သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအပစ်ရပ် ကြေငြာချက် ဟားမတ်စ်အဖွဲ့ ကျေနပ်မှု မရသေး


အစ္စရေးဝန်ကြီးချုပ် အီဟွတ်အိုမာ့တ် က ဂါဇာက ဟားမတ်စ် အုပ်စုတွေကို သုံးပတ်ကြာ ထိုးစစ်ဆင်ခဲ့တာကို ရပ်တန့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဟားမတ်စ် အဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ အစ္စရေးတို့ ရဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲရေး ဟာ ကျေနပ်နိုင်ဖွယ် မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ ဂါဇာမှာ အစ္စရေးစစ်သားတွေ တဦးတယောက်မှ ရှိနေတာကို မလိုလားဘူးလို့လည်း ပြောခဲ့ပါတယ်။

ဒေသစံတော်ချိန် စနေနေ့ည က အစ္စရေးလုံခြုံရေး ဦးစီးအဖွဲ့ဝင်တွေ တွေ့ဆုံပြီး တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကို ချမှတ်ဖို့ မဲခွဲဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ် အိုမာ့တ် က ဂါဇာမှာ အစ္စရေးတို့ တိုက်ပွဲဆင်နွှဲရတဲ့ ရည်ရွယ်ချက်တွေအားလုံး ထမြောက်ခဲ့ပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီတဖက်သတ် အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ အစ္စရေးတို့ ရဲ့ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက်စောစော ၂ ချက်ထိုး အချိန်မှာ ချက်ချင်းရပ်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီနောက် ဂါဇာဒေသမှာ အစ္စရေး တပ်တွေကို ရက်အတန်ကြာ တပ်ချထားဦးမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရေရှည်ချမှတ်မယ့် အစီအစဉ်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်က တကယ်လို့ အစ္စရေးတို့ကို တဖက်က စတင်တိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့က တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

စနေနေ့ အစောပိုင်းတုန်းက ဟားမတ်စ် ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်းတော့ ဆက်ပြီး တိုက်ပွဲဝင်ဦးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဟားမတ်စ်တို့ က ဂါဇာဒေသမှာ အစ္စရေးတို့ တပတ်အတွင်း လုံး၀ ထွက်ခွာသွားဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသရဲ့ အီဂျစ်နယ်စပ် အပါအဝင် နယ်စပ်တွေအားလုံးကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

အီဂျစ်သမ္မတ ဟိုစနီ မူဘာရက် (Hosni Mubarak) က ဂါဇာကမ်းမြှောင်ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ထိပ်သီး အစည်းအဝေး တခုကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့မှာ လက်ခံကျင်းပဖို့ ရှိပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ စပိန်နဲ့ တူရကီ နိုင်ငံခေါင်းဆောင်တို့လည်း တက်ရောက်ဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG