သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ


ဆူဒန်နိုင်ငံက ဒါဖောဒေသမှာ စစ်ရာဇဝတ်မှု
ကျူးလွန်ခဲ့ကြမှုအပေါ် တာဝန်ရှိတဲ့ ဆူဒန်သမ္မတ
အိုမာ ဟတ်ဆန် အယ်လ်-ဘာရှီးယား (Omar
Hassan al-Bashir) ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး
တင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်တော်
များများနဲ့ မိမိတို့ တွေ့ဆုံဆွေးနွေးနေတယ်လို့
တရုတ်အစိုးရက ပြောတဲ့အကြောင်း ဗွီအိုအေ
သတင်းထောက် စတက်ဖ်နီ ဟိုး (Stephanie Ho)
ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကို
ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံဟာ ဆူဒန်ရဲ့ အကြီးဆုံးသော ရင်းနှီး
မြှုပ်နှံနေတဲ့နိုင်ငံပါ။ အဲဒီလို နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ရှိနေတာကြောင့် ကမ္ဘာပေါ်
မှာ ဆူဒန်အစိုးရရဲ့ ဒါဖောဒေသက အပြစ်အနာအဆာတွေကို မကြာခဏ ရှေ့နေ
လိုက်ပေးနေတဲ့ ဆူဒန်ရဲ့ အကျိုးတော်ဆောင်ကြီးအဖြစ် တရုတ်နိုင်ငံကို တွေ့မြင်နေရ
ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဥပဒေအကျိုးဆောင်
အရာရှိချုပ်က ဆူဒန်သမ္မတ အိုမာ ဟတ်ဆန် အယ်လ်-ဘာရှီးယားကို ဖမ်းဝရမ်းထုတ်
ပေးဖို့ တရားသူကြီးတွေကို တောင်းဆိုခဲ့ပါတယ်။ ဥပဒေအကျိုးဆောင်ရဲ့ စွပ်စွဲချက်မှာ
ဆူဒန် ဒါဖောဒေသက လူမျိုးနွယ်တုံး သတ်ဖြတ်မှုကြီးတွေကို ဆူဒန်သမ္မတ ဘာရှီးယား
စီစဉ်ညွှန်ကြားခဲ့တယ်လို့ ပါဝင်ပါတယ်။

ဒါဖောဒေသက သူပုန်အုပ်စုတွေနဲ့ အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့
စစ်အုပ်စုတွေကြားက စစ်ပွဲတွေအတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ကြ
ရတယ်လို့ နိုင်ငံတကာက ဆူဒန် ဒါဖောအရေး လေ့လာသူတွေက ဆိုပါတယ်။

ဆူဒန် ဒါဖောအရေးအတွက် တရုတ်နိုင်ငံရဲ့ အထူးသံတမန် လျူ ဂွေဂျင်း (Liu Guijin)
ဟာ အခုအခါမှာ ခါတွန်မြို့တော်မှာ ဆူဒန်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
ဆူဒန်သမ္မတကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခြင်းအားဖြင့် ဒါဖောဒေသ ပဋိပက္ခမှာ
ပိုမိုအန္တရာယ်ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရမှာဖြစ်တယ်လို့ တရုတ်
သံတမန် လျူက ပြောကြားခဲ့တာကို ဒီသီတင်းပတ်အစောပိုင်း နိုင်ငံတကာ သတင်း
တွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒါဖောပြဿနာ ဖြေရှင်းရေးအတွက် နိုင်ငံတကာမှာ အချိန်ပိုမိုရရှိအောင် အခုလို ဆူဒန်
သမ္မတကို တရားစွဲမယ့်ကိစ္စ ရွှေ့ဆိုင်းသင့်တယ်လို့လည်း လျူရဲ့ ပြောကြားချက်တွေကို
သတင်းတွေမှာ ကိုးကားခဲ့ကြပါတယ်။ အကယ်၍သာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး
(အိုင်စီစီ) မှာ ဆူဒန်သမ္မတ ဘာရှီးယားကို တရားစွဲဆို ရုံးတင်နိုင်ခဲ့ရင် ဒါဟာ လက်ရှိ
အာဏာရှိနေတဲ့ နိုင်ငံခေါင်းဆောင်တယောက်ကို ပထမဆုံးအကြိမ် အိုင်စီစီမှာ ရုံးတင်
နိုင်ခြင်း ဖြစ်မှာပါ။

ဘေဂျင်းမြို့မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့
ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဆူဒန်ဆိုင်ရာ တရုတ်သံတမန် လျူရဲ့ ပြောကြားချက်
တွေကို ပြောရေးဆိုခွင့်ရှိသူ ကျင်ဂန်း (Qin Gang) က အတည်မပြုခဲ့ပါဘူး။ ဒါပေမယ့်
ဆူဒန်မှာ တည်ငြိမ်နေမှု ထိန်းသိမ်းထားရေးရဲ့ အရေးပါချက်ကို နိုင်ငံတကာ
စစ်ရာဇဝတ်ခုံရုံးက လျစ်လျူမရှုထားသင့်ဘူးလို့ မစ္စတာ ကျင်ဂန်းက အခုလိုပြောဆိုပါ
တယ်။

“ဒါဖောဒေသဆိုင်ရာ ဘယ်တရားစီရင်မှုမဆို ဆူဒန်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို
မထိခိုက်ရေး သဘောပေါက်ရမယ်” လို့ ကျင်ဂန်းက အလေးပေးပြောသွားပါတယ်။

တရုတ်ဟာ နောက်လှမ်းရမယ့်ခြေလှမ်းနဲ့ ဒါဖောအရေးအပေါ်မှာ အနာဂတ်ရပ်တည်
ချက်တို့ကို တည်မှီပြီးတော့မှ ဆုံးဖြတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါ
တယ်။

ဆူဒန်ကိုမသွားခင် တရုတ်အထူးသံတမန် လျူဟာ ရုရှားကိုသွားပြီး ဆူဒန် ဒါဖော
အရေး ရုရှားအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။ ရုရှားဟာလည်း တရုတ်နဲ့အတူ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ဗီတိုအာဏာပိုင်ရှင် ဖြစ်နေတာကြောင့် အခုလို
တရုတ်က သွားပြီး တိုင်ပင်ခဲ့ပုံရပါတယ်။

ဒီသီတင်းပတ် နှောင်းပိုင်းမှာတော့ တရုတ်အရာရှိတွေဟာ ဆူဒန်ရဲ့ အိမ်နီးချင်း
အီသီယိုးပီးယားကိုလည်း သွားပြီး ဒါဖောဒေသ ပဋိပက္ခအတွက် ဆွေးနွေးမှုတွေ
လုပ်ဦးမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG