သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားဘီးယားရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အနိုင်ရ


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဆားဘီး
ယားနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘောရစ်စ်တားဒစ်ချ် (Boris Tadic) က ရုရှား
လိုလားတဲ့ အမျိုးသားရေးဝါဒီ သမ္မတလောင်း
ကို လက်မတင်လေးနိုင်ပြီး အောင်ပွဲခံသွား
တယ်လို့ ဘဲလ်ဂရိတ်မြို့ကနေ ဗွီအိုအေ
သတင်းထောက် Barry Wood သတင်းပေး
ပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေး
ထားပါတယ်။

ရွေးကောက်ပွဲအကြို မဲရေတွက်မှုတွေအရ
မစ္စတာတားဒစ်ချ်က မဲအရေအတွက် ၅၁
ရာခိုင်နှုန်းရပြီး သူ့ရဲ့ပြိုင်ဘက် တိုမီစလပ်ဗ် နီကိုးလစ်ချ် (Tomislav Nikolic) ကတော့
၄၇ ရာခိုင်နှုန်း ရခဲ့ပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရတာ သေချာတာနဲ့ မစ္စတာ
တားဒစ်ချ်ဟာ ဘဲလ်ဂရိတ်မြို့လယ်မှာရှိတဲ့ သူ့ပါတီရုံးချုပ်ကိုသွားပြီး ဆားဘီးယားနိုင်ငံ
ကို အထီးကျန်ဆန်တဲ့စနစ်အောက်ကို ပို့မယ့်အစား ဥရောပသမဂ္ဂနဲ့ ပေါင်းစည်းရေး
လမ်းကြောင်းကို ရွေးချယ်ပြီး သူ့ကိုမဲပေးခဲ့ကြတဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်
ကြောင်း ပြောကြားခဲ့ပါတယ်။

ဘဲလ်ဂရိတ်မြို့အခြေစိုက် လွတ်လပ်သော ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဌာန
က မာကို ဘလာဂိုရဗစ်ချ် (Marko Blagojevic) က မဲပေးသူဦးရေဟာ ထင်ထားတာ
ထက် ပိုများတယ်လို့ ပြောပါတယ်။

“မဲပေးခွင့်ရှိတဲ့သူ စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းက မဲပေးခဲ့ကြတယ်လေ။ ဒါဟာ အင်မတန် အားရစရာကောင်းတဲ့ အရေအတွက်ပေါ့။ လူအရေအတွက်အားဖြင့်ဆိုရင်တော့
လေးသန်းခွဲလောက် မဲပေးခဲ့ကြမယ်ထင်တယ်”

ပြိုင်ဘက် မစ္စတာနီကိုးလစ်ချ်က ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေ
နေ့ နှောင်းပိုင်းမှာပဲ အသိအမှတ်ပြု ဝန်ခံလိုက်ပြီး မစ္စတာတားဒစ်ချ်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ်ကစပြီး မစ္စတာနီကိုးလစ်ချ်အနေနဲ့ မစ္စတာ
တားဒစ်ချ်ကို ဒုတိယအကြိမ်မြောက် ရှုံးနိမ့်ခြင်းဖြစ်ပါတယ်။

မစ္စတာနီကိုးလစ်ချ်ရဲ့ ရုရှားလိုလားတဲ့ အစွန်းရောက် အမျိုးသားရေးပါတီကို
လောလောဆယ် သည်ဟိဂ် (The Hague) မြို့မှာ စစ်ခုံရုံးတင် စစ်ဆေးခံနေရတဲ့
ဗွိုက်စလပ်ဗ် ဆက်စ်ရှဲ (Vojislav Seselj) က ဦးဆောင်တာဖြစ်ပါတယ်။ တကယ်တော့ ဆားဘီးယားသမ္မတဟာ ဟန်ပြသက်သက်သာ ရှိပါတယ်။ များသောအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲရသူပါ။

ရွေးကောက်ပွဲကို လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း ဆားဘီးယားကခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာဖို့ စိုင်းပြင်းနေတဲ့ ကိုဆိုဗိုဒေသကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ မစ္စတာတားဒစ်ချ်ကတော့ သူ့အနေနဲ့ ခွဲထွက်မယ့်အစီအစဉ်ကို မထောက်ခံပေမယ့် လောလောဆယ်မှာ ကိုဆိုဗိုဒေသ လုံခြုံရေးကို တာဝန်ယူထားတဲ့ နေတိုးတပ်ဖွဲ့တွေနဲ့ ဆန့်ကျင်ပြီး တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာတားဒစ်ချ်ကိုထောက်ခံတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂိုရန် ဆဗွီလာ နိုဘစ်ချ်
(Goran Svilanovic) ကလည်း ဆားဘီးယားလူမျိုးတွေ အခုလို မဲပေးခဲ့တဲ့အပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

“ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ ဆားဘီးယားနိုင်ငံရဲ့ အမျိုးသားရေးဝါဒီ
ဝန်ကြီးချုပ် ဗွိုက်ဆလပ်ဗ် ကော့စ်တူနီးကား (Vojislav Kostunica) အနေနဲ့ ရာထူးက နုတ်ထွက်သင့်ပါတယ်” လို့ ပြောသွားတာပါ။
လက်ရှိအစိုးရဟာ မစ္စတာတားဒစ်ချ်ရဲ့ပါတီနဲ့ ညွန့်ပေါင်းဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပေ
မယ့် မစ္စတာတားဒစ်ချ် ပြန်အရွေးခံမယ့်ကိစ္စကို မစ္စတာကော့စ်တူနီးကားက ထောက်ခံ ခဲ့ခြင်းမရှိပါဘူး။

ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့တွေနဲ့ ဥပဒေရေးရာစောင့်ကြည့်သူတွေ ကိုဆိုဗိုလွတ်လပ်ရေး
ကိစ္စအတွက် လွှတ်ထားတဲ့အပေါ်မှာ မစ္စတာတားဒစ်ချ်အနေနဲ့ ပြင်းပြင်းထန်ထန်ရပ်
တည်ဖို့ ဝန်ကြီးချုပ်က လိုလားနေတာပါ။ ရုရှားနိုင်ငံဟာ ကိုဆိုဗိုကိစ္စမှာ ဆားဘီးယားရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ တဆင့်ခံလွတ်လပ်
ရေးပေးဖို့ အဆိုတင်သွင်းတာကိုလည်း ရုရှားက ကန့်ကွက်ထားပါတယ်။

အယ်လ်ဘေးနီးယားလူမျိုးတွေ အများစုနေထိုင်တဲ့ ကိုဆိုဗိုဒေသမှာ ပြီးခဲ့တဲ့ ၁၉၉၉
ခုနှစ်မှာ နေတိုးတပ်ဖွဲ့တွေက ၇၈ ရက်ကြာ ဗုံးကြဲတိုက်ခိုက်ပြီး ဆားဘီးယားတပ်ဖွဲ့တွေ
ကို နှင်ထုတ်အပြီးမှာ ကုလသမဂ္ဂတပ်ဖွဲ့တွေက ယာယီအုပ်ချုပ်နေတာပါ။ တိုင်းရင်းသား အယ်လ်ဘေးနီးယားလူမျိုးစု သောင်းကျန်းသူတွေကို ဆားဘီးယားဘက်က အလွန်
အကျွံ တိုက်ခိုက်နေတဲ့ကိစ္စကို နေတိုးတပ်ဖွဲ့တွေက ကြားဝင်ဟန့်တားခဲ့တာဖြစ်ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG