သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ


မြန်မာပြည်က အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီးတော့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားခဲ့လို့ ထောင်ချခံခဲ့ရတဲ့ လယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ ဟာ အောင်လံမြို့က အပြန် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်တွေက ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ အကြောင်းစုံကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

ပြီးခဲတဲ့အပတ်ကတည်းက အမှုစစ်ပြီးအပြန် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးတဲ့နောက် အခု အပတ်မှာတော့ သူကိုယ်စား တရားရုံး ရဲ့ ထွက်ဆိုချက်တွေမှာ သက်သေအထောက်အထားနဲ့ တင်ပြနိုင်ဖို့ အချက်အလက်တွေ လာပေးရင်း ရှေ့နေ ဦးဖိုးဖြူ ဟာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါတယ်။

ဦးဖိုးဖြူ အဖမ်းခံလိုက်ရတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦး ပြောပြတာကတော့ -

“ကိုဖိုးဖြူဟာ အောင်လံကနေပြီးတော့ မကွေးကနေ ထွက်လာတဲ့ အောင်ကမ္ဘာကားကို ရွှေမိုး လ္ဘက်ရည်ဆိုင် ကနေ ဆက်စီးပြီးတော့ ၁၀ နာရီလောက်မှာ အထွက်မှာ အောင်လံကအထွက် တောင်ဘက် တံပိုး ရွာနားမှာ အထွက်ဂိတ်ပေါ့ဗျာ။ အဲဒီဂိတ်ကနေပြီးတော့ မြို့နယ်မှူး အပါအဝင် ရဲတွေအားလုံးက အက်စ်ပီ တွေက မကွေးက ညွှန်ကြားထားတဲ့အတိုင်း ဖမ်းဆီးပြီးတော့ ညတွင်းချင်း မကွေးကို ဂျစ်ကားနဲ့ ပို့လိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။”

နတ်မောက်မြို့ က လယ်သမား ဦးလှစိုးနဲ့ အောင်လံက ဦးဇော်ဌေးတို့ ၂ ဦးဟာ သူတို့ရဲ့လယ်တွေကို စစ်တပ်ကနေ အဓမ္မ သိမ်းဆည်းတာ နဲ့ပတ်သက်ပြီး အိုင်အယ်လ်အို ကို တိုင်ကြားရင်း ဖမ်းဆီးခံလိုက်ရသူများ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတာနဲ့ပတ်သက်ပြီး လူငယ်ရှေ့နေ ဦးဖိုးဖြူ က အမူလိုက်ပေးနေရာကနေ တရားရုံးမှာ ကြုံတွေ့နေရတဲ့ မမှန်ကန်တဲ့သက်သေတွေကို ခေါ်လာမှု၊ မှန်ကန်တဲ့ သက်သေတွေကို စကားပြောဆိုခွင့် မပေးတာတွေနဲ့ပတ်သက်ပြီး အခြေအတင် ဖြစ်ပြီး ရှေ့နေပါဝါကို ရုတ်သိမ်းပြီး သူနဲ့ တွဲဘက်ဖြစ်တဲ့ ရှေ့နေ ဦးအောင်သွင်လင်း ကို အမူ ဆက်လိုက်စေခဲ့ပါတယ်။ အခုအပတ် ဦးဇော်ဌေး တို့တရားရုံးထုတ်စစ်ဆေးတဲ့ နေ့ကို သူရောက်ရှိလာခဲ့ပြီးတဲ့နောက် ရန်ကုန်အပြန်မှာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ အခုလိုပြောကြားပါတယ်။

“အဲဒါတော့ မသိပါဘူးရှင်။ အိမ်နဲ့လည်း ဘာ အဆက်အသွယ်မှ မရှိပါဘူး။”

ဦးဖိုးဖြူနဲ့ပတ်သက်ပြီး သူဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နေတဲ့ ရှေ့နေတဦးဖြစ်ပြီး နစ်နာသူတွေဘက်ကနေ ဖိဖိစီးစီး လုပ်ဆောင်ပေးနေတဲ့သူသာ ဖြစ်ကြောင်း ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ကိုဖိုးဖြူကတော့ ကျနော်တို့ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတိုင်း မည်သူမဆိုပေါ့ဗျာ။ တရားဥပဒေရဲ့ အကာအကွယ် အစောင့်အရှောက် ကို ရရှိသင့်တယ်ဆိုပြီးတော့ နေတဲ့သူပဲလေ။ နောက်တခါ အခုတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုဇော်ဌေး ရဲ့ အကျိုးဆောင်အဖြစ် ဆောင်ရွက်တဲ့အခါကျတော့ ပိုပြီးတော့ ဖိဖိစီးစီး လုပ်ရတာပေါ့ဗျာ။ ကျေးရွာတွေကို ရောက်တယ်၊ ရွာသူရွာသားတွေကို တွေ့တယ်။ တရားဥပဒေရဲ့ အကာအကွယ် ရရှိဖို့အတွက် ကြိုးကြိုးပမ်းပမ်း နိုက်နိုက်ချွတ်ချွတ် ဆောင်ရွက်တတ်တဲ့အတွက် လက်ရှိ ဒီ ဆုလဒ် ရတယ်လို့ပဲ ကျနော်တို့တော့ ထင်တယ်။”

နောက်ဆုံးကြားရတဲ့သတင်းတွေအရ ဦးဖိုးဖြူ ကို မကွေးရဲစခန်းမှာပဲ အာဏာပိုင်တွေက ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG