သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံထားရသူများအတွက် မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် စိုးရိမ်


မြန်မာနိုင်ငံမှာ မနှစ်က စက်တင်ဘာအရေး
အခင်းကြောင့် ဖမ်းဆီးအကျဉ်းချခံရသူတွေ
အတွက် အထူးစိုးရိမ်ရတဲ့ အနေအထားမှာ
ရှိတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုး (Paulo Sergio
Pinheiro) က မနေ့က ကြေညာချက်ထုတ်
ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်
ပွားခဲ့တာ ငါးလနီးပါးရှိသွားပေမယ့် မြန်မာ
စစ်အစိုးရက သူတို့ကို ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေကို ဆက်ပြီး ဖမ်းဆီးထောင်ချ နှိမ်နင်းနေဆဲပဲလို့ မစ္စတာပီညဲရိုးက
မနေ့က ဂျီနီဗာမြို့မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ မစ္စတာပီညဲရိုးက လက်ရှိ မြန်မာ
နိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောဆိုသွား
တာကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက မနှစ်က စက်တင်ဘာအရေးအခင်းပြီးပြီးချင်း
လူထုကို အစိုးရက ဖြိုခွဲခဲ့တဲ့ အနေအထားနဲ့ မကွာလှပါဘူး။ ကျနော့်ရဲ့ အစီရင်ခံစာမှာ
ပြောခဲ့သလိုပဲ ဖမ်းဆီးခံရမှုတွေဟာ တရားဥပဒေကြောင်းအရ ခုခံကာကွယ်ခွင့် မရကြ
ဘဲ အပြစ်ဒဏ်ချခံရတာ၊ တရားဥပဒေဆိုင်ရာ ဘာအခွင့်အရေးမှမရဘဲ ရုံးတင်ခံရတာ
တွေအတွက် ကျနော် အထူးပဲစိုးရိမ်မိပါတယ်”

ဒီလိုမျိုး စစ်အစိုးရရဲ့ ဆက်လက်နှိမ်နင်းမှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့
ကိုက်ညီတဲ့၊ လွတ်လပ်ပြီး မျှတတဲ့တရားခွင် ရသင့်ရထိုက်တဲ့ ပြည်သူတွေအတွက်
အခွင့်အရေး ချိုးဖောက်တာပဲလို့ မစ္စတာပီညဲရိုးက ဆိုပြီးတော့ ဒီ့အတွက် မြန်မာ
စစ်အစိုးရမှာ အဓိကတာဝန်ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံသားတိုင်း ရသင့်ရထိုက်
တဲ့ အခြေခံအခွင့်အရေးတို့ကို ထားရှိပေးဖို့ဆိုတာ စစ်အစိုးရရဲ့ တာဝန်ပါလို့ ပြောကြား
သွားပါတယ်။ မစ္စတာပီညဲရိုးက အကျဉ်းကျခံနေရသူတွေအတွက် အရေးပေါ် ကျန်းမာ
ရေးစောင့်ရှောက်မှု လိုအပ်တယ်လို့လည်း ကြေညာချက်မှာ စစ်အစိုးကို တိုက်တွန်း
ထားပေမယ့် အသေးစိတ်ကိုတော့ ပြောမထားပါဘူး။

အခုလိုမျိုး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး သူ့ရဲ့ ပြောကြား
ချက်က သူ့ရဲ့ နောက်လာမယ့် မြန်မာနိုင်ငံခရီးစဉ်အပေါ် သွားရိုက်ခတ်မှုရှိမှာ မစိုးရိမ်
ဘူးလားဆိုတဲ့ အမေးကိုတော့ မစ္စတာပီညဲရိုးက …
“မစိုးရိမ်ပါဘူး။ အခုလိုမျိုး ကျနော် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့အရာတွေကို
မြန်မာအစိုးရနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံတုန်းကလည်း ကျနော် ပြောခဲ့တာပါပဲ။ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး ကျနော် အကဲဖြတ်ခွင့် ရမရဆိုတာ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်
ချက်အပေါ် မူတည်ပါတယ်။ ပြည်ဝင်ခွင့်မရမှာစိုးလို့ဆိုပြီး ကျနော်ပြောသင့်တာ မပြော
ရတာ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးသင့်တဲ့ သတင်းအချက်အလက် မပေးရ
ဘူးဆိုတဲ့ အခြေအနေမျိုးတော့ အဖြစ်မခံပါဘူးဗျာ”
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
ပေါ်လိုဆာဂျီယို ပီညဲရိုး ပြောသွားတာပါ။

မစ္စတာပီညဲရိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကအခြေအနေတွေကို ကုလသမဂ္ဂမှာ ပြန်အစီရင်ခံခဲ့တော့ မြန်မာနိုင်ငံမှာ
၂၀၀၇ စက်တင်ဘာတော်လှန်ရေးအတွင်းမှာ သေဆုံးသူ ၃၁ ဦးရှိခဲ့တယ်၊ လူပေါင်း
၄,၀၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ မကြာခင်ကထွက်လာခဲ့တဲ့ အစီရင်ခံစာတစောင်မှာတော့
ဖမ်းဆီးမှုတွေ ဆက်မလုပ်တော့ပါဘူးလို့ ပြောနေတဲ့ စစ်အစိုးရက နိုဝင်ဘာလ
နောက်ပိုင်းမှာကို ဖမ်းဆီးခဲ့သူ ၉၆ ဦးရှိတယ်လို့ ပြောထားပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကြောင့် မစ္စတာပီညဲရိုးက မြန်မာ့အရေး
ဝိုင်းဝန်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့လုပ်ရပ်ကို အထူး အားရကျေနပ်
မိပေမယ့် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို တခုမှမလိုက်လျောတဲ့ မြန်မာစစ်အစိုး
ရရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး လုံးဝကျေနပ်အားရမှု မရှိပါဘူးလို့ ဆိုပါတယ်။

မစ္စတာပီညဲရိုးဟာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလ
သမဂ္ဂကို အစီရင်ခံရမှာဖြစ်ပြီး မတ်လကုန်မှာတော့ အခု သူထမ်းဆောင်နေတဲ့ တာဝန်
ဝတ္တရားတွေကို တခြားကိုယ်စားလှယ်တယောက်ကို လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလကုန်မတိုင်ခင် မြန်မာနိုင်ငံကို လာရောက်ခွင့်မရှိဘူးဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံအရေး တွေ့ရှိချက်တွေကို အစီရင်ခံဖို့ကိစ္စမှာ ခက်ခဲပါလိမ့်မယ်လို့ ပြောကြား
သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG