သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ


မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ကြမ်းတမ်းတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေကြရသလို၊ ထောင်တွေကို တထောင်ပြီးတထောင် ရွှေ့ပြောင်းနေလို့ မိသားစုတွေ သောကရောက် နေကြရပါတယ်။ အထူးသဖြင့်တော့ ထောင်တွင်းအခြေအနေတွေ ဆိုးလွန်းလို့ မကြာသေးခင်တုန်းကပဲ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ပဲခူးထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ပိုပြီးဝေးလံတဲ့ ထောင်တွေကို ပြောင်းပစ်နေတာပါ။ ဒီအကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အစောပိုင်းမှာ ပဲခူးထောင်ကို ပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့ ကိုအောင်ကျော်ဦး ကို မိသားစုကိုတောင် အသိမပေးပဲနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ် ပူတာအို အကျဉ်းထောင်ကို ထပ်ပြီး ရွှေ့လိုက်တာပါ။ နိုင်ငံတော် ်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ ခ အပါအဝင် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ ချမှတ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်း ပဲခူးထောင်ကို ပြောင်းရွှေ့ခံခဲ့ရတုန်းကလည်း ကိုအောင်ကျော်ဦး ကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် အနိုင့်အထက် ပြုကျင့်ခဲ့တာတွေ ရှိခဲ့တယ်လို့ မိသားစုက ပြောထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောဆိုထားတဲ့ကြားကပဲ အခုနောက်ဆုံးမှာတော့ မိသားစုတောင် မသိရပဲနဲ့ ဝေးလံခေါင်ဖျားတဲ့ ထောင်ကိုရွှေ့လိုက်ပြီဆိုတာ တခြာ းနိုင်ငံရေးအကျဉ်းသား အသိုင်းအဝန်းက တဆင့်သိခဲ့ရတာလို့ ကိုအောင်ကျော်ဦး ရဲ့ ဇနီးသည်ဖြစ်သူ မအေးအေးမော် က ပြောပါတယ်။


“မနေ့က ကိုအောင်ကျော်ဦးကို ပူတာအိုမှာ တွေ့လိုက်တယ်လို့ ကိုအောင်တူးအိမ်က ပူတာအိုမှာ သွားတွေ့တုန်း ပြောတော့ ကျမ အရမ်း အံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုအောင်ကျော်ဦးက ပဲခူးမှာလေ။ ဒီနေ့ မနက်ကျတော့ ပဲခူးထောင်ကို ဖုန်းဆက်ကြည့်လိုက်တယ်။ ၅ညနဲ့ ရောက်နေတဲ့ ကိုအောင်ကျော်ဦး ပဲခူးမှာ ရှိသေးလားလို့ ဖုန်းဆက်လိုက်တော့ ကိုအောင်ကျော်ဦး မရှိတော့ပါဘူးတဲ့။ ကိုအောင်ကျော်ဦးကို ပို့လိုက်တာ တပတ်ရှိပါပြီတဲ့။ အဲလိုဆိုရင် ပို့တယ်ဆိုရင် ဘယ်ကို ပို့လိုက်သလဲပေါ့။ သူတို့က မြန်မာပြည်အထက်ပိုင်းကိုတဲ့၊ မြန်မာပြည်အထက်ပိုင်းဆိုတာ ဘယ်နေရာလဲ၊ အတိအကျသိချင်တယ်လို့ မေးလိုက်တော့ ကျွန်တော်တို့ မသိပါဘူး၊ အထက်က ညွှန်ကြားချက်အရတဲ့။ အာဏာပိုင်တွေက မသိဘူး။ ကျမတို့ ဖုန်းဆက်မေးတော့လည်း သူတို့က အတိအကျ မပြောဘူး။ ကျမတို့က ပူတာအိုဆိုတာ ကိုယ့်ဘာသာကို သိရတာ။ ဘာကြောင့်လဲ မသိဘူး။ ဘယ်လို ဒုက္ခတွေ ပေးနေသလဲ၊ ဘယ်လို အကြံဉာဏ်နဲ့ လုပ်နေသလဲဆိုတာ ကျမကတော့ မပြောတတ်တော့ဘူး။”


ထောင်တွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံနေရလို့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တွေ သောကရောက်နေကြတဲ့ နေရာမှာ မကြာသေးခင်ကစလို့ အခြေအနေတွေ တိုးတက်အောင်လုပ်ဖို့ ဆန္ဒပြတာမျိုးတွေ ဖြစ်ခဲ့တဲ့ ပဲခူးထောင် အခြေအနေကတော့ အဆိုးရွားဆုံးထဲက တခုဖြစ်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောနေကြတာပါ။
“ပဲခူးမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား တယောက်ဆို ဆေးကုသခွင့်မရလို့ သူ့ကိုယ်သူ သတ်သေတယ်။ ဒုတိယတယောက်ကတော့ မထားထားသက်ဆိုရင် ဆေးလိပ်နံ့ မခံနိုင်လို့ အခန်းပြောင်းခိုင်းတဲ့ကိစ္စကို အခန်းကြီးကို ပြောင်းလိုက်တယ်။ ကိုအောင်ကျော်ဦးက ကျန်းမာရေးမကောင်းဘူးလေ။ အရမ်း စိုးရမ်တာပေါ့။ ပဲခူးမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ပိုင်၊ ထောင်မှူးတွေ ပြဿနာတတ်တဲ့အခါ တွေ့ရတဲ့ အချက်တွေကတော့ ထောင်ပိုင်၊ ထောင်မှူးတွေကို မပြောင်းဘဲနဲ့ နိုင်ငံရေးသမားတွေကိုပဲ ဒုက္ခရောက်မယ့် ခက်ခက်ခဲခဲနေရာတွေကို ပြောင်းနေတာကိုပဲ ကျမတော့ တွေ့ရတယ်။ မိသားစု ဒုက္ခရောက်အောင်၊ စိတ်ဆင်းရဲအောင်၊ ဘာမှမပြောပဲ ပြောင်းချင်တဲ့နေရာ ပြောင်းနေတယ်။ မိသားစုကို ခက်ခဲအောင် လုပ်နေတာတွေပေါ့နော်။”


မကြာသေးခင်ကပဲ ကချင်ပြည်နယ် ပူတာအိုထောင် ကို ထပ်ဆင့်ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဦး ရဲ့ ဇနီးသည်ဖြစ်တဲ့ မအေးအေးမော် ပါ။


ပြီးခဲ့တဲ့ နှစ်ထဲကစလို့ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေကစလို့ ဖမ်းဆီးခံထားရသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာနယ်ထောင်တွေကို ပို့ဆောင်ခဲ့လို့လည်း မိသားစုဝင်တွေအဖို့ သွားရေးလာရေး တွေ့ဆုံရေးအတွက် အခက်တွေကြုံနေကြရတာပါ။ နောက်ပြီးတော့လည်း ဒီလိုပို့လိုက်တဲ့ နယ်ထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေရှိနေလို့ စိုးရိမ် မကင်းဖြစ်သံတွေ ထွက်ပေါ်နေတဲ့ ကြားကပဲ ကိုဋ္ဌေးလွင်ဦး၊ ကိုရာပြည့် စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မန္တလေးထောင်တွင်းမှာ မကြာသေးခင်ကပဲ ကွယ်လွန် ဆုံးပါးတဲ့အဖြစ်မျိုးအထိ ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့တာပါ။ ပြည်ပမှာ အခြေစိုက်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေ အရဆိုရင်လည်း ဒီမိုကရေစီရေး တောင်းဆိုအုံကြွခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်ကစလို့ အကျဉ်းထောင်တွေထဲမှာ ဆုံးပါးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ဆိုရင်လည်း ၁၄၀ လောက်အထိ ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG