သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒဏ်ခတ်ခံရသူ လုပ်ငန်းရှင်များ ပြန်လည်ချေပ


အမေရိကန်အစိုးရက စစ်အစိုးရနဲ့ပတ်သက်နေလို့ဆိုပြီး စီးပွားရေးအရ ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာဖြည့်စွက်ခံခဲ့ရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ဟာ သမာအာဇီ၀ လုပ်ငန်းရှင်တွေသာ ဖြစ်တယ်လို့ဆိုပါတယ်။ စစ်အစိုးရနဲ့နီးစပ်သူ နိုင်ငံရေးသမားတချို့ကလည်း စီးပွားရေးပိတ်ဆို့မှုဟာ ဒီမိုကရေစီထူထောင်ရေး အတွက် အရေးမပါဘူးလို့ ဗွီအိုအေကို ပြောခဲ့ကြပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးအဖွဲ့က မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ဆက်စပ် လုပ်ကိုင်နေတဲ့ Max Myanmar ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်နဲ့ ဒဂုံအင်တာနယ်ရှင်နယ် ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင် တို့ကို စီးပွားရေးအရ အရေးယူပိတ်ဆို့သူတွေ စာရင်းမှာ ထပ်မံထည့်သွင်းလိုက်ပါတယ်။ အခုလို ဒဏ်ခတ်အရေးယူ ခံလိုက်တာနဲ့ပတ်သက်ပြီး ဦဇော်ဇော် က သူ့ရဲ့ စီးပွားရေးလုပ်ငန်းဟာ မသမာမှု တခုမှမရှိဘဲ မှန်မှန်ကန်ကန် လုပ်ကိုင်နေတာလို့ အခုလို ပြောပြပါတယ်။

“ဟုတ်ကဲ့ပါခင်ဗျာ၊ ကျနော် မနက်ကတောင်ပြောနေတယ်၊ ဟုတ်ပါတယ်၊ ရပါတယ်၊ ရပါတယ်အစ်ကိုကြီးရာ၊ ဒီလောက်တော့လည်း ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာ၊ ကိုယ်က သမာအာဇီ၀ စီးပွားရေးလုပ်စားတာ၊ ခုချိန်ထိလည်း ကျနော်တို့ရှိတဲ့ဟာနဲ့ ဝန်ထမ်းတွေ ၂,၀၀၀၊ ၃,၀၀၀ လောက်ကို ရှာကျွေးနေရပါတယ်။ ဒီကြားထဲ သူတို့လုပ်တော့လည်း ဘာတတ်နိုင်မှာလဲ။”

ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ်ပါတယ်။ ဦးဝင်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မအားလပ်ဘူးလို့ သူ့ရဲ့ ကိုယ်ရေးအတွင်းရေးမှူး ကပြောပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရနဲ့ နီးစပ်တယ်လို့ လူသိများတဲ့ အဖွဲ့ဖြစ်တဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့က ကိုရဲထွဋ်က ကလည်း ပိတ်ဆို့မှုတွေကြောင့် နိုင်ငံရေးကို စိတ်ဝင်စားမှု အားနည်းလာကြတယ်လို့ ခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲ အတွက် ပြောမယ်ဆိုရင် ၁၉၉၆ ကနေစပြီး ၁၂ နှစ်၊ ၁၃ နှစ်ထဲ ဝင်လာပြီ၊ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုလုပ်လာတာ ဒီမိုကရေစီပြောင်းလဲမှု အတွက် ဘာမှအကျိုးသက်ရောက်မှု မရှိဘူးဆိုတာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမား တွေရော၊ ပြည်သူလူထုကရော၊ အားလုံးသိပါတယ်၊ ပြောမယ်ဆိုရင် ဘယ်လိုအကျိုး သက်ရောက်မှုရှိသလဲ ဆိုတော့ အဆင်ပြေမယ့်လမ်းကြောင်းကို သက်ရောက်မှုမရှိဘဲ ဆုတ်ယုတ်မှုလမ်းကြောင်းမှာ သက်ရောက်မှုရှိတယ်လေ၊ အခု ပြည်သူလူထုဆို နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိတော့ဘူး၊ နိုင်ငံရေးလုပ်မယ့်သူ မရှိတော့ဘူး၊ အဲဒီလောက်ထိ ဖြစ်လာတယ်။”

ဒါပေမယ့် ထိုင်းအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်ပါတီ နိုင်ငံခြားရေး တာဝန်ခံ ဦးဇော်မင်း ကတော့ စီပွားရေးပိတ်ဆို့အရေးယူမှု ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင် တွေကိုသာ ပိုမိုထိခိုက်စေတယ်လို့
အခုလိုပြောပါတယ်။

“စီးပွားရေးပိတ်ဆို့တဲ့ခါမှာ စောစောကပြောတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ဝန်ထမ်းတွေကိုတော့ ထိခိုက်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တဘက်မှာကျတော့လည်း ဝန်ထမ်းတွေအနေနဲ့ ထိခိုက်တာမှန်ပေမယ့် တကယ်တမ်း တိုင်းပြည်ရဲ့ သဘာဝအရင်းမြစ်တွေက အခြေပြုပြီးလုပ်ထားတဲ့ စီးပွားရေးတွေမှာ ရသမျှအကျိုးမြတ်အားလုံးက စောစောကပြောတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ အိတ်ထဲရယ်၊ နောက်သူတို့နဲ့ အတူလက်တွဲပြီးလုပ်နေတဲ့ စီးပွားရေးသမားတွေ လက်ထဲပဲ ရောက်ပါတယ်၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဒီငွေတွေ စီးဆင်းသွားတာမဟုတ်ပါဘူး။”

စီးပွားရေးအရ ပိတ်ဆို့အရေးယူခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ နာမည်အမျိုးမျိုးနဲ့ ရှိနေကြပြီး အများအားဖြင့် စင်ကာပူနိုင်ငံမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ စင်ကာပူနိုင်ငံမှာရှိတဲ့ ဦးတေဇပိုင် ကုမ္ပဏီ နဲ့ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန် ရဲ့ချွေးမ စင်ကာပူနိုင်ငံသူ ဆစ်ဆလီအန်းပိုင် ကုမ္ပဏီ တွေကိုလည်း ပိတ်ဆို့ဒဏ်ခတ်တဲ့ စာရင်းထဲ ထည့်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG