သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် လယ်သမားများ စိုက်ပျိုးစရိတ် အခက်ကြုံ


ကမ္ဘာနဲ့အဝန်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရချိန် နိုင်ငံတကာ အစိုးရတွေက
အကူအညီပေးရေး အစီအစဉ် အမျိုးမျိုးကို ဖန်တီးနေကြပေမယ့် မြန်မာနိုင်ငံလို
လယ်ယာစိုက်ပျိုးရေး အဓိကထားတဲ့ တိုင်းပြည်မှာတော့ လယ်စိုက်သူတွေ၊ တောင်သူ
တွေအဖို့ အကူအညီ အထောက်အပံ့တွေ မရနိုင်ဘဲဖြစ်နေလို့ အခက်အခဲတွေ ကြုံနေ
ကြရပါတယ်။ အထူးသဖြင့် စပါးဈေးတွေကျဆင်း၊ စီးပွားရေးတွေမကောင်း ဖြစ်နေတဲ့
အချိန်မှာ နောက်ထပ် စိုက်ဖို့ပျိုးဖို့ အခက်တွေ့နေကြရတာပါ။ လယ်သမားတွေ ကြုံနေ
ရတဲ့ ပြဿနာတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေး
ထားပါတယ်။

လယ်ယာစိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ အဓိကလုပ်ငန်းတခုအဖြစ် လုပ်ကိုင်နေပေမယ့်
လည်း လယ်သမားတွေအဖို့ကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကြုံလာတဲ့
အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတဲ့ အခြေအနေပါ။ အခုဆိုရင်
လည်း ပြီးခဲ့တဲ့ရာသီမှာ စိုက်ပျိုးပြီးစီးခဲ့ကြပေမယ့် စပါးဈေးတွေ မကောင်းတာ၊ စိုက်ပျိုး
စရိတ်စကတွေ ကြီးမြင့်ခဲ့တာကြောင့် အစိုးရပိုင် စိုက်ပျိုးရေးဘဏ်က စိုက်ပျိုးရေး
ချေးငွေတွေကိုတောင် ပြန်ဆပ်နိုင်ဖို့ အခက်ကြုံနေကြရတာပါ။ ရန်ကုန်တိုင်း လှည်းကူး
မြို့နယ်ထဲက လယ်သမားတဦး လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကတော့ …

“ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မိုးစပါးစိုက်ပျိုးဖို့ဆိုပြီး မြန်မာ့စိုက်ပျိုးရေးဘဏ်က
ချေးခဲ့တယ်။ အဲလိုချေးခဲ့တဲ့ ငွေကြေးကို အခု ၂၀၀၉ ခုနှစ် ၁ လပိုင်းမှာ အကျေအလည်
ပေးဆပ်ရမယ်ဆိုပြီး ဘဏ်တာဝန်ရှိပုဂ္ဂိုလ်တွေက ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့
အော်ပြီးတော့ ဒီ ၁ လပိုင်းမှာမှ ထုတ်ချေးထားတဲ့ငွေကို မဆပ်နိုင်ဘူးဆိုရင် အရေးယူ
ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း၊ လာမယ့် ၂၀၀၉ ခုနှစ် မိုးရာသီမှာ စိုက်ပျိုးခွင့်
မပေးဘူးဆိုတဲ့အကြောင်း လယ်သမားတွေကို ခြောက်လှန့်ပြီးတော့ တောင်းခံနေတာ
ဖြစ်ပါတယ်။

“ကျနော်တို့ကလည်း ဒီဘဏ်ငွေတွေကို ပေးဆပ်မှာပါ။ သို့သော်လည်း အခုအချိန်မှာ
ဈေးကလည်း တော်တော်လေး ကျဆင်းနေတယ်။ နောက် သီးထပ်စိုက်တဲ့ ပဲတီစိမ်း
ဆိုတာကလည်း အခုအချိန်အထိ ဝယ်သူကလည်းမရှိ၊ ဈေးနှုန်းကလည်း ဘာမှန်းမသိ
ဖြစ်နေတယ်။ အဲဒါကြောင့် လောလောဆယ်အတိုင်းအတာမှာ ကျနော်တို့ ငွေအခက်
အခဲလေး ဖြစ်နေတဲ့အတွက် ဒီလထဲမှာ ဘယ်နည်းနဲ့မှ ပေးဆပ်နိုင်ခြင်း မရှိပါဘူး။

“အဲဒီတော့ ကျနော်တို့က လက်ရှိအခြေအနေကို ဖြေရှင်းရမယ်ဆိုရင် ကျနော်တို့မှာ
ရှိတာလေးတွေ၊ လယ်ယာထဲမှာ ခိုင်းနေရတဲ့ ကျွဲ၊ နွား၊ နောက် သားသမီး၊ သားမယား
တွေမှာရှိတဲ့ နားကပ်၊ နားဆွဲ၊ နားကွင်း၊ ရှိစုမဲ့စုလေးတွေ ပေါင်နှံပြီးတော့ မဖြစ်မနေ၊
နောက်ဆုံး မရဘူး၊ ဘယ်လိုမှ မရွှေ့ဆိုင်းနိုင်ဘူးဆိုရင်တော့ ကျနော်တို့က ဒါလေးတွေ
ကို ထုခွဲရောင်းချပြီး ဒီငွေတွေကို ပေးဆပ်ရမှာဖြစ်ပါတယ်။”

ဒီလို ချေးငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေရချိန်မှာပဲ နောက်ထပ် နွေစပါးစိုက်ပျိုးရာသီ
မှာ စိုက်ပျိုးစရိတ် အလုံအလောက်မရှိလို့ နောက်ဆက်တွဲ ပြဿနာတွေနဲ့လည်း ကြုံနေ
ကြရတာပါ။ မြန်မာနိုင်ငံရဲ့ အဓိက ဆန်စပါးစိုက်ပျိုးရာ ဒေသတခုဖြစ်တဲ့ မြစ်ဝကျွန်းပေါ်
သား လယ်သမားတဦး ပြောပြတာကတော့ နွေစပါးခင်းတွေအတွက် ဓာတ်မြေသြဇာဖိုး
တောင် မတတ်နိုင်ကြလို့ လယ်သမားတွေ လက်မှိုင်ချနေကြရတယ်လို့ ဆိုပါတယ်။

“စပါးကလည်း သိပ်မထွက်ဘူး၊ စပါးဈေးကလည်း မကောင်းဘူး။ နောက် စပါးဆိုတာ
ကလည်း အရင်းအနှီး အလုံးအရင်းနဲ့လုပ်ရတဲ့ အလုပ်လေ။ လောလောဆယ်ဖြစ်နေတဲ့
ပြဿနာက လုပ်တော့လုပ်ပြီးသွားကြပြီ။ ဟိုလူ့ဆီက ရနိုးနိုး၊ ဒီလူ့ဆီက ရနိုးနိုး၊ ဟိုလူ့
ဆီက ဆွဲလို့ရမလို၊ ဒီလူ့ဆီက ဆွဲလို့ရမလိုလိုနဲ့ လုပ်ပြီးသွားပြီ။ အခုအချိန်မှာ
လက်ပိုက်ကြည့်နေရတဲ့ လယ်သမား တော်တော်များတယ်။ တချို့ကွင်းတွေမှာ ကွင်းလုံး
ပြည့်နီးနီး အဲဒီလောက်အနေအထားမျိုး ရှိတယ်။

“ဘိုကလေးအပိုင် ကမ်းကြီးကျေးရွာထဲမှာဆိုရင် တော်တော်များများပါပဲ။ အခု စပါး
တွေက ဝါလည်းဝါနေပြီ၊ နီလည်းနီနေပြီ။ ဒီစပါးက မိုးစပါးလိုမဟုတ်ဘူး။ သူက
မကျွေးရင် ဘာမှမရဘူး။ မဖြစ်ကိုမဖြစ်တာ။ မိုးစပါးကမှ သူ့ဟာနဲ့သူ ထိုက်သင့်သ
လောက် သီးသေးတယ်။ ရသေးတယ်။

“ဓာတ်မြေသြဇာကလည်း ဈေးနှုန်းတွေက အခု မကျတဲ့အပြင် ထပ်ထပ်တက်လာတယ်။
အရင်ရက်က ၂၂,၀၀၀ လောက်က အခုဆိုရင် ၂၃,၀၀၀၊ ၂၄,၀၀၀၊ ထောင့်လေးငါးရာ
လောက် တက်သွားတယ်။ ပြည်တွင်းထုတ်တဲ့ ဓာတ်မြေသြဇာလည်း ရှိတယ်။ အဲဒါ
လည်း မနှစ်က သူတို့ ကျေးရွာရယကတွေက တဆင့်ရောင်းတာ ၁၁,၀၀၀ လောက်
ရှိတယ်။ အခု ဘိုကလေးမြို့ပေါ်မှာ သွားယူရမှာကိုက ၁၉,၈၀၀ လောက် ဖြစ်နေတယ်။
အဲဒါလည်း လက်ငင်းပေးမှရတာ။ လယ်သမားက ပေးစရာမရှိတော့ ပတ်သက်ရာ
ပတ်သက်ကြောင်း ကုန်သည်တွေဆီကပဲ ၇ ကျပ်တိုး၊ ၈ ကျပ်တိုးနဲ့ သုံးလလောက်
ယူသုံးကြရတယ်။ အဲဒါလည်း တနှစ်နဲ့တနှစ် တယောက်နဲ့တယောက် စာရင်းပြတ်မှ
ယူလို့ရတာ။ ယူလို့မရတဲ့လယ်သမား အများကြီးပဲ။

“တခြားတိုင်းပြည်တွေမှာတော့ ဘယ်လို နိုင်ငံတော်က ပံ့ပိုးကူညီပေးတယ်၊ ဘယ်လို
ကျားကန်ပေးတယ်ပေါ့။ ကျနော်တို့အစိုးရကတော့ ဘာများလုပ်ပေးမလဲ၊ ဘာများ
လုပ်ပေးမလဲ၊ ဘာမှလုပ်မပေးတော့လည်း ဘာတတ်နိုင်မှာလဲ။”

လယ်သမားတွေ စပါးဈေးမကောင်း၊ စီးပွားရေးအခက်တွေနဲ့ ကြုံနေကြရလို့ တွက်ချေ
မကိုက် ဖြစ်နေကြရတာတွေ ညည်းညူခဲ့ကြတာပါ။

ကမ္ဘာတဝန်း စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံနေကြရလို့ နိုင်ငံတကာ အစိုးရတွေ
က စီးပွားရေးအစီအမံတွေရေးဆွဲ၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် စီးပွားရေးလုပ်ငန်း
တွေအတွက် ထောက်ပံ့ကူညီတာတွေ လုပ်နေကြတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီလိုအစီ
အမံတွေ မကြားရသလို မကြာသေးခင်ကဆိုရင်လည်း အစိုးရပိုင် သတင်းမီဒီယာတွေ
မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တည်ငြိမ်နေတယ်၊ ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့
ပြဿနာတွေဟာလည်း ရိုက်ခတ်မှုမရှိဘူး ဆိုပြီးတော့တောင် ဖော်ပြရေးသားခဲ့တာတွေ
တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG