သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသန့် ရာပြည့်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ


ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ရဲ့ နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲကို ရန်ကုန်မြို့ အင်ယားကန် ဟိုတယ်မှာ ဇန်နဝါရီလ ၂၂ ရက်က ကျင်းပခဲ့ပြီးတော့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံတမန်တွေ၊ အတိုက်အခံအင်အားစုတွေ နဲ့ စစ်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ဦးသန့်ဟာ မြန်မာနိုင်ငံသားတွေထဲမှာ ရှားရှားပါးပါး ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် အဖြစ် ၁၉၆၁ ခုနှစ် ကနေ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အဖြစ် သက်တမ်း နှစ်ကြိမ် တာဝန်ယူခဲ့ပါတယ်။ ဦးသန့် အတွင်းရေးမှုးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ကျူးဘားဒုံးပျံကိစ္စ (Cuba Missile Crisis) ၊ ကွန်ဂိုပြည်တွင်းစစ် (Congo Crisis) နဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲ (US-Vietnam War) စတဲ့ ကမ္ဘာ့အရေးအခင်းတွေကို ဖြေရှင်းနိုင်ခဲ့ပြီးတော့ မြန်မာပြည်သား ဦးသန့်လို့ ကမ္ဘာမှာ ထင်ရှားခဲ့ပါတယ်။ လက်ရှိအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban-ki Moon) ကလည်း ဦးသန့်ကို ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီးတော့ ကုလသမဂ္ဂရဲ့ ဦးသန့်တံဆိပ်ခေါင်းကို ဖေဖေါ်ဝါရီလမှာ ထုတ်ဝေမှာပါ။

၁၉၇၄ ခုမှာ ကင်ဆာရောဂါ နဲ့ ဦးသန့် ကွယ်လွန်လို့ မြန်မာပြည်မှာ သဂြိုလ်ဖို့ အမေရိကန်နိုင်ငံကနေ ရုပ်အလောင်း ပြန်သယ်လာခဲ့ရာ ဗိုလ်ချုပ်နေဝင်းအစိုးရက သာမန်ဈာပနပဲ ကျင်းပပေးခဲ့တဲ့အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ၁၉၇၄ ဦးသန့် အရေးအခင်းဆိုပြီး ထင်ရှားတဲ့ဆန္ဒပြမှုကြီး ဖြစ်ပွါးခဲ့ပါတယ်။

တင်းကျပ်တဲ့ စစ်အစိုးရအောက်မှာ ဒီလိုအခမ်းအနားတွေ ကျင်းပခွင့် ရှားပါးလှပြီးတော့ အခု ဦးသန့်ရာပြည့်ပွဲ ကို ဦးသန့်ရဲ့ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပခဲ့တာပါဖြစ်ပါတယ်။
XS
SM
MD
LG