သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ


စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တပါး ဖြစ်တဲ့ ဂမ္ဘီရဟာ မန္တလေး အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဒါ့အပြင် ထောင်ဝင်စာ သွားတွေ့တဲ့ သူ့မိသားစု ကိုလည်း အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့ အပြင် အခုဆိုရင် ပါဆယ်ကိုတော့ ပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရှင်ဂမ္ဘီရ အနေနဲ့ မန္တလေးထောင်တွင်းမှာ ဘာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလဲ။ ဘယ်နေ့ကစပြီး အစာငတ်ခံဆန္ဒပြခဲ့တာလဲ ဆိုတာကို သိရအောင်လို့ အရှင်ဂမ္ဘီရ ရဲ့ အစ်မဖြစ်သူကို မေးကြည့်တော့ -

“ဘယ်နေ့ကလဲဆိုတော့ ၁၃ ရက်နေ့ကလို့တော့ ပြောတယ်။ ဒီနေ့ ၁၇ ရက် ဆိုတော့ ၄ ရက်တော့ ရှိပြီပေါ့။”

ဘာအကြောင်းကြောင့် သူ ဆန္ဒပြတာလဲရှင်။ -

“အဲဒါ အမေနဲ့တွေ့မှ သိရမှာပါ။ ဘာအကြောင်းကြောင့်ဆိုတာ မေးတော့မေးတယ်။ မသိဘူးတဲ့ မေးကြည့်တော့လည်း ပြောတယ်လေ။ အယ် မိသားစု နဲ့မတွေ့ရတာလား၊ အဲဒါကလည်း တကြောင်းတော့ ပါမယ်ထင်တယ်။ အဲဒီထက် ကြီးတဲ့ဟာလည်း ရှိလိမ့်မယ်လို့တော့ ထင်တာပဲ။”

ထောင်ဝင်စာတွေရော တွေ့ခွင့်ရှိလား အစ်မ။ -

“၂ ပတ်ရှိပြီ။ မတွေ့ရတာ။ ထောင်ဝင်စာလည်း မတွေ့ရဘူး။ ပါဆယ်လည်း မပေးရဘူး။”

သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။ -

“အခု ဘယ်လိုရှိလဲ ဆိုတော့ အိပ်ယာထဲမှာ လဲနေတယ်တဲ့။ ရေတောင်မှ မသောက်ဘူး။ ရေလည်း မချိုးဘူး။ ဘာဆိုဘာမှမစားဘူး ဆိုတော့ တော်တော်တော့ စိတ်ပူနေတယ်။ အခြေအနေလည်း ဆိုးနေတယ်လို့တော့ ပြောတယ်။”

ထောင်ဝင်စာ သွားတွေ့တောအရှင်ဂမ္ဘီရ ရဲ့ မယ်တော်ပဲ သွားတွေ့တာလားရှင်။ -

“ပထမဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့ တွေ့ရတုန်းကတော့ အဖေ နဲ့ အမေ သွားတာလေ။ အဲဒီတုန်းက တခေါက် တွေ့ခဲ့ရတယ်။ အဲဒါပြီးတော့ နောက် ၂ ပတ်မှာ မောင်လေးနဲ့အမေ နဲ့သွားတာပေါ့။ အဲဒါ မတွေ့ရဘူး။ ၁၄ ရက်နေ့ကပေါ့။ သူက ဗုဒ္ဓဟူး တရက်ပဲ တွေ့လို့ရတာလေ။ အခက်အခဲ ရှိတာပေါ့။ ငွေကြေး အခက်အခဲဆို ဒီလို သွားဖို့လာဖို့အတွက် တော်တော် စုယူရတယ်။ အလုပ်တွေကလည်း အရင် ဆိုင်ကယ် ဝက်ရှော့ ရှိတာနဲ့ ကုန်စုံဆိုင်ကလည်း သူတို့ ပိတ်ပစ်တယ်လေ။ ပိတ်ပစ်တယ် ဆိုတာက လူတွေမလာရဲအောင် ပိတ်တာပေါ့။ ဗုံးတွေ အလုံး ၅၀ ရှိတယ်တို့၊ လက်နက်တွေ တွေ့တယ်တို့ ဆိုတော့ လူတွေက မလာရဲကြတော့ဘူး။ အဲဒီတော့ လုံးလုံး ပိတ်ပစ်ရတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေလည်း မရှိ၊ ဘာ ဝင်ငွေ မှလည်း မရှိတဲ့အခါကျတော့ ဦးပဉ္ဖင်းကို အပတ်စဉ် ကူဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တော်တော် ကြိုးစားရတယ်။”

ဒါကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သံဃာလှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG