သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူလူထုအတွက် အမေရိကန်အစိုးရရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ


မနက်ဖြန် ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာ (၆၁) နှစ် ပြည့်မြောက်ခဲ့ပါပြီ။ မနက်ဖြန် ကျရောက်မယ့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရင်းနဲ့ စစ်အာဏာရှင်လက်အောက် ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင်၊ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်အောင် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စု က ဆက်ပြီးတော့ အားပေးထောက်ခံ သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရ ရွှန် မက်ကောမက် (Sean McCormack) ရုံး က ဂေါ်ဒန် ဒူးဂွတ် (Gordon Duguid) က ကြေညာချက်ကို အခုလို ဖတ်ပြခဲ့ပါတယ်။

“ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တဲ့အတိုင်း အခုလို အချိန်သမယမှာ မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန်ပြည်ထောင်စု က နွေးထွေးတဲ့ ဆုမွန်ကောင်း မေတ္တာတွေ ပို့သပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေကို ပြန်ပြောင်း တွေးမိစေသလို ကျနော်တို့ အမေရိကန်နိုင်ငံရဲ့ သမိုင်းကိုလည်း ပြန်ပြီး သတိရ အောက်မေ့စေပါတယ်။

“ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် အခြေခံလူ့အခွင့်အရေး တွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ဖို့ အတွက် တိုက်ပွဲဝင် နေကြတဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားသူတွေကို အမေရိကန်ပြည်ထောင်စုက အမြဲတမ်း ထောက်ခံအားပေးနေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လွတ်လပ်ပြီး ငြိမ်းချမ်းရေးတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမြော်အမြင်တွေကို ကျနော်တို့ လေးစားဂုဏ်ပြုရင်းနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီကနေ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို မြန်မာနိုင်ငံသားတွေ ခံစားနိုင်မယ့်နေ့ အမြန်ဆုံး ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်စောင့်စားနေပါတယ်။”

မနက်ဖြန် ကျရောက်မယ့် လွတ်လပ်ရေးနေ့ မတိုင်ခင်မှာ အမေရိကန်ပြည်ထောင်စုက အခုလို ကြေညာချက် ထုတ်ပြန် ပြီးတော့ မြန်မာပြည်သူတွေရဲ့ လူအခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ကြိုးပမ်းချက်တွေကို အားပေးထောက်ခံနေတဲ့အကြောင်း အလေးပေး ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)နဲ့ မစ္စ ဘန် စွန် ထက် (Ban Soon-taek) တို့ကို လာမယ့် ဇန်နဝါရီလ ၆ ရက် နေ့ကျရင် နေ့လည်စာ ဧည့်ခံကြွေးမွေးရင်း ကုလသမဂ္ဂ ရဲ့ ရှေ့အနာဂတ် ကိစ္စတွေနဲ့ ကမ္ဘာတဝှမ်းက အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီအကြောင်းအရာ တွေထဲမှာတော့ ကုလသမဂ္ဂ အတွင်း ပြုပြင်းပြောင်းလဲရေးကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ ဆိုမားလီးယားအရေး နဲ့ ဒါဖောဒေသမှာ ငြိမ်းချမ်းရေးတပ်တွေ ထားရှိရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG