သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဆုတ်ယုတ်မှုကြောင့် အမေရိကန် အလုပ်လက်မဲ့ဦးရေ များလာ


ကြိုတင် စိုးရိမ်ထားကြတဲ့အတိုင်းဘဲ ဒီဇင်ဘာလ တလထဲမှာတင် လူပေါင်း ၅ သိန်းလောက် အလုပ် ပြုတ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အပြီး အလုပ်လက်မဲ့ အများဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်း ဗီအိုအေသတင်းထောက် Barry Wood ဝါရှင်တန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာတလထဲမှာတင် လူပေါင်း ၅ သိန်း ၊ ၂ သောင်း ၊ ၄ ထောင် အလုပ်ပြုတ်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ နိုဝင်ဘာလအတွင်း ၆ သိန်းနီးပါး အလုပ်ပြုတ်ပြီးနောက်မှာ ထပ်ပြုတ်ကြတာပါ။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအခြေနေဟာ ဇောက်ထိုး မိုးမျှော် ကျချင်တိုင်း အတင်းထိုးကျနေပြီး အလုပ်လက်မဲ့ အရေအတွက်ဟာ ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိရှိလာတဲ့အကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလုပ်လက်မဲ့အရေအတွက်ဟာ ၁၆ နှစ်အတွင်း အများဆုံးဖြစ်ပါတယ်။ Stuart Hoffman ဟာ Pittsburgh မြို့ PNC ဘဏ်ရဲ့ စီးပွားရေးပညာရှင်တဦးပါ။

Stuart Hoffman’s Act: “ အခု စီးပွားရေးနှစ်ရဲ့ တတိယသုံးလပတ်အတွင်းမှာတင် အကြမ်းဖျဉ်းအားဖြင့် လူပေါင်း ၆ သိန်းလောက် အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်ဗျ။ စတုတ္ထလေးလပတ်အတွင်းမှာ ၁ သန်းခွဲကျော် အလုပ်ပြုတ်ခဲ့တယ်၊ ဆိုတော့ ဒါဟာ စံချိန်ချိုးလုနီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် ကံမကောင်းလှစွာပဲ နှစ်ကုန်ခါနီး ၃ လလောက် အလိုမှာ အလုပ်ပြုတ်ကြတဲ့ အရှိန်က အတော်လေးမြင့်ခဲ့တယ်။ ”

မစ္စတာ Hoffman က Bloomberg စီးပွားရေး ရုပ်မြင်သံကြားဌာနကို ပြောခဲ့တာပါ။

အလို လူတွေအများအပြား အလုပ်ပြုတ်နေတဲ့ ကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ ကြီးမားတဲ့ စီးပွားရေးအခက်အခဲကြီးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ပြသနေတာပဲလို့ ရွေးကောက်ခံသမ္မတ Barak Obama က ပြောပါတယ်။ ဒါကြောင့် ဒေါ်လာ သန်းဘီလီယံပေါင်းများစွာပါဝင်တဲ့ သူ့ရဲ့ စီးပွားရေး ကယ်တင်ရေး အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်အနေနဲ့ တတ်နိုင်သမျှ အစောဆုံး ထောက်ခံ လုပ်ဆောင်ကြဖို့ သူက တိုက်တွန်း ပါတယ်။

၁၉၉၀ ခုနှစ်တွေတုန်းက လုပ်ငန်းအသစ်တွေ သန်းနဲ့ချီပြီး ဖန်တီးပေးခဲ့တဲ့ အမေရိကန်စီးပွားရေးဟာ ၂၀၀၈ ခုနှစ် တနှစ်ထဲမှာတင် အလုပ်သမားပေါင်း ၂ ဒဿမ ၈ သန်းလောက် အလုပ်လက်မဲ့ဖြစ်သွားစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာ အခုဆို တနှစ်ကျော်လာခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှုနှုန်း တနှစ်ကို ၄ ရာခိုင်နှုန်းလောက် ကျဆင်းနေတာကလည်း ဒီ စီးပွားရေးကျဆင်းမှုကို အရှိန်မြင့်ပေးသလိုဖြစ်နေပါတယ်။

သတင်းဆိုးတွေကြားရမယ်လို့ မျှော်လင့်ထားတဲ့ ဘဏ္ဍာငွေကြေးဈေးကွက်မှာ လုပ်ကိုင်ကြသူတွေကိုတော့ အခု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အလုပ်လက်မဲ့အစီရင်ခံစာက ထိခိုက်ခြင်းမရှိပါဘူး။ ရေနံစိမ်းဈေးတွေလည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတက်ခဲ့တဲ့ အမြင့်ဆုံးဈေးထက် အခု ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး တပေပါကို ဒေါ်လာ ၄၀ ပတ်ဝန်းကျင်လောက်မှာ ဈေးတွေ တန့်နေပါတယ်။ အစုရှယ်ယာဈေးကွက်အများစုလည်း သောကြာနေ့တုန်းက ယေဘုယျအားဖြင့် ကျဆင်းခဲ့ပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG