သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်တင်ဘာအရေးအခင်းအတွင်း အဖမ်းခံရသူတချို့ ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ အပြစ်ပေးခံရ


သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီ လှုပ်ရှားမှုကာလတွေကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကို အာဏာပိုင်တွေက မကြာသေးခင်ကပဲ ပြစ်ဒဏ်
တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ တက္ကသိုလ်ကျောင်းသားတချို့ အပါအဝင် အနည်း
ဆုံး လူငယ် ၅ ယောက်ကို ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တာ ဖြစ်ပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မကြာသေးခင်က သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုကာလတွေမှာ ဖမ်းဆီးထိန်း
သိမ်းခံခဲ့ရပြီး ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့
ရင်ဆိုင်နေရတဲ့ လူငယ်တချို့ ဒီတပတ်ထဲမှာပဲ ထောင်ဒဏ် ၆ လ ကနေ ၃ နှစ်အထိ
ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက
ရန်ကုန်မြို့ထဲမှာ သီးခြားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေထဲက ကျောက်တံတားရဲစခန်းက
တရားလိုလုပ် တိုင်ကြား တရားစွဲဆိုခံခဲ့ရတဲ့ လူငယ် ၁၁ ယောက်ထဲက အနည်းဆုံး
၅ ယောက်ကို ထောင်ဒဏ်တွေချမှတ်လိုက်တာပါ။ မနေ့ကပဲ ကျောက်တံတားတရားရုံး
က လူငယ် ၂ ဦးကို ထောင်ဒဏ်တွေစီရင်ခဲ့တဲ့အကြောင်း အမှုမှာ လိုက်ပါကူညီ
ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ရှေ့နေ ဦးခင်မောင်ရှိန်က အခုလိုပြောပါတယ်။

“တယောက်က ကိုမျိုးအောင်ဆွေ၊ သူ့ဆီက ဓားဦးချွန်နဲ့ သုံးမြှောင့် စကေဘာလား၊
ဘာလား တွေ့တယ်ဆိုပြီး ကျောက်တံတားတရားရုံးမှာ ၃ နှစ်၊ သူက လက်နက်ပုဒ်မ
၁၉(င) နဲ့။ သူက အနောက်ပိုင်းတက္ကသိုလ်က စီးပွားရေး ဒုတိယနှစ်ကျောင်းသားပါ၊
အဝေးသင်ပေါ့။ သူက အလုပ်တဖက်နဲ့ ကျောင်းတက်နေတဲ့ကျောင်းသား။ ရုံးမှာ
ပေါ်ပေါက်ချက်အရ အဲဒီနေ့က သူက ကျူရှင်သွားရင်းနဲ့ အခေါ်ခံရပြီး အဖမ်းခံရတာ။ နောက်တယောက်က ခင်ဝင်းဆိုတာကလည်း အဲဒီနေ့ပဲ ဖမ်းထားတယ်။ ဒါပေမယ့်
ကိုခင်ဝင်းကတော့ လေးခွနဲ့ ဆိုက်ကားကုန်းသီး ၁၅ လုံး ရှာဖွေသိမ်းဆည်းရမိတယ်
ဆိုပြီး ၁၉(င) နဲ့ပဲ တင်တာပဲ။ သူ့ကို ပြစ်ဒဏ် ၆ လချတယ်”

စက်တင်ဘာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေထဲက ဒါဟာဆိုရင် ပထ
မဆုံးအကြိမ်အဖြစ် ထောင်ဒဏ်တွေ ချမှတ်စီရင်ခံခဲ့ရတာလို့ ဆိုရမယ့် အခုအမှုတွေနဲ့
ပတ်သက်ပြီး ဒီတပတ်အတွင်းမှာကိုပဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ အားလုံး (၅) ယောက်
အထိ ရှိသွားပြီလို့လည်း ဦးခင်မောင်ရှိန်က ဆိုပါတယ်။

“မနေ့ကမတိုင်ခင်မှာ ၁၁ ယောက်ထဲက ၂ ဦးက ဆုံးသွားတယ်လို့ပြောတယ်။ ၉ ဦး
ကျန်တာပေါ့။ ၉ ဦးထဲမှာ ၁ ဦးက လွတ်သွားတယ်ပြောတယ်။ အခု ၈ ဦးကျန်တယ်။
မနေ့က ၂ ဦး။ အဲဒီရက်မတိုင်ခင်က အမိန့်ချတာ ၆ ရက်နေ့က ၁ ဦး၊ ၅ ရက်နေ့က
၃ ဦးက ၃ နှစ်ဆီပဲ ပြစ်ဒဏ်ချတယ်။ သူတို့က ပထမဦးဆုံးလိုပဲဖြစ်မယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ တော်တော်များများက ရုံးမှာ ရမန်ယူနေကြတာပဲရှိတယ်။ စစ်တာက
ကျောက်တံတားရုံးက အခု ဒီကလေးတွေပဲပေါ့၊ ဒီအုပ်စုပဲ စစ်တာရှိတာကိုး”

အကြမ်းဖက်ဆူပူမှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ အာဏာပိုင်တွေဘက်က စွပ်စွဲချက်
တွေကြောင့် ဒီလို ထောင်ဒဏ်စီရင်ချက်တွေ ချမှတ်ခံခဲ့ရပေမယ့် အမှုသွားအမှုလာ
အရတော့ ဒီအချက်အလက်တွေဟာ ခိုင်ခိုင်မာမာ မရှိလှဘူးလို့ ဦးခင်မောင်ရှိန်က
သုံးသပ်ပါတယ်။

“ရုံးပေါ်မှာ စစ်ဆေးပေါ်ပေါက်ချက်ကတော့ဗျာ တရားလိုနဲ့ တရားလိုပြသက်သေတွေက
ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မဟုတ်ဘူးဗျ။ လုံခြုံရေးတပ်ဖွဲ့ကနေပြီးတော့ ဒီလိုဒီလို
ပဲ၊ ဆူပူသောင်းကျန်းနေလို့ သူတို့ လိုက်ဖမ်းတယ်၊ ရှင်းလင်းတယ်၊ ဖမ်းဆီးပြီးတော့
သူတို့ကို အပ်တာ။ သူတို့ဆီက ဒီပစ္စည်းတွေမိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ စွဲခဲ့တယ်။ စွဲပေမယ့်
အဲဒီမှာ ရှာဖွေပုံစံနဲ့ ရှာဖွေသက်သေတွေက ဒီ မြို့တော်ခန်းမရောက်မှ အဲဒီပစ္စည်းတွေ
ကို စားပွဲကြီးတခုပေါ်မှာ ဒီမှာကတော့ လေးခွတွေပါမယ်၊ ဓားဦးချွန်တွေပါမယ်၊ နောက် ဖန်ဂေါ်လီလုံးတွေပါမယ်၊ နောက် ခုနလို ကုန်းသီးတွေပါမယ်၊ လောက်စာလုံးတွေပါ
မယ်။ ဒါတွေ စားပွဲကြီးပေါ်မှာ ချထားပြီးတော့မှ ခုန ဖမ်းဆီးလာတဲ့လူတွေထဲက အခု
ဖြစ်တဲ့ ၁၁ ယောက်ပေါ့ဗျာ။ အဲဒီ ၁၁ ယောက်နဲ့ ဓာတ်ပုံအတူတူရိုက်တယ်။ မြန်မာ့
အလင်း သတင်းစာမှာလည်း ပါထားပြီးပြီ။

“အဲတော့ ကျနော်တို့က ဘာကိုပြလဲဆိုတော့ ဒီ မှုခင်းဖြစ်တဲ့နေရာမှာ ဒီရဲတွေကိုယ်
တိုင် ဖမ်းဆီးတာမဟုတ်ဘူး။ ရှာဖွေပုံစံနဲ့ သိမ်းဆည်းတယ်ဆိုတဲ့ လက်နက်တွေပါ
တယ်။ ဒီနေရာမှာ အချင်းဖြစ်တဲ့နေရာမှာ ရှာဖွေသက်သေနဲ့ သိမ်းဆည်းခဲ့တာ
မဟုတ်ဘူး။ ဒီမှာ ကျနော့်အမှုသည်တွေက ထွက်တာကတော့ ဘေးမှာ ရိုက်နေတာ
တွေ အသံတွေကြားရတယ်၊ အော်သံတွေ ဟစ်သံတွေ ကြားရတယ်။ အဲလိုဖြစ်တော့
နောက်ဆုံး မင်းတို့ ဒါမထိုးရင် ပိုပြီးတော့ အပြစ်ကြီးမယ် ဘာညာနဲ့ဆိုတော့ ထိုးပေး
ရတဲ့အခြေအနေ။ ဒါကတော့ ရုံးတော်မှာ ပေါ်ပေါက်ချက်ပေါ့ဗျာ”

အခုလို အထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ အပြစ်ပေး အယူခံရတယ်လို့ ယုံကြည်
တာကြောင့် လူငယ်တွေကို ပြစ်ဒဏ်စီရင်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထက်ရုံးတွေ
မှာ ဆက်ပြီး အယူခံသွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG