သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေမျောမြန်မာနှစ်ဦးကို ငှက်ကြီးနှစ်ကောင် အစာ အန်ပေးခဲ့


ကြီးမားတဲ့ ရေခဲပုံးထဲမှာနေရင်း ပင်လယ်ပြင်ထဲ ၂၅ ရက်ကြာခဲ့တဲ့ မြန်မာငါးဖမ်းသမားနှစ်ဦးက သူတို့ဟာ အသက်ဆက်ရေး အတွက် မိုးရေနဲ့ ငါး ရှာစားတဲ့ ငှက်တွေ အန်ထုတ်လိုက်တဲ့ ငါးအပိုင်းအစတွေကို စားပြီး အသက်ရှင်ခဲ့တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံ Sydney Morning Herald သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီ ရေခဲပုံးထဲမှာနေ မိုးရေ သောက်ပြီး ပထမ ဆယ်ရက်လောက် ပင်လယ်ထဲ မျောနေခဲ့တယ်လို့ ပြောထားပါတယ်။ ဒီနောက်တော့ ကြီးမားတဲ့ ပင်လယ်ငှက်ကြီးနှစ်ကောင် ရောက်လာပြီး အန်လိုက်တဲ့ ငါးသေးသေးလေးတွေကို စားသုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ငါးဖမ်းသင်္ဘောမှာ ထိုင်းနဲ့ မြန်မာ ငါးဖမ်းသမား ၂၀ ပါရှိပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ပင်လယ်ပြင်ထဲမှာ နစ်မြုုပ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီကနေ သူတို့နှစ်ဦး ရေခဲပုံးထဲဝင်ပြီး ပင်လယ်ထဲမျော အသက်ရှင်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို သြစတြေးလျ နဲ့ ပါပူဝါ နယူးဂီနီ အကြားမှာရှိတဲ့ တိုရီ ရေလက်ကြားထဲမှာ ပုံမှန်ကင်းလှည့်နေတဲ့ ကမ်းရိုးတန်းစောင့် လေယာဉ်ကနေ တွေ့ပြီး စနေနေ့က ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်မိတဲ့အချိန်မှာ ရေဓါတ်အားနည်းနေလို့ ဆေးရုံတင် ကုသခဲ့ရပြီး၊ အင်္ဂါနေ့ကတော့ Queensland ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

ဒီငါးဖမ်းသမားနှစ်ဦးဟာ ဘယ်ကလာသလဲ၊ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ အတည်ပြုဖို့ အချိန်ယူရဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG