သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဈေးကျလို့ ထိုင်းလယ်သမားများ ကြွေးဒဏ်ပိ


လွန်ခဲ့တဲ့ ၆ လက အာရှတလွှားမှာ ဆန်ဈေးသုံးဆတက်ပြီး တတန်ကို ဒေါ်လာ ၁,၀၀၀
ကျော်ထိ ရောက်သွားခဲ့တာမို့ စပါးပိုစိုက်နိုင်အောင် လယ်သမားတွေ အပြေးအလွှား
လုပ်ခဲ့ကြပါတယ်။ အခုတော့ ဆန်ဈေးက ၄၀% ကျသွားခဲ့ပြီမို့ လယ်သမားတွေအတွက်
အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်အများဆုံး
တင်ပို့တဲ့ တိုင်းပြည်ပါ။ နဂိုထဲကမှ အကြွေးသံသရာထဲမှာ လည်နေရတဲ့ ထိုင်း
လယ်သမားတွေအဖို့ မတည်မငြိမ်ဖြစ်နေတဲ့ ဈေးကွက်နဲ့ မရေမရာဖြစ်ခဲ့တဲ့ တိုင်းပြည်
နိုင်ငံရေး အခြေအနေတွေကြောင့် နစ်နာနေကြရပါတယ်။ ဘန်ကောက်မြို့ကနေ
ဗွီအိုအေသတင်းထောက် Prospero Laput ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို
ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ထိုင်းလယ်သမား ၈၀% ဟာ မြေငှားခပေးဖို့၊ ဓာတ်မြေသြဇာဝယ်ဖို့၊ လောင်စာဆီနဲ့
ပစ္စည်းကိရိယာတွေဝယ်ဖို့ ငွေချေးကြရပါတယ်။ ဒါပေမယ့်လည်း ရေလွှမ်းမိုးတာကြောင့်
စိုက်ခင်းပျိုးခင်းတွေ ပျက်စီးကြရပါတယ်။ အဲဒီထဲမှာ လယ်သူမကြီး သာဝီဝမ်
(Thaweewan) လည်း တဦးအပါအဝင်ပါ။

“ကျမအကြွေးတွေအားလုံးကို ကျေအောင်ဆပ်ဖို့က အတော့်ကိုခက်ပါတယ်ရှင်။
လယ်ပျက်ပေမယ့် အကြွေးကတော့ ရှိနေတာပဲလေ။ ဒီတော့ ငွေထပ်ချေးရရော။
ဘာလုပ်ရမယ်ဆိုတာတောင် မသိတော့ပါဘူး။ အရစ်ကျပဲ ပြန်ဆပ်ရတော့မယ်။ ဒါ
လယ်သမားတွေ အမြဲတမ်း အကြွေးတင်နေရတဲ့ အကြောင်းရင်းပါပဲရှင်။”

ရေကြီးတာ၊ ဆန်ဈေးကျတာတွေကြောင့် သာဝီဝမ်နဲ့ သူတို့ရွာက တခြားရွာသားတွေ
စိုးရိမ်ပူပန်နေကြရပါတယ်။

ထိုင်းနိုင်ငံ၊ စပါးစိုက်ပျိုးသူများအသင်းရဲ့ အကြီးအကဲ ပရာဆစ် ဘွန်ချေး (Prasit
Boonchey) က အစိုးရဆီက အကူအညီတောင်းထားပေမယ့် အစိုးရဘက်က ဘာမှ
မတုံ့ပြန်သေးပါဘူးလို့ ပြောပါတယ်။

“လယ်ယာမြေတွေ တိုးတက်အောင်လုပ်ဖို့ ဘဏ္ဍာငွေသတ်မှတ်ချက်က မရှိပါဘူး။
လက်ရှိအချိန်မှာ အစိုးရက အဲဒါကို အရေးကြီးတယ်လို့ မသတ်မှတ်ပါဘူး။”

လယ်သမားတွေကို ထောက်ပံ့ဖို့ ဒေါ်လာသန်းနဲ့ချီပြီး အစိုးရက သုံးစွဲပါတယ်။ လွန်ခဲ့တဲ့
နှစ် အတော်များများတုန်းက ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ် (Thaksin
Shinawatra) ဟာ ဈေးကွက်ပေါက်ဈေးထက် ပိုမြင့်တဲ့ဈေးနဲ့ လယ်သမားတွေဆီက
စပါးဝယ်ဖို့ မူချခဲ့ပါတယ်။ ဝယ်ထားတဲ့စပါးကိုမှ အစိုးရက ဈေးကွက်ထဲ ပြန်ရောင်းတာ
ပါ။

ဒါပေမယ့် အစိုးရဆီမှာပုံနေတဲ့ ဆန်တွေကို ပြီးခဲ့တဲ့နှစ်က အပြတ်မရောင်းနိုင်ခဲ့ပါဘူး။
မရောင်းရဘဲ ကျန်နေတဲ့စပါးတွေ ပုံနေပေမယ့် ဈေးတက်တာကို အခွင့်ကောင်းယူဖို့
လယ်သမားတွေက ပိုစိုက်ခဲ့ကြပါတယ်။ အဲဒီမှာတင် ဆန်တွေ ပိုလျှံကုန်ပြီး ဈေးကျ
တော့တာပါပဲ။

ဆန်ဈေးကျရတာဟာ မစ္စတာတက်ဆင်နဲ့ သူ့ရဲ့မဟာမိတ်တွေက လယ်သမားတွေရဲ့
ထောက်ခံမှုရအောင် ကိုင်စွဲခဲ့တဲ့ စိုက်ပျိုးရေးမူဝါဒကြောင့်ဖြစ်တယ်လို့ စီးပွားရေးပညာ
ရှင်တချို့က အပြစ်တင်ကြပါတယ်။ ဒါပေမယ့် ဘန်ကောက်မြို့တော်သူမြို့တော်သား
ထိုင်းလူမျိုးအများအပြားကတော့ အခြေအနေကို မကျေနပ်ကြပါဘူး။

“သူသုံးနေတာက ကျနော်တို့ငွေတွေ၊ ကျနော်တို့ရဲ့ အခွန်ငွေတွေဗျ။”

စပါးစိုက်ပျိုးရေးမူဝါဒဟာ မစ္စတက်ဆက်ကိုလိုလားတဲ့ ထိုင်းအစိုးရနှစ်ဆက် ပြီးခဲ့တဲ့နှစ်
မှာ ပြုတ်ကျခဲ့ရတဲ့ အငြင်းပွားဖွယ် အကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။ အဲဒီ
မူဝါဒဟာ အခွန်ထမ်းတွေရဲ့ငွေကို ဖြန့်ဖြူးတဲ့နည်းလမ်းတခု ဖြစ်လာပြီး နောက်ဆုံးမှာ
ထိုင်းဆန်ထုတ်လုပ်ငန်း ပျက်စီးရတယ်လို့ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ သုတေသနဌာန
ညွှန်ကြားရေးမှူး နီပွန် ပိုဝါပွန်းဆာခွန်း (Nipon Poapongsakorn) က ပြောပါတယ်။

“ထိုင်းဆန်လုပ်ငန်းရဲ့ ပြိုင်ဆိုင်နိုင်စွမ်းဟာ အနာဂတ်မှာ ပျက်စီးသွားလိမ့်မယ်ဆိုတာ
မြင်ကြည့်နိုင်ပါတယ်။ ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံအဆင့်ကို နောက် ၁၀ နှစ်
အတွင်း ထိုင်းနိုင်ငံ လက်လွှတ်လိုက်ရပါလိမ့်မယ်။”

ဒါပေမယ့် အစိုးရအပြောင်းအလဲ မကြာခဏ ဖြစ်လွန်းသလို မူဝါဒတွေလည်း မကြာခဏ
ပြောင်းလဲလွန်းတယ်လို့ စပါးစိုက်လယ်သမား ပရာဆစ်က စောဒကတက်ပါတယ်။
ထိုင်းနိုင်ငံရေး တည်ငြိမ်ပြီး အစိုးရက အခြေအနေတွေ တည်ငြိမ်အောင် လုပ်နိုင်လာ
တာနဲ့အမျှ ဆန်တွေအလွန်အကျွံ ပိုနေတာလို ပြဿနာမျိုးတွေကို ဖြေရှင်းနိုင်လိမ့်မယ်
လို့ ပရာဆစ်လို လယ်သမားကြီးတွေက မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG