သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားသွေးစည်းရေးနဲ့ ဆန္ဒခံယူပွဲကို ကန့်ကွက်ဖို့ ပအို့ဝ် အဖွဲ့တွေ ပူးပေါင်း


ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်နယ်စပ်ဒေသမှာ အခြေစိုက်ထားတဲ့ ပအို့ဝ်
အမျိုးသားအဖွဲ့ ၄ ဖွဲ့ဟာ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်န်အယ်လ်အို)
ဆိုတဲ့ အမည်အောက်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပြီး
စစ်အစိုးရက မကြာခင်မှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဆန့်ကျင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

အခုလို ပေါင်းစည်းလိုက်တာဟာ ပအို့ဝ်လူမှုအဖွဲ့၊ အမျိုးသမီးအဖွဲ့နဲ့ ပအို့ဝ်လူငယ်အဖွဲ့
စတဲ့အဖွဲ့ ၃ ဖွဲ့က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ပီအန်န်အယ်လ်အိုခေါ်
ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း
တွေဟာ သူတို့အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုကို ဆက်လက်ထားရှိပြီး ပီအန်န်အယ်လ်
အိုခေါ် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီကို တိုးချဲ့ပါဝင်
ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီးအောင်ကျော်က ဒီလိုပူးပေါင်းလိုက်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြ
ပါတယ်။

“ဘုံရန်သူကို ဦးတည်တိုက်တဲ့အချိန်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ
အဓိကဖြစ်ပါတယ်။ အဲတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိဖို့အတွက်ကို
ကျနော်တို့ အနီးစပ်ဆုံးဖြစ်တဲ့ ပအို့ဝ်အမျိုးသားတွေက အရင်ဆုံး စည်းလုံးညီညွတ်ဖို့
လိုပါလိမ့်မယ်။ အဲဒီအတွက် ဒါကိုရည်ရွယ်ပြီး လုပ်တာပါခင်ဗျ”

အခုလို ပူးပေါင်းလိုက်တဲ့ ပအို့ဝ်အဖွဲ့အစည်းတွေဟာ မြန်မာစစ်အစိုးရက မကြာခင်
ကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဆန့်ကျင်
သွားမယ်လို့ ဗိုလ်မှူးကြီးအောင်ကျော်က ပြောပါတယ်။

“သူ့ရဲ့ ၁/၂၀၀၈ ရော ၂/ ၂၀၀၈ ရော ပျက်အောင်လုပ်ရမယ်လေ။ တဖက်ကလည်း လက်နက်ကိုင်လမ်းစဉ်နဲ့ ကျနော်တို့သွားမယ်။ တဖက်ကလည်း နည်းလမ်းပေါင်းစုံနဲ့
သွားမယ်။ အဓိကတော့ နအဖကနေပြီး သုံးပွင့်ဆိုင်တွေ့ဆုံဖို့ပဲဖြစ်ဖြစ် တိုင်းပြည်ကို အာဏာကိုလွဲှနိုင်ဖို့အတွက်ကို ကျနော်တို့ ဘက်ပေါင်းစုံကနေ ဖိအားပေးသွားဖို့
ကိစ္စတွေ ရှိပါတယ်ခင်ဗျ”

နယ်စပ်ဒေသမှာ အခြေပြုတဲ့ ပအို့ဝ်အဖွဲ့တွေ အခုလို ပေါင်းစည်းနိုင်မယ်ဆိုရင် ပြည်တွင်းမှာကျန်ရှိနေတဲ့ ပအို့ဝ်အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့တွေလည်း ရည်မှန်း ချက်တခုတည်းအောက်မှာ ပြန်လည်စုစည်းနိုင်မယ်လို့ ပအို့ဝ်အမျိုးသားလွတ်မြောက်
ရေးအဖွဲ့ဟာ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

အခုလို စုစည်းလိုက်တဲ့အဖွဲ့မှာတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာ ခေါင်းဆောင်တဲ့ ပီပီအယ်လ်
အိုခေါ် ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ မပါဝင်သေးပါဘူး။ ဒီလိုစုစည်းလိုက်တဲ့
အပေါ်မှာ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုသုံးသပ်ပါတယ်။

“စုလို့ရသလောက် စုတာကတော့ ကျနော်တို့ ကန့်ကွက်စရာမရှိပါဘူး။ ဒါ ကောင်းတဲ့
လုပ်ငန်းပဲ၊ စုပေါင်းလုပ်တယ်ဆိုတာကတော့။ ဒါပေမယ့် ကျနော်တို့ ပီပီအယ်လ်အို
ကတော့ နဂိုကတည်းက ပအို့ဝ်အမျိုးသားနိုင်ငံရေးမှာ တဖက်တလမ်းက တပ်ပေါင်းစု
တွေနဲ့ လုပ်နေတဲ့အခါကျတော့ ဒါကို သူတို့ ခဏ တဖက်ထားပြီးတော့ တပ်ပေါင်းစု
တွေမှာ မပါသေးတဲ့အဖွဲ့တွေကို လိုက်ပြီးစုတဲ့သဘောနဲ့ တူတဲ့ခင်ဗျ”

သူတို့ ၂ ဖွဲ့ပူးပေါင်းဖို့ကို အရင်နှစ် နှစ်လယ်ပိုင်းက တကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ အခုလို ပူးပေါင်းမယ်ဆိုရင်တော့ နိုင်ငံရေးအရညှိနှိုင်းဖို့ အချိန်ယူရဦးမယ်လို့ ဗိုလ်မှူးကြီး
ခွန်ဥက္ကာက ပြောပါတယ်။

အခုလိုစုစည်းလိုက်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၃ ခုနှစ်မှာ
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး
အဖွဲ့ကနေ လွန်ခဲ့တဲ့နှစ်က ခွဲထွက်ပြီး ပြန်လည်တောခိုလာတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG