သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီနီရွေးကောက်ပွဲ ခြောက်လအတွင်းမလုပ်ရင် အာဖရိကသမဂ္ဂ အရေးယူမည်


ရွေးကောက်ပွဲတွေ ကတိပေးထားတဲ့အတိုင်း ၆ လအတွင်း မကျင်းပခဲ့ရင်၊ ဂီနီ နိုင်ငံ က စစ်အစိုးရ ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူတာ ကို ခံရလိမ့်မယ်လို့ အာဖရိက သမဂ္ဂ က ပြောပါတယ်။ အာဏာသိမ်းတာအပေါ် ဘယ်လို တုံ့ပြန် အရေးယူ ကြမယ် ဆိုတာ ကို ဆွေးနွေးဖို့အတွက် အနောက်အာဖရိက ခေါင်းဆောင်တွေ ဟာ နိုင်ဂျီးရီးယား နိုင်ငံ မှာ စနေနေ့ တွေ့ဆုံဖို့ စီစဉ်ထားကြတယ်လို့ အနောက်အာဖရိက ဗွီအိုအေ သတင်းထောက် Scott Stearns က သတင်းပေး ပို့ထားပါတယ်။ ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

ဂီနီနိုင်ငံ ကို အကြာကြီး အုပ်ချုပ်ခဲ့တဲ့ သမ္မတ လာဆားနား ကောန်တေး ရဲ့ ဈာပန အခမ်းအနား အရင်လတုံး က ကျင်းပပြီး သွားတဲ့အခါမှာ၊ အာဖရိက သမဂ္ဂ ကော်မရှင် ဥက္ကဌ ယန်းပင်း ဟာ အာဏာသိမ်း ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကောန်တေး ကွယ်လွန်သွားပြီး နာရီပိုင်းအတွင်းမှာ ကြည်းတပ် ဗိုလ်ကြီး မူဆာ ကင်န်မာရာ က အာဏာ သိမ်းခဲ့ပါတယ်။ နှစ် နှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပေးခဲ့ပြီး၊ အရပ်ဘက် ခေါင်းဆောင်တွေ ကို အာဏာစွန့်စေခဲ့ပါတယ်။ အချိန် ၂ နှစ် ယူထားတာ ဟာ သိပ် ကို ကြာလွန်းပါတယ်လို့ ပင်း က ဗိုလ်ကြီး ကင်န်မာရာ ကို ပြောခဲ့ပါတယ်။


“ခင်ဗျား က ၂ နှစ်ပြောတယ်။ ၂ နှစ်တော့ လက်မခံနိုင်ဘူး လို့ ကျွန်တော် သူ့ ကို ပြောခဲ့ပါတယ်။ ခင်ဗျား ဖြစ်စေချင် တယ်ဆိုရင်၊ ကျွန်တော် က ၆ လ နဲ့ လုပ်ဖို့ အဆင့်သင့်ပါပဲ လို့ သူ က ပြန်ပြောပါတယ်။ အခြေအနေတွေ က ကောင်းနေတယ်ဆိုရင်ပေါ့ဗျာ တဲ့။”


ဂိနီ နိုင်ငံ ရဲ့ အရင် ဖွဲ့စည်းအုပ်ချုပ်ပုံ မှာ ပြဌာန်းထားတဲ့ သမ္မတ သက်တမ်း ကို ပြန်ဖော်မယ်လို့ ဗိုလ်ကြီး ကင်န်မာရာ က သူ့ ကို ပြောခဲ့ကြောင်း သတင်းထောက်တွေ နဲ့ အဒစ် အဘာဘာ မြို့ မှာ သောကြာနေ့ တွေ့ဆုံတုန်း ပင်း က ပြောပါတယ်။ အဲဒီ ဖွဲ့စည်းပုံ မှာ သမ္မတ သက်တမ်း က ၅ နှစ် သက်တမ်း ဖြစ်ပါတယ်။ သမ္မတ ကို သက်တမ်း ၂ သက်တမ်း ထက် ပို မထမ်းဆောင်ဖို့ ကန့်သတ်ထားပါတယ်။ သမ္မတ ကောန်တေး လက်ထက်မှာတော့ အဲဒီ ပြဌာန်းချက် ကို ပြင်ပြီး၊ သမ္မတ သက်တမ်း တစ်တမ်း ကို ၇ နှစ် နဲ့ သက်တမ်း အရေအတွက် အကန့်အသတ်မရှိ ထမ်းဆောင်နိုင်တယ်လို့ ပြင်ခဲ့ပါတယ်။ ဗိုလ်ကြီး ကင်န်မာရာ က သမ္မတ ကောန်င်တေး လုပ်ထားခဲ့တာ ကို ပြန်ပြင်မှာ ဖြစ်ပါတယ်။


အာဏာသိမ်း ခေါင်းဆောင် ဘယ်ခေါင်းဆောင် မှ ရွေးကောက်ပွဲ မဝင်ဘူး ဆိုတဲ့ ကတိနဲ့အတူ စစ်ခေါင်းဆောင်တွေ က ပေးထားတဲ့ ကတိအတိုင်းသာ တည်မယ်ဆိုရင်၊ အာဖရိက သမဂ္ဂ ဟာ ဂီနီ နိုင်ငံ မှာ ဒီမိုကရေစီ ပြန်လည် ပေါ်ပေါက် လာအောင် ကူညီပါမယ်လို့ ဗိုလ်ကြီး ကင်န်မာရာ ကို ပြောခဲ့ကြောင်း ပင်း က ဆိုပါတယ်။


“ခင်ဗျားတို့ ပြောထားတာ ကို လေးစားမစား ကျွန်တော်တို့ က စောင့်ကြပ် ကြည့်ရှုနေမှာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အတိုင်း တည်ငြိမ်မှုပြန်ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ က ကူညီဖို့ အဆင်သင့်ရှိပါတယ် လို့ သူတို့ ကို ကျွန်တော်တို့ က ပြောပါတယ်။ အဲသလို မဟုတ်ဘူး ဆိုရင်တော့ ပိတ်ဆို့ အရေးယူတာ ကို ခင်ဗျားတို့ ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။”


အာဖရိက သမဂ္ဂ က ဂီနီ ကို အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားပြီးပါပြီ။ ကုလသမဂ္ဂ၊ အမေရိကန် နဲ့ ဥေရောပ သမဂ္ဂ တို့ကလည်း အာဏာသိမ်းတာ ကို ရှုတ်ချထားကြပြီး၊ အရပ်ဘက် အုပ်ချုပ်ရေး ကို မြန်မြန်ပြန်သွားဖို့ တောင်းဆိုထားကြပါတယ်။
ဂီနီ အာဏာသိမ်းပွဲ ကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာ ဆွေးနွေးကြဖို့အတွက် အနောက်အာဖရိက နိုင်ငံများ စီးပွါးရေး အသိုက်အဝန်း ထဲ က ဒေသတွင်း ခေါင်းဆောင်တွေ ဟာ နိုင်ဂျီးရီးယား နိုင်ငံ မှာ စနေနေ့ တွေ့ဆုံကြမှာပါ။ ဗိုလ်ကြီး ကင်န်မာရာ ရဲ့ စစ်အုပ်ချုပ်ရေး ကောင်စီ ကို ဆန့်ကျင်ပြီး ပိတ်ဆို့အရေးယူတာ ကို စဉ်းစားဖို့ နိုင်ဂျီးရီးယား သမ္မတ အူမာရူ ယာအာဒူအာ Umaru Yar'Adua က အထူးအစည်းအဝေးတစ်ရပ် ကို ခေါ်ခဲ့ပါတယ်။ စစ်တပ် အာဏာသိမ်းတာ ကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်နိုင်မလဲ ဆိုတာ နဲ့ ပတ်သက်ပြီး မဟာမိတ်တွေကြား မှာ ကွဲပြားနေပါတယ်။


လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးထားတဲ့အတွက် နိုင်ငံတကာ ထောက်ခံမှု ကို အာဏာသိမ်းခေါင်းဆောင်တွေ ရရှိထိုက်တယ်လို့ ဆီနီဂေါ သမ္မတ အဘူဒါလာဝပ် Abdoulaye Wade က ပြောပါတယ်။ ဗိုလ်ကြီး ကင်န်မာရာ ဟာ အန္တရာယ်ကြီးမားလှတဲ့ ကွက်လပ်တစ်ရပ် ကို ဖြည့်ဖို့အတွက် အာဏာသိမ်းလိုက်တဲ့ လူရိုးလူငယ်လေးတစ်ယောက်ပါ လို့ သူ က ဆိုပါတယ်။


အာဏာသိမ်းတာ ဟာ သိမ်းသင့်တဲ့ အချိန်မှာ သိမ်းတာဖြစ်ပြီး၊ မျိုးချစ်စိတ်ဓာတ်ပီသတယ်လို့ ယခင် နိုင်ဂျီးရီးယား ခေါင်းဆောင် အီဘရာဟင် ဘာဘန်ဂီဒါ က ပြောပါတယ်။ ဘာဘန်ဂီဒါ ကလည်း ၁၉၈၅ ခုနှစ် မှာ သူကိုယ်တိုင် အာဏာ သိမ်းခဲ့သူ တစ်ယောက်ပါ။ စစ်တပ် က အာဏာမသိမ်းမီ ကဆိုရင် ဂီနီနိုင်ငံ ဟာ ဟိုဘက် ဒီဘက် ကွဲပြားနေတယ်လို့ သူ က ပြောပါတယ်။ စစ်ခေါင်းဆောင်တွေ ကို ဝေဖန်နေမယ့်အစား၊ နိုင်ငံတကာ အသိုက်အဝန်း ဟာ ဂီနီနိုင်ငံ သူ့ခြေထောက်ပေါ် သူ ပြန်ရပ်နိုင်အောင် ကူညီသင့်တယ်လို့ သူ က နိုင်ဂျီးရီးယား ရုပ်မြင်သံကြား ကို ပြောသွားပါတယ်။


ဘာဘန်ဂီဒါ ဟာ သမ္မတ ယာအာဒူအာ ရဲ့ အထူး ကိုယ်စားလှယ်အဖြစ် ဂီနီနိုင်ငံ ကို သွားခဲ့သူပါ။ နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး က စစ်အစိုးရ ကို အသိအမှတ် ပြုလိမ့်မယ်မဟုတ်ဘူး လို့ ပြောကြောင်း သူ့ ကို ပြောပြတဲ့အခါ၊ နိုင်ငံခြားရေး ဝန်ကြီး ဟာ ဂိနီ မှာ တကယ်ဖြစ်နေတာ ကို ရိပ်ဖမ်းမိပုံမရဘူး လို့ ဘာဘန်ဂီဒါ က နိုင်ဂျီးရီးယား ရုပ်မြင်သံကြား ကို ပြောပါတယ်။


ဒေသတွင်း မဟာမိတ်တွေ က စစ်အာဏာသိမ်းတာ ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြပြီး ဂီနီ ကို ပိတ်ဆို့ အရေးယူဖို့ စဉ်းစားလိမ့်မယ် လို့ အနောက်အာဖရိက နိုင်ငံများ စီးပွါးရေး အသိုက်အဝန်း ရဲ့ အလုပ်အမှုဆောင် အတွင်းရေးမှူး မိုဟာမက် အင်ဘင်န် ချမ်းဘာ့စ် Mohamed Ibn Chambas က ပြောပါတယ်။


တကယ်လို့ ရွေးကောက်ပွဲ ကို မြန်မြန် မကျင်းပဘူး ဆိုရင်၊ ဗိုလ်ကြီး ကင်န်မာရာ ရဲ့ စစ်အစိုးရ ကို အာဖရိက သမဂ္ဂ က ပူးပေါင်းညှိုနှိုင်း ပိတ်ဆို့ အရေးယူဖို့ ပိုင်းဖြတ်ထားကြောင်း ပင်း က ပြောပါတယ်။


“ကျွန်တော်တို့ ခြိမ်းခြောက်ထားတာ ကို ခိုင်မာအောင် ကျွန်တော်တို့ ရဲ့ အနေအထား ကို နိုင်ငံတကာ အသိုက်အဝန်း နဲ့ လိုက်လျောညီထွေဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။”


တိုင်းပြည် ရဲ့ ဘဏ္ဍာတော် ကို တာဝန်ယူလိုက်ပြီး၊ အရပ်သား ဝန်ကြီးချုပ်တစ်ယောက် ကို ခန့်၊ သူတို့ ကို ဆန့်ကျင်တဲ့ အကြီးတန်း စစ်အရာရှိတွေ ကို အငြိမ်းစား အတင်းပေးခြင်းအားဖြင့် ဂီနီ စစ်ခေါင်းဆောင်တွေ ဟာ သူတို့ အာဏာ ပိုခိုင်မာသိပ်သည်းအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ယခင် လက်နက်ကိုင်များ ဦးစီးချုပ် နဲ့ ယခင် ရေတပ် အကြီးအကဲတွေ ကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG