သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံ ရိုဟင်ဂျာများနှင့်တွေ့ရန် ကုလသမဂ္ဂ တောင်းဆို


ထိုင်းနိုင်ငံတောင်ပိုင်းကို လှေစီးဝင်ရောက်လာတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေနဲ့
တွေ့ဆုံခွင့်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က
ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ အကာ
အကွယ်ပေးမှု လိုမလို သုံးသပ်စစ်ဆေးဖို့ အခုလိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး
ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့
က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထား
ပါတယ်။

မုတ္တမပင်လယ် ထိုင်းကမ်းလွန်ပိုင်း ဆန်ဒိုင်းကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည် ၈၀ ပါဝင်တဲ့
အုပ်စုကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေ
အရ သိရတယ်လို့ UNHCR ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ အေဂျင်စီက ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က နောက်ထပ် ရိုဟင်ဂျာ ၄၆ ဦး စီးနင်းလိုက်ပါလာတဲ့သင်္ဘောကို
ဖမ်းဆီးထားပြီး ထိုင်းစစ်အာဏာပိုင်တွေလက်ထဲ လွှဲပေးခြင်းခံရတယ်လို့ UNHCR က
ဆိုပါတယ်။

အဲဒီသင်္ဘောပေါ် လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေဟာ ပျောက်ခြင်းမလှပျောက်နေပြီး
သူတို့ဘယ်မှာရှိနေတယ်ဆိုတာကို UNHCR က သိရှိဖို့ ကြိုးစားနေတယ်လို့လည်း
ဆိုပါတယ်။ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ နှိပ်စက်ခံရတဲ့သတင်းဟာ သိပ်ကိုစိုးရိမ်
ဖွယ်ရာ ဖြစ်စရာကောင်းတယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် ရွန် ရက်မန်က ပြောပါ
တယ်။

“အဲဒီသတင်းမှာ လူတွေ ရာနဲ့ချီပြီး ပင်လယ်ပြင်မှာ သေဆုံးခဲ့တယ်လို့ စွပ်စွဲထားပါ
တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ထပ် သတင်းအချက်အလက်တွေရရှိဖို့ ပြီးခဲ့တဲ့
သီတင်းပတ်က ထိုင်းအစိုးရဆီကို မေတ္တာရပ်ခံထားတာ အခုထိ အဖြေကို စောင့်နေရ
တုန်းပါပဲ။ လောလောဆယ်မှာတော့ ကမ်းပေါ်ခေါ်သွားခံရတယ်ဆိုတဲ့ လူတွေအတွက်
ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ UNHCR က အဲဒီလူတွေနဲ့ အစောဆုံးတွေ့ခွင့်
ရဖို့ လိုအပ်နေပါတယ်။”

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာ နေထိုင်
ကြတဲ့ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှိ UNHCR စခန်းတခုမှာ အသိ
အမှတ်ပြုတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂၈,၀၀၀ ရှိပြီး စခန်းအပြင်ဘက်မှာ နေထိုင်ကြ
တဲ့ ဒုက္ခသည်တွေအဖြစ် မှတ်ပုံတင်မထားတဲ့ ရိုဟင်ဂျာပေါင်း ၂၀၀,၀၀၀ လောက်
ရှိတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒီဒုက္ခသည်တွေဟာ ကြံရာမရ
ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် မြန်မာနိုင်ငံကနေ လှေငယ်တွေနဲ့ အသက်စွန့်ပြီး
ထိုင်း၊ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားအထိတောင် သွားခဲ့ကြတယ်လို့လည်း
မစ္စတာရက်မန်က ပြောပါတယ်။

“လူ့အခွင့်အရေးကို လေးစားလိုက်နာပါမယ်ဆိုပြီး ထိုင်းအစိုးရသစ်က ကတိပေးထား
တဲ့အတွက် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စံနှုန်းတွေအရ ဒီပြဿနာကို
အမြန်ဆုံး ဖြေရှင်းပေးနိုင်မယ့်နည်းတွေကို ရှာနိုင်ဖို့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့
ဆွေးနွေးလိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အန္တရာယ်တွေကို ကာကွယ်ပေး
ဖို့ ထိုင်းအစိုးရအနေနဲ့ အတတ်နိုင်ဆုံး အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို
ကျနော်တို့ အလေးအနက် ပြောလိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ အနှိပ်စက်ခံခဲ့ရ
တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ ကာကွယ်ရေးဝန်ကြီးကို ဒုတိယ
ဝန်ကြီးချုပ်က အမိန့်ပေးခဲ့တယ်ဆိုတဲ့ ထိုင်းသတင်းတွေမှာ ဖော်ပြထားချက်တွေကို
လည်း ကျနော်တို့ ကြိုဆိုပါတယ်။”

ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အတိဒုက္ခဟာ ဒေသန္တရပြဿနာဖြစ်တယ်လို့ UNHCR
က ထောက်ပြပါတယ်။ ရိုဟင်ဂျာတွေ အခုလို အသက်အန္တရာယ် ကြီးမားလှတဲ့ခရီး
ထွက်ရလောက်အောင် ဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေကို ပါဝင်ပတ်သက်နေ
တဲ့ နိုင်ငံအားလုံးက ဝိုင်းဝန်ဖြေရှင်းပေးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့လည်း ထိုင်း
အစိုးရနဲ့ UNHCR က ဆွေးနွေးလိုတယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG