သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဂမ်ဘာရီ  စင်ကာပူကနေ ဂျပန်ကို ခရီးဆက်


မြန်မာ့အရေးကိစ္စအတွက် အခုတခေါက်
အာရှခရီးစဉ်မှာ စင်ကာပူကိုရောက်နေတဲ့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး
ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) ဟာ စင်ကာပူ
ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုး
(George Yeo) တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေကို
အပြည့်အဝထောက်ခံကြောင်း စင်ကာပူက ထပ်မံပြောဆိုခဲ့ပြီး စစ်အစိုးရက မကြာခင်
ကျင်းပတော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ
အပေါ် ဆန္ဒခံယူပွဲဟာ အပြုသဘောဖြစ်တယ်
လို့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုးက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါ
တယ်။ မစ္စတာဂမ်ဘာရီဟာ မနက်ဖြန်မှာ ဂျပန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ မစ္စတာဂမ်ဘာရီ
ကတဆင့် မြန်မာစစ်အစိုးရကို တိုက်တွန်းသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး
ဝန်ကြီးဌာနက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဗွီအိုအေဝိုင်းတော်သူ ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒေသတွင်း တိုင်ပင်နှီးနှောတဲ့
ခရီးစဉ်အတွင်း ဘေဂျင်း၊ အင်ဒိုနီးရှားအပြီး စင်ကာပူကို ၂၃ ရက်နေ့က ရောက်ရှိပြီး
၂၆ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။

စင်ကာပူမှာ သူရောက်ရှိစဉ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းအပြင် နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အခု
လိုတွေ့ဆုံရာမှာ စင်ကာပူဝန်ကြီးချုပ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပါ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာမှာ မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းမှုကို
အပြည့်အ၀ ထောက်ခံခဲ့ကြတယ်လို့ မစ္စတာဂမ်ဘာရီနဲ့အတူ လိုက်ပါသွားတဲ့ ကုလ
သမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စပါဂျန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေအကြောင်း အမြင်ချင်း ဖလှယ်ခဲ့
ကြပြီး ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို စင်ကာပူက အပြည့်အ၀ ထောက်
ခံမှု ပြခဲ့တာကိုလည်း မစ္စတာဂမ်ဘာရီက ကျေးဇူးတင်ကြောင်း အသိပေးပြောကြားခဲ့
ပါတယ်” လို့ မစ္စပါဂျန်းက ပြောသွားတာပါ။

မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို မတ်လအစောပိုင်း သွားရောက်နိုင်ဖို့ကိုလည်း
စင်ကာပူက ထောက်ခံခဲ့ပေမယ့် မစ္စပါဂျန်းအဆိုအရတော့ သွားမယ့်ရက်အတိအကျ
အခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။

“ခုထက်ထိတော့ နောက်ခရီးစဉ်က ဘယ်တော့သွားရမယ်ဆိုတာ အတိအကျ မသိရ
သေးပါဘူး။ မြန်မာစစ်အစိုးရထံက တရားဝင်အတည်ပြုချက် အခုထက်ထိ မပေးသေး
ပါဘူး” လို့ မစ္စပါဂျန်းက ပြောသွားတာပါ။

မစ္စတာဂမ်ဘာရီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုးတို့ တွေ့ဆုံရာမှာ မြန်မာစစ်အစိုးရ
က မေလကျ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ်လူထု
ဆန္ဒခံယူပွဲ ကျင်းပပေးပြီး သက္ကရာဇ် ၂၀၁၀ ခုမှာ အထွေထွေရွေးကောက်ပွဲကြီး
ကျင်းပပေးမယ်ဆိုတဲ့ ကြေညာချက်ကို အပြုသဘောဆောင် ကြိုဆိုခဲ့ကြပေမယ့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိနိုင်ဖို့အတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ကိုးစားမှုရှိဖို့ လိုအပ်ပြီး အုပ်စုအားလုံးတို့ ပါဝင်ဖို့ လိုအပ်
တယ်လို့ ရှုမြင်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဌာနရဲ့ ဒီနေ့ကြေညာချက်မှာ ဖော်ပြ
ထားတာ တွေ့ရပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သက္ကရာဇ် ၂၀၁၀ ခုကျ
ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာမဟုတ်ဘူးလို့ မြန်မာ
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မကြာသေးမီက စင်ကာပူမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးမှာ စည်းဝေးပွဲမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ ကုလ
သမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို သူသွားရောက်တဲ့အခါ ဒီကိစ္စကို မြန်မာစစ်အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပေးဖို့
တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာဂမ်ဘာရီအနေနဲ့ မနက်ဖြန် တိုကျိုကိုသွားရောက်ရာမှာလည်း ဂျပန်နိုင်ငံခြား
ရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒီအချက်ကိုပဲ မစ္စတာ
ဂမ်ဘာရီကို တိုက်တွန်းပြောကြားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန လက်ထောက်
ပြောခွင့်ရပုဂ္ဂိုလ် တိုမိုဟီကို တာနီဂုချိ (Tomohiko Taniguchi) က ဗွီအိုအေကို ပြောခဲ့
ပါတယ်။

“နေပြည်တော်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကို ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်မပေးဘူးဆိုတဲ့အချက်ဟာ ဂျပန်အစိုးရအတွက် သိပ်ကို စိတ်အနှောင့်
အယှက် ဖြစ်စေပါတယ်။ အဲဒီအချက်ကို မစ္စတာဂမ်ဘာရီအနေနဲ့ နေပြည်တော်အစိုးရ
ကို ပြန်လည်လေ့လာသုံးသပ်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းပေးဖို့ကိုလည်း ဂျပန်
အစိုးရက တိုက်တွန်းပြောကြားဖို့ ရှိပါတယ်” လို့ မစ္စတာ တာနီဂုချိက ပြောသွားတာ
ဖြစ်ပါတယ်။

သီးခြားဖြစ်ရပ်တခုကတော့ ဂျပန်သတင်းထောက် ခန်းဂျိနာဂါအိ ပြီးခဲ့တဲ့ စင်တင်ဘာ
လ ဆန္ဒပြမှုအတွင်း မြန်မာစစ်သားတဦးရဲ့ အသတ်ခံရမှုနဲ့ အသိမ်းခံခဲ့ရတဲ့ သူ့ရဲ့ ဗွီဒီယို
ကင်မရာ ပြန်လည်ရရှိရေးအတွက် နေပြည်တော်ကို ဂျပန်အစိုးရ ကိုယ်စားလှယ်အဖွဲ့
တွေ မကြာသေးမီက သွားရောက်ဆွေးနွေးခဲ့ပေမယ့် ခုထက်ထိ ဘာမှထူးခြားမှု မရရှိ
သေးဘူးလို့ မစ္စတာ တာနီဂုချိက အတည်ပြုပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG