သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမို အကျဉ်းစခန်း တနှစ်အတွင်းပိတ်ဖို့ အိုဘားမား အမိန့်ပေး


အကြမ်းဖက်သမားကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ဂွာတာနာမို ပင်လယ်အော်က အမေရိကန်ရေတပ်ရဲ့ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမိန့်ပေးလိုက်ပါတယ်။ ဒီလိုပိတ်ပစ်ဖို့ အမိန့်ပေးလိုက်တာက အရင် သမ္မတဟောင်း ဂျော့ချ် ဒဘလျူ ဘုရှ် (George W.Bush) ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲလိုက်တဲ့ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို ရုံးတင်စစ်ဆေးနေတာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးတဲ့အခါ အဆင့်မြင့်စစ်ဆေးနည်းလို့ နာမည်ပေးထားတဲ့ နည်းနာတွေကို မသုံးဘို့လည်း သမ္မတ အိုဘားမားက ပိတ်ပင်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) အိမ်ဖြူတော်ကပေးပို့တဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှု နည်းလမ်းတွေကို သမ္မတသစ် အိုဘားမား ဖောင်တိန်ကို သုံးခါမြှောက် လက်မှတ်ရေးပြီး မြေလှန်ပြောင်းလဲလိုက်ပါတယ်။ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သူက အမိန့်ပေးလိုက်တာပါ။ ဒီလို ပိတ်ပစ်လိုက်ပေမယ့်လည်း အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ ထိုးစစ်ဆင်မှုတွေကတော့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုကို အောင်မြင်အောင် ဆက်ပြီးတိုက်ဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ တာဝန်ယူတဲ့ကာလတွေမှာ ဒီတိုက်ပွဲက အောင်မြင်မှာပါ။”

တနှစ်အတွင်းမှာ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဘရက်ခ် အိုဘားမားက အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပြီးတဲ့အချိန် အကြမ်းဖက်သမားအဖြစ် သံသယရှိတဲ့သူ၊ လက်ရှိ ထိန်းသိမ်းထားခံနေရတဲ့ အကျဉ်းသား ၂၄၅ ယောက်ကို ဘယ်လို ဆက်ပြီးကိုင်တွယ်သင့်တယ်ဆိုတာကို အကြံပြု ညွှန်ပြမယ့် အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

သမ္မတဟောင်းဘုရှ် လက်ထက်က တည်ထောင်ခဲ့တဲ့ စစ်ခုံရုံး ရုံးတင်စစ်ဆေးမှုတွေကို ပြန်ပြီးသုံးသပ်ဖို့ ဂွာတာနာမို အကျဉ်းထောင်အတွင်း ရုံးတင်စစ်ဆေးမှုတွေကိုလည်း ရက် ၁၂၀ ရပ်ဆိုင်းဖို့ အမေရိကန် အစိုးရသစ်က ညွှန်ကြားထားပါတယ်။

အမေရိကန် အစိုးရဌာန အားလုံးအနေနဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို စစ်ဆေးတဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အမေရိကန် စစ်မြေပြင်သုံးလမ်းညွှန်ကို သမ္မတ အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်သမားတွေကို ရေမွန်းအောင်လုပ်ပြီး စစ်ဆေးတဲ့နည်း၊ ရေနစ်အောင်လုပ်တဲ့နည်းလမ်း စတဲ့ အဆင့်မြင့်စစ်ဆေးနည်းခေါ် နည်းနာတွေကို မသုံးဘို့လည်း သူက တားမြစ်လိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ဗဟိုထောက်လှမ်းရေးအေဂျင်စီက တခါတရံ ချွင်းချက်နဲ့ ကျင့်သုံးနေတယ်လို့ ယုံကြည်ရပါတယ်။

အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ဂျနီဗာသဘောတူညီချက်နဲ့အတူ စစ်ဆေးမယ်လို့ အမေရိကန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီစည်းကမ်းချက်အသစ်ကို ချွင်းချက်မရှိ လက်ခံရမယ်ဆိုပြီးတော့လည်း စီအိုင်အေ ညွှန်ကြားရေးမှူးက သူ့ဝန်ထမ်းအားလုံးကို အမိန့်ထုတ်ထားပါတယ်။

အခုအချိန်အထိတော့ အကျဉ်းစခန်းကို ပိတ်ပြီးတဲ့အခါ ဖမ်းထားတဲ့ ကျန်နေသေးတဲ့သူတွေကို ဘာဆက်လုပ်မယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အိမ်ဖြူတော်အရာရှိတွေကတော့ ဘယ်အကြမ်းဖက်သမားတွေကိုမှ နှိပ်စက်ညှဉ်းပန်းနိုင်တဲ့ တတိယနိုင်ငံတွေကို ပို့မှာမဟုတ်ဘူးလို့ ပြောနေပါတယ်။

အိုဘားမားကတော့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့ လက်ခံယုံကြည်တဲ့ အတွေးအခေါ်အကြား မှားယွင်းတဲ့ ရွေးချယ်မှုတွေကို အမေရိကန်အစိုးရက ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာက အကြမ်းဖက်တာမျိုးကို မစဉ်းစားဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ ကျနော်တို့ရဲ့အင်အားနဲ့ ကျင့်ဝတ်ကို မြင့်မြင့်မားမား လက်ခံဖြေရှင်းနိုင်တဲ့ အတွေးအခေါ်ကို အတိအကျ ဆိုလိုတာပါ။ ကမ္ဘာတဝန်းက အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျနော်တို့မြင်နေတဲ့ပုံစံမျိုး မဟုတ်တဲ့ နည်းလမ်းတွေကို သုံးမယ့် အတွေးအခေါ်ပါ။”

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ကြီးကြပ်ဖို့ အမေရိကန်ရေတပ် ဗိုလ်မှူးချုပ် ဒန်းနစ္စ ဘလဲ (Dennis Blair) ကို ရွေးချယ် တာဝန်ပေးလိုက်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဗိုလ်ချုပ်ဒန်းနစ္စ ဘလဲက ဂွာတာနာမို အကျဉ်းစခန်းဟာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းဖို့ အော်ဟစ်သံတွေ ကြားနေရတဲ့ နေရာလို့လည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလို အကျဉ်းစခန်းပိတ်ပစ်မှာနဲ့ ပတ်သက်လို့ ရီပတ်ဗလစ်ကန်ပါတီဝင်တွေကတော့ လက်မခံပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လွတ်မြောက်ခဲ့သူတွေ အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့နဲ့ ပြန်ပေါင်းခဲ့တာတွေကို ပြန်ပြီး ကိုးကားထောက်ပြပါတယ်။

ဂွာတာနာမို အကျဉ်းစခန်းနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေခဲ့တာ ကြာပါပြီ။ ဒီပင်လယ်အော်မှာ အမေရိကန်ရေတပ်က ရာစုနှစ်တခုကျော် ရေတပ်အခြေစိုက်စခန်းကို ဖွင့်လှစ်ထားတာပါ။ ကျူးဘားတော်လှန်ရေး မတိုင်ခင်ကတည်းက ကျုးဘားနိုင်ငံကမြေကို ငှားရမ်းပြီး ဖွင့်လှစ်ထားတာပါ။ အခု သမ္မတအိုဘားမားရဲ့ အမိန့်အရတော့ အကျဉ်းစခန်းကိုသာ ပိတ်ပစ်မှာဖြစ်ပြီး ရေတပ်အခြေစိုက်စခန်းကတော့ ရှိနေဦးမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG