သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းဘက်က မောင်းထုတ်


ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ ဖွတ်ဖမြို့နယ် ၄၄ ကီလိုကျေးရွာက မြန်မာရွှေ့ပြောင်းအလုပ်
သမားတွေ နေထိုင်တဲ့ ဝါးတဲအစုကို ထိုင်းအာဏာပိုင်တွေက ကားဆယ်စီးနဲ့ရောက်လာ
ပြီး နေရာမရွှေ့ပေးရင် မီးရှို့ဖျက်ဆီးမယ်ဆိုတာကြောင့် ရွာသား၂၀၀ ကျော်တို့ဟာ
နီးစပ်ရာတောတောင်တွေထဲမှာ ပုန်းအောင်းနေရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို
ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အခုအခါမှာတော့ ဝါးတောဆိုတဲ့ နေရာတဝိုက်မှာ လက်နက်ကိုင်စစ်သားများ
စောင့်ကြပ်နေဆဲဖြစ်ပါတယ်။ ၁၅ မိနစ်တခါ ကင်းလှည့်နေပြီး စစ်ဆေးမှုတွေလည်း
လုပ်နေပါတယ်။ ဝါးတောနဲ့ အဲဒီနီးစပ်ရာ အစုလေးတွေက ကလေးငယ်တွေအတွက်
The Best Friend ဆိုတဲ့ စာသင်ကျောင်းလေးဖွင့်ထားတဲ့ ကျောင်းဆရာ
ကိုထိုက်သူအောင်က နောက်ဆုံးအခြေအနေကို ပြောပြရာမှာ …

“၈ နာရီပတ်ဝန်းကျင်လောက်မှာ နယ်ခြားစောင့်တပ်ရယ်၊ ပုလိပ်ရယ်၊ ဒီဘက်က
ရပ်ရွာသူကြီးတွေရယ်၊ အုပ်ချုပ်ရေးတာဝန်ခံ အဖွဲ့အစည်းတွေရယ်၊ အဖွဲ့ပေါင်းစုံပေါ့။
တောချလောတို့ရော မြို့နယ်ကလူတွေရော ကားဆယ်စီးအပြည့် ဒီမှာလာစစ်သွား
တယ်။ စစ်သွားပြီးနောက်ပိုင်း ကျနော်တို့လည်း ပူထူနေတာ။ သက်ကယ်ပုံတွေလည်း
ပျောက်သွားတယ်။ ပစ္စည်းဆိုလို့ အဲဒါတခုတော့ ပါသွားတယ်။ ဆေးခန်းထဲကပစ္စည်း
တွေတော့ မစစ်ကြည့်ရသေးဘူး။”

ဒီဖြစ်ရပ်ဟာ မနေ့ကတည်းက ဖြစ်ခဲ့တာပါ။ မနေ့က နေ့ခင်းပိုင်းအချိန်လောက်မှာ
၄၄ ကီလိုထဲက အာဏာပိုင်တချို့က ဝါးတောအစုမှာ ရပ်ရွာလူကြီးလုပ်နေသူကို
အကြာင်းကြားလာတယ်လို့ပြောပြပါတယ်။

“ဖွတ်ဖမြို့နယ်က အာဏာပိုင်အဖွဲ့အစည်းတွေပဲ၊ သူတို့က ယူနီဖောင်းတပိုင်း၊
အရပ်ဝတ်တပိုင်းဆိုတော့ ကျနော်လည်း ပြောရခက်တယ်။ တောချလောလိုအဖွဲ့မျိုးလို့
ပြောတယ်။ သူတို့ကလာတယ်၊ လာပြီး အဲဒီဝင်းမှာ သူတို့က လစဉ် ပိုက်ဆံတွေ
ကောက်ထားတယ်။ ကောက်ထားတဲ့အတွက် သူတို့က လာပြောတယ်။ ဦးသောင်းကြည်
တဲ့ လုံး၀ နင်တို့ ဝင်နေလို့မရတော့ဘူးတဲ့။ နင်တို့ပစ္စည်းတွေအကုန်သိမ်းပြီး တောထဲ
ဝင်တော့တဲ့။ အိမ်တွေကိုလည်း ဖျက်ပါတဲ့။ တကယ်လို့ အိမ်တွေကိုမဖျက်ဘူးဆိုရင်
သူတို့က မီးဝင်ရှို့မှာတဲ့။ အဲတော့ ကိုယ့်ဘာသာကိုယ် ဖျက်သွားမယ်ဆိုရင် အိမ်တွေ
မီးမရှို့ဘူး။ ဝင်းကို မီးမရှို့ဘူးပေါ့။”

ဝါးတောအစုလေးဟာ ၄၄ ကီလိုမှာ စံပြနေရာလေးတခု ဖြစ်လာပြီး အစိုးရမဟုတ်တဲ့
အဖွဲ့တွေက ရေနဲ့အိမ်သာကိစ္စတွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စတွေ လာရောက်လုပ်ကိုင်
ပေးနေတဲ့ နေရာလေးတခုလည်း ဖြစ်ပါတယ်။

“ဝါးတောကလည်း ၄၄ တရွာလုံးမှာ တော်တော်လေး ထူးခြားတဲ့နေရာတခု။ ဒုစရိုက်
လုပ်ငန်း ဘာတခုမှမရှိဘူး၊ လူကုန်ကူးမှု မရှိဘူး၊ မူးယစ်ဆေးဝါးမရှိဘူး၊ လောင်းကစား
မရှိဘူး၊ တော်တော်လေး အေးအေးချမ်းချမ်းနေတဲ့ဝင်း။ ဘာသာရေးအဖွဲ့အစည်းတွေ
အဝင်အထွက်ရှိတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေ အဝင်အထွက်ရှိတယ်။
ခုနောက်ပိုင်း ပညာရေးအဖွဲ့အစည်းတွေလည်း ကျနော့်ကျောင်းရောက်ပြီဆိုရင် အဲဒီ
အောက်ကို အဝင်အထွက်ရှိတယ်။ အဲတော့ ဒီဝါးတောကို ရွာဖြစ်သွားမှာ သူတို့
ကြောက်ကြတယ်လို့ ပြောတယ်။”

မနေ့ကတော့ အာဏာပိုင်တချို့ သတင်းပေးလာပြီးတဲ့နောက်မှာ ဝါးပင်တွေကြားမှာ
နေထိုင်သူတွေအနေနဲ့ တခြားနေရာတွေ ပြောင်းကြဖို့အတွက် ပြင်ဆင်ကြသလို အခု
ဆိုရင် ကျောင်းဆရာလေး စာရင်းကောက်လို့ရသလောက် တောတောင်ထဲမှာ ပုန်းနေ
ရသူ ၂၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။ ဒီထဲမှာ အလုပ်သမားလက်မှတ်ရှိသူ ၆၀ ကျော်
ပါဝင်ပေမယ့်လည်း အားလုံး ကြောက်ပြီး ပုန်းနေရပါတယ်။

အခုအခါမှာတော့ ဝါးတော၊ ကျွန်းတော၊ ငှက်ပျောတော၊ ပြောင်ကြီးဝင်း စတဲ့ အစု
လေးပေါင်း ၈ စုလောက်ဟာ လူပေါင်း ၂,၀၀၀ ကျော်ရှိပြီး နယ်ခြားစောင့်တပ်တွေ
လာမယ်ဆိုတာကြောင့် အားလုံး အသီးသီး ပုန်းအောင်းနေရပါတယ်။ ဒီဖြစ်ရပ်နဲ့
ပတ်သက်ပြီး လူသားချင်းစာနာဖို့အတွက် အလုပ်သမားရေး ဆောင်ရွက်နေသူ
ကိုမိုးကြိုးကလည်း အခုလိုပြောသွားပါတယ်။

“ပြောင်းခင်းတွေကြားထဲမှာ တောတွေ၊ တောင်တွေနဲ့ ကျွန်းစိုက်ခင်းတွေကြားထဲမှာ
ရှောင်တိမ်းပုန်းအောင်နေရတဲ့ အနေအထားက မသင့်တော်ဘူးခင်ဗျ။ လူသားချင်း
စာနာထောက်ထားတဲ့ ရှုထောင့်ကကြည့်ကြည့်၊ ထိုင်းနိုင်ငံရဲ့ သဘာ၀ ရာသီဥတု အနေ
အထားအရပဲကြည့်ကြည့်၊ အဲလိုပုန်းအောင်းနေရတဲ့ အနေအထားတွေက၊ သူတို့
အမျိုးသားလုံခြုံရေးအရ လုပ်တယ်ပဲထားဦး၊ ဒါ အင်မတန် စိတ်မကောင်းစရာ အခြေ
အနေ၊ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အခြေအနေပဲဖြစ်တယ်။”

အခုချိန်ဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အအေးဆုံးအချိန်ကာလလည်း ဖြစ်ပါ
တယ်။ အိမ်တွေထဲမှာတောင် အအေးလွန်နေတဲ့အချိန်မှာ တောတောင်ထဲ ပုန်းအောင်း
နေရသူတွေအဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဝါးတောအစုမှာ ကလေးငယ်တွေ
လည်း အများအပြားရှိပြီး မနေ့ညကတော့ အမျိုးသားတွေက လက်နက်ကိုင်တွေလာရင်
ပြေးနိုင်ဖို့ ကင်းစောင့်နေပြီး အမျိုးသမီးတွေ၊ ကလေးတွေကတော့ မီးဖိုပြီး အိပ်စက်
ရပါတယ်။ အခု ကျွန်းတောတွေထဲ အိပ်စက်နေရတဲ့အတွက် ရေပြဿနာနဲ့ အိမ်သာ
ပြဿနာတွေ ကြုံတွေ့နေရပြီး နယ်ခြားစောင့်တပ်တွေလာရင် ပစ်သတ်ခံရမှာကိုလည်း
စိုးရိမ်နေကြပါတယ်။

အခု ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကရင်လူငယ်တွေရဲ့ ပြောပြချက်အရ ဒီနေရာဟာ
ထိုင်းနယ်ခြားစောင့်တပ်တွေ တပ်စွဲတဲ့နေရာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး
အရ လက်မှတ်မရှိသူတွေကိုသာ ရှင်းလင်းခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG