သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဖက်သတ် အပစ်ရပ်ဖို့ အစ္စရေး မဲခွဲဆုံးဖြတ်မည်


အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ် တို့ကို ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာကို ရပ်နားဖို့ စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် အီဟွတ် အိုမာ့ (Ehud Olmert) က သူ့ရဲ့ လုံခြုံရေးအဖွဲ့နဲ့ စနေနေ့မှာ တွေ့ဆုံပြီး အစ္စရေးအနေနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး လုပ်သင့်မလုပ်သင့် ကိစ္စနဲ ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ ဟားမတ်စ် တို့ကလည်း အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်ပြီး အီဂျစ် ကြားဝင်း ညှိနှိုင်းပေးသူတွေ နဲ့ စနေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ မနေ့က အီဂျစ်ကြားဝင်စေ့စပ်ပေးသူတွေဟာ အစ္စရေး ကိုယ်စားလှယ်တွေနဲ့လည်း ကိုင်ရိုမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

မနေ့က ကာတာ (Qatar) နိုင်ငံမှာကျင်းပတဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးပွဲတခုမှာ ပြည်ပရောက် ဟားမတ်စ် ခေါင်းဆောင် ကလပ် မက်စ်ရှဲလ် (Khaled Meshaal) က အီဂျစ်အစိုးရက ကြားနေ ကမကထ ပြုပေးတဲ့ အပစ်အခတ် ရပ်စဲရေးကို သူတို့အနေနဲ့ လက်မခံခင် အစ္စရေးတို့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ နယ်စပ်တွေကို ပြန်ဖွင့်ပေးရမှာ ဖြစ်တယ်လို့ အာရပ် ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။

မနေ့က ဂါဇာမှာ အစ္စရေးတို့က လေကြောင်း နဲ့ ဆက်လက် တိုက်ခိုက်ခဲ့သလို ဟားမတ်စ် တို့ကလည်း အစ္စရေးဘက်ကို ရော့ကက် ဒုံးကျည် ထပ်ပစ်ခဲ့ပါတယ်။

တဆက်တည်း အမေရိကန်အစိုးရက ဂါဇာကို လိုဏ်ဂူတွေကတဆင့် လက်နက်မှောင် ခိုးသွင်းယူတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စရေးကို ကူညီဖို့ သဘောတူညီလိုက်ပါတယ်။ သောကြာနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် နဲ့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဇစ်ပီ လစ်ဗ်နီ (Tzipi Livni) တို့က ဒီသဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အမေရိကန်က နည်းပညာပိုင်းနဲ့ထောက်လှမ်းရေး ကိစ္စတွေမှာ ကူညီမှာဖြစ်ပါတယ်။ အမေရိကန် စစ်တပ်တွေကိုတော့ အစ္စရေးကို ပို့မှာမဟုတ်ပါဘူး။ ဒီသဘောတူညီမှုဟာ အီဂျစ်တို့ ကမကထပြုပေးတဲ့ အပစ်အခတ် ရပ်စဲရေးအစီအစဉ်ကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG