သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေး မြေပြင်တပ်နဲ့ ဟားမတ်အဖွဲ့ တိုက်ပွဲများ ပြင်းထန်၊ လူ ၅၀၀ ဝန်းကျင် သေဆုံးပြီ


စနေနေ့ ညနေပိုင်းကစလို့ အစ္စရေး မြေပြင်တပ်တွေ ပါလက်စတိုင်း နယ်မြေထဲအထိ ဝင်ရောက် စစ်ဆင် တိုက်ခိုက်နေရာမှာ ဂါဇာ ကမ်းမြှောင် အရပ် နေရာ အတော်များများမှာ အစ္စရေးနဲ့ ဟားမတ် စစ်သွေးကြွ တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ အစ္စရေးဖက်က စစ်သား ၃၀ ဒဏ်ရာ ရထားပြီး ဒီအထဲမှာ နှစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ အစ္စရေးဖက်က ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဟားမတ် စစ်သွေးကြွတွေ သေကြေ ဒဏ်ရာ ရထားကြတယ်လို့လည်း အစ္စရေးဖက်က ပြောပါတယ်။ အစ္စရေးဖက်က ပါလက်စတိုင်းကို တပတ်ကြာ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လူ ၅၀၀ ဝန်းကျင် သေဆုံးသွားပြီလို့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Sonja Pace က အခု စစ်ပွဲအခြေအနေနဲ့ပတ်သက်လို့ သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပါတယ်။

အစ္စရေး စစ်သားတွေဟာ စနေနေ့ရဲ့ အမှောင်ကို အကာအကွယ် ယူပြီးတော့ ဂါဇာနယ်စပ်ကို ဖြတ်ကျော်၊ ဒီကနေ ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်း တခွင်ကို ဖြန့်ကြက် ဝင်ရောက်လာပါတယ်။

စစ်သားတွေနဲ့ တင်ကားတွေဟာ ဂါဇာမြို့တဝိုက်နဲ့ နေရာ အတော်များများကို ဖြန့်ကြက်ဝင်ရောက်နေကြပါပြီ။ တင်းကားတွေဟာ ဂါဇာမှာရှိတဲ့ အရင် အစ္စရေးအခြေချနေထိုင်သူတွေနေရာအချို့မှာ အကာအကွယ် ယူထားကြပြီး၊ ဒီစစ်ရေး လှုပ်ရှားမှုကြောင့် ဂါဇာ ကမ်းမြှာင် အရပ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ထိထိရောက်ရောက် ပိုင်းခြား ပစ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အစ္စရေးဟာ ခြေလျင်တပ်တွေ တင့်ကားတွေ လက်နက်ကြီးတွေ စစ်လေယဉ်တွေနဲ့ ရေတပ် ကိုပါ သုံးပြီး တညတည်း အတွင်းမှာကို ပစ်မှတ် နေရာပေါင်း ၄၀ကျော်ကို တိုက်ခိုက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့လုပ်တဲ့ အစ္စရေး ဝန်ကြီးအဖွဲ့ အစည်းအဝေး မတိုင်ခင် အစ္စရေး ဝန်ကြီးချုပ် အီဟွတ်အိုမာဒ်က ဒီလို ပါလက်စတိုင်း ဒေသအတွင်း မြေပြင်တပ်တွေ ဝင်ရောက် တိုက်ခိုက်ဖို့ ဆိုတာကို သောကြာနေ့ကတည်းက ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့ပါးပါး ဆုံးဖြတ်ရတာမဟုတ်ပဲ၊ အခြေအနေတွေ ငြိမ်သက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လအတန်ကြာစောင့်ဆိုင်းပြီး ဖြစ်မလာတဲ့နောက်မှာ ဆုံးဖြတ်ရတာဖြစ်တယ်” လို့ မစ္စတာအိုမာဒ်က ဟီဘရူးဘာသာစကားနဲ့ ပြောခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအတွက် မဆုံးဖြတ်ခင်မှာကို အစ္စရေး အစိုးရအနေနဲ့ အရာရာ ပြင်ဆင် ဆောင်ရွက် ပြီးသွားပြီလို့ မစ္စတာ အိုမာဒ်က ပြောပါတယ်။ ဒါ့အပြင် ဒီအခြေအနေဟာ မလွဲှမရှောင်သာ ဖြစ်လာရတယ်လို့လည်း ဆိုပါတယ်။

ဟားမတ်နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးရေးဆွေးနွေးဖို့ ဒီဇင်ဘာမှာ ပျက်ပြယ်သွားပြီး၊ အစ္စရေးတောင်ပိုင်းကို စစ်သွေးကြွတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့နောက်၊ အခုလို စစ်ဆင်ရေးဆင်နွှဲဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ အစ္စရေးဖက်က ပြောပါတယ်။ ကနဦး အဆင့်မှာတော့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဟားမတ်အဖွဲ့ရဲ့ ပစ်မှတ်တွေ အဆောက်အဦ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာမတ်ဖက်က ဂါဇာဟာ အစ္စရေးတွေအတွက် သချိုင်း ဖြစ်စေရမယ်လို့ သတိပေးပြီး အာခံနေခဲ့ပါတယ်။

အခု တိုက်ပွဲ အခြေအနေကြောင့် အစ္စရေး စစ်သားတွေရော ဟားမတ် တိုက်ခိုက်ရေးသမားတွေရော ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်း ပြည်သူတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။ ဂါဇာမှာရှိတဲ့ ဆေးဖက် အရာရှိတွေရဲ့ ပြောချက် အရတော့ အစ္စရေးက စစ်ဆင်ရေးကြောင့် ပါလက်စတိုင်းတွေ သေဆုံးမှုဟာ အခုဆို ၅၀၀ ဝန်းကျင် အထိရောက်လာပြီလို့ သိရပါတယ်။

XS
SM
MD
LG