သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပြင်းအထန် ဝေဖန်


အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက ၂၀၀၈ ခုနှစ် အတွက် လူ့အခွင့်အရေး အစီရင်ခံစာတစောင်ကို ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပြင် အသစ်တက်လာမယ့် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်းတိုးခဲ့တာနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတဲ့ အပေါ် စိတ်ပူပန်ကြောင်း၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ မြန်မာစစ်အာဏာရှင် တွေကို ကျောထောက်နောက်ခံ ပေးထားတာတွေ အတွက်လည်း အပြစ်တင်ထားကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ ၂၀၀၇ ခုနှစ် သံဃာတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ ထက်ပိုပြီး ဆိုးတဲ့၊ မေလ နာဂစ် ဆိုင်ကလုံး ဒဏ်ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေကို အချိန်မှီ ပေးခွင့်မပြုခဲ့တဲ့ လုပ်ရပ်ပဲလို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ ဆိုဖီ ရစ်ချတ်ဆန် (Sophie Richardson) က ဒီလုပ်ရပ်ဟာ သိသာထင်ရှားတဲ့ ငြင်းမရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာစစ်အစိုးရ လုပ်ဆောင်ခဲ့တဲ့ အထဲက အသိသာဆုံးကတော့ စစ်အစိုးရရဲ့ ငြင်းမရတဲ့ လုပ်ရပ်တခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုံး ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာကို တားဆီးနှောက်ယှက်တဲ့ ကိစ္စဖြစ်ပါတယ်။"

ဒီလိုတားဆီးခဲ့တဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ အချိန်မှီမရဘဲ သေဆုံး၊ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ပြည်သူတွေ ဒုက္ခရောက်နေတုန်းမှာပဲ စစ်အစိုးရ အဓွန့်ရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကို အပျက်မခံပဲ ကျင်းပခဲ့တာမို့ အဆိုးဝါးဆုံး ဖြစ်ရပ်တခုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခဲ့တဲ့ အတွက်လည်း စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။

"ကျမတို့ အထူးစိတ်ပူတာကတော့ မေလ ၂၇ ရက်နေ့တုန်းက အဲန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်ထပ်တိုးခဲ့တာပါပဲ။ ဒါဟာ နေအိမ် အကျယ်ချုပ်ဘဝနဲ့ ၆ နှစ်ဆက်တိုက် ကျခံစေရဖို့ ဖြစ်ပြီး၊ သူမ အခုလို နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ကာလတလျှောက်လုံး ပြင်ပကမ္ဘာနဲ့ စစ်အစိုးရက အဆက်ဖြတ်ထားတဲ့အပြင် သူမရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ် ဆိုတဲ့ သတင်းတွေကြောင့် စိတ်ပူရပါတယ်။"

၂၀၀၈ ခုနှစ်ထဲမှာပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လျှို့ဝှက် တရားစီရင်တာတွေနဲ့ နှစ်ရှည်ထောင်ဒဏ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

"မနှစ်က နှစ်ကုန်ခါနီးမှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ သတင်းထောက်တွေ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၇၀ ကျော်ကို အကျဉ်းထောင်တွေထဲမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ အမှုစစ်ဆေးခဲ့ပြီး အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ တွေ့ရပါတယ်။"

၂၀၀၇ ခုနှစ် သံဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုနဲ့ ပတ်သက်နေသူတွေနဲ့ နာဂစ်မုန်တိုင်းမှာ ကူညီသူတွေကို ၆၅ နှစ်အထိ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာတွေ့ရပြီး ၈၈ မျိုးဆက် ကျောင်းသားတချို့ဟာဆိုရင် ပြစ်မှုပေါင်း ၂၂ မှုလောက်နဲ့ စွဲချက် အတင်ခံရတာ၊ ထောင်ဒဏ်နှစ်ပေါင်း ၁၅၀ အထိ ချမှတ်ခံရတာလိုမျိုး တခါမှ မကြုံဖူးအောင် ကြားနေရတယ်လို့ ပြောပါတယ်။

အခုလို မြန်မာစစ်အစိုးရက လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့အတွက် အသစ်တက်လာတဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စကို ဦးစားပေးပြီး လုပ်ဆောင်သင့်တယ် လို့လည်း ပြောပါတယ်။

"အမေရိကန်အစိုးရသစ်အနေနဲ့ အရင်က ချမှတ်ထားတဲ့ Targeted Sanction လို့ ခေါ်တဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့လုပ်ဆောင်တာကို မြင်ချင်ပါတယ်။ နောက် တခြားနိုင်ငံတွေထဲက - အထူးသဖြင့် ဥရောပနိုင်ငံတွေပါ မြန်မာစစ်အစိုးရကို ပိုပြီး ဖိအားပေးလာအောင် ကြိုးစားစေချင်တဲ့အပြင် အရင်တုန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ပြန်သုံးသပ်ပြီး အခုနောက်ဆုံးဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ အံဝင်အောင်ပြန်ပြီး ညှိစေချင်ပါတယ်။"

အထူးသဖြင့် အာဆီယံ၊ တရုတ်၊ ဂျပန်တို့ကို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တေ့တေ့ဆိုင်ဆိုင် ပြန်ပြီး ဆွေးနွေးစေချင်တယ် လို့လည်း ပြောပါတယ်။ တကယ်ဆို ဒီနိုင်ငံအဖွဲ့အစည်းတွေနဲ့ အမေရိကန်က တူညီတဲ့ ဘုံသဘောတူညီမှု တခုရအောင် မလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာစစ်အစိုးရဘက်က ပြောင်းလဲမှု လုံးဝမရခဲ့တာလို့လည်း ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပြင် မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

"အိန္ဒိယ နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာစစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှု လုံးဝမရှိတဲ့ ဆက်ဆံရေးအတွက် ကျမတို့က လုံး၀ ရှုတ်ချပါတယ်။"

လုံခြုံရေးကောင်စီကနေ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းကို စနစ်တကျ sanction ချ ပိတ်ဆို့အရေးယူတဲ့ လုပ်ဆောင်မှုတွေ ဖြစ်မလာအောင် အထူးသဖြင့် တရုတ်နိုင်ငံက ဝင်ပြီးဟန့်တားနေတဲ့ကိစ္စဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး ဆိုးလာစေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက ယုံကြည်ကြောင်း မစ္စ ရစ်ချတ်ဆန် က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG