ဒီရဲ့ ကန့်ကွက်ချက်အပေါ်
ကေအိုင်အိုရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးဂွမ်မော်က အခုလိုပြောပါတယ်။

“အန်န်အယ်လ်ဒီက ထောက်ပြတဲ့အပေါ်မှာ မပြောဘဲနဲ့ ကျနော်တို့က ပြည်သူလူထု
တရပ်လုံးပါဝင်ပြီး ပြည်သူလူထု သဘောထားဆန္ဒအမှန်ကို လွတ်လပ်စွာဖော်ပြဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို အဓိကပြောချင်ပါတယ်။ ကျနော်တို့ အမျိုးသားညီလာခံ
မှာ ဘယ်လောက်ပဲပါသည်ဖြစ်စေ တကယ်တမ်း ဒီကိစ္စကို လွတ်လွတ်လပ်လပ် ဆန္ဒ
ခံယူပွဲတွေ ကျင်းပတဲ့အခါ ပြည်သူတရပ်လုံးက ကိုယ့်ရဲ့ဆန္ဒမှန်ကို ဖော်ထုတ်နိုင်ဖို့
အရေးကြီးပါတယ်”

ကေအိုင်အိုလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးအဖွဲ့ နောက်တခု
ဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ အစိုးရက တဖက်သတ်ကြေညာထားတဲ့ ဒီဆုံးဖြတ်
ချက်တွေကို လက်မခံနိုင်ဘူးဆိုပြီး မနေ့ကပဲ ပြောဆိုလိုက်ပါသေးတယ်။ ဒီလို
မွန်ပြည်သစ်က ကန့်ကွက်လိုက်တဲ့ တချိန်တည်းလိုလို ကေအိုင်အိုက နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုအဖြစ် ပြောဆိုလိုက်တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်
တဦးကတော့ အခုလိုမြင်ပါတယ်။

“မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တယ်။ ဒီလိုရှိတဲ့ အခြေခံတွေကို
ဖြေရှင်းတဲ့ ဖွဲ့စည်းပုံမဟုတ်ဘဲ တဖက်သတ်ချထားတဲ့ လုပ်ငန်းတွေကို ဆက်လုပ်
သွားတာမျိုးက ဘယ်လိုမှ တိုးတက်တဲ့ခြေလှမ်းလို့ မပြောနိုင်ဘူး။ အန်ကယ်တို့အနေ
နဲ့ ဒီမိုကရေစီနိုင်ငံ အခုချက်ချင်းဖြစ်ရမယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို
လည်း ရာနှုန်းပြည့်ရရမယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် အခု ငါးနှစ်၊ ဆယ်နှစ်မှာမဖြစ်
တောင် နောင်ဖြစ်ဖို့ရှိတယ်ဆိုရင် ဒါကို တိုးတက်တယ်လို့ ပြောနိုင်မယ်။ တိုင်းရင်းသား
တွေရဲ့ အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို
အထိုက်အလျောက်ပေးထားတယ်ဆိုရင် ဒါကို တိုးတက်တယ်လို့ ပြောနိုင်တယ်။ အခု
က ဘာကိုတိုးတက်တယ်လို့ ပြောရမှာလဲ။ ရေရှည်၊ တောက်လျှောက် စစ်အုပ်ချုပ်ရေး
ကို ခိုင်မြဲအောင်လုပ်မယ့်လုပ်ရပ်ကို တိုးတက်တယ်လို့ ပြောတယ်ဆိုတာကတော့
အန်ကယ်တို့က လုံးဝလက်မခံနိုင်ဘူး”

ရန်ကုန်မြို့က အတိုက်အခံ နိုင်ငံရေးအင်အားစုတခုဖြစ်တဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) အတွင်းရေးမှူးလည်းဖြစ်၊ တိုင်းရင်းသား နိုင်ငံရေး
ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့
ဦးအေးသာအောင် ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ကြေညာချက်တွေအပေါ် အခုလို မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက
သံသယနဲ့ ရှုမြင်နေကြသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နိုင်ငံရေးလုပ်ငန်း
စဉ်တွေဟာ ဒီမိုကရေစီနည်းလမ်းတကျဖြစ်ဖို့၊ သက်ဆိုင်သူတွေ ပါဝင်ခွင့်ရှိဖို့ဆိုပြီး
တိုက်တွန်းတောင်းဆိုမှုတွေကလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG