သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် နှစ်သစ်ကူး ပွဲတော်တွေ ကမ္ဘာတဝှမ်းကျင်းပ


လာမယ့် တရုတ်နှစ်သစ်ဟာ ရိုးရာအရ နွားနှစ် ဖြစ်တဲ့အတွက် တရုတ် လူမျိုးတွေ အလုပ်ကြိုးစားရမယ့်နှစ် အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့ နေရာအနှံ့က တရုတ် လူမျိုးတွေ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေကြပါတယ်။ ဒီလို နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ အခါသမယဟာ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုအဖြစ် တရုတ်နိုင်ငံမှာ အလုပ်ရုံတွေ ပိတ်ပစ်လိုက်ရပြီး အလုပ်လက်မဲ့တွေ အများအပြား ကြုံနေရတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တရုတ်နှစ်ကူးပွဲတော် အကြောင်း သတင်းတွေကို ကိုသိန်းထိုက်ဦးက စုစည်းတင်ပြပါလိမ့်တယ်။

မနက်ဖြန် ကျရောက်မယ့် တရုတ် နှစ်သစ်ကူးနေ့ဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ တရုတ်လူမျိုးတွေ အထူပဲ တန်ဘိုးထားပြီး နှစ်သစ်ကူးပွဲတော်တွေ ကျင်းပကြတဲ့ နေ့ဖြစ်ပါတယ်။ နှစ်ကူးအထိမ်းအမှတ် ကပွဲတွေ၊ အစားအသောက်တွေ တည်ခင်းဧည့်ခံကြသလို မီးရှုးမီးပန်းတွေ ပစ်ဖေါက်ကြတဲ့ နေ့လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ နှစ်ကူးပွဲတော်အမှီ အိမ်ကို ပြန်ကြတဲ့သူတွေကြောင့် ဘူတာရုံတွေ၊ ဘတ်စကားဂိတ်တွေ မှာ ဒီသတင်းပတ်ကုန်မှာ လူတွေ ပြည့်သိပ်နေခဲ့တယ်လို့ တရုတ်အစိုးရ သတင်းစာတွေမှာ ရေးပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာပဲ ကမ္ဘာတဝှမ်းမှာ ပျော်ပွဲ ရွင်ပွဲတွေ နေရာအနှံ့မှာ ကျင်းပနေပါပြီ။ အခုကြားနေရတာကတော့ တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်က နှစ်သစ်ကူးပွဲတော် အခါသမယ ကပွဲတွေက အသံတွေပါ။

ဒါပေမယ့်လည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက တရုတ်နှစ်သစ်ကူးပွဲတော်တွေအပေါ် အရိပ်ထိုးနေတယ်ဆိုပြီး သတင်းတွေက ရေးပါတယ်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားဘောင်ရဲ့ မိန့်ခွန်းမှာ တရုပ်နိုင်ငံအနေနနဲ့ ရှေှုမှာ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို သတိပေးထားပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေက တရုတ်နိုင်ငံအပေါ် အကြီးအကျယ် ထိခိုက်နေပြီး အလုပ်လက်မဲ့ ပြသာနာတွေ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ပြီး ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ မြေငလျင်ဒဏ်ကြောင့် ထိခိုက် ဆုံးရှုံးမှုတွေ အကြီးကအကျယ် ကြုံရတဲ့နေ့ဖြစ်ပါတယ်။ မေလ ၁၂ ရက် တရုတ်နိုင်ငံတောင်ပိုင်း ဆီချွမ်းပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် လူခွန်သောင်းလောက် ေသေဆုံးခဲ့ပါတယ်။ ဒီလို မြေငလျင်ဒဏ်ကြောင့် အသက်မသေပဲ ကျန်ရစ်ခဲ့သူတွေဆီကို မနေ့က တရုတ် ဝန်ကြီးချုပ် ဝမ်ကျင်းဘောင် သွားရောက်ပါတယ်။ နောင်နှစ်မှာ ကောင်းတာတွေကို ကြုံရမယ့်နှစ်လို့ တရုတ်လူမျိုးတွေ မျှော်လင့်ချက်တွေ ရှိကြပါတယ်။
၂၀၀၈ ခုနှစ်အတွင်း မြေငလျင် လှုတ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ပျက်ဆီးမှုတွေ အကြီးအကျယ် ရင်ဆိုင်ခဲ့ရတဲ့ တချိန်တည်းမှာ တရုတ်နိုင်ငံအတွင်းမှာ အိုလံပစ် ပွဲတော်ကြီး ကျင်းပနိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသားတွေ ဂုဏ်ယူရတဲ့ နှစ်တနှစ်ဖြစ်ခဲ့ ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမှာရောက်နေတဲ့ တရုတ်လူမျိုးတဦးဖြစ်တဲ့ ဦးဌေးသိန်းကတော့ တရုတ်နှစ်သစ်ကူးနေ့ ပွဲတွေ ကျင်းပကြတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“စားကြ သောက်ကြ ပျော်ကြ စကားပြောကြ၊ ကလေးတွေကို အံပေါင်း ပေးရတယ်။ လပ်ကီး မန်းနီး ဆိုတဲ့ စာအိပ်နီ ပိုက်ဆံ အိပ်ပေါ့။ အိမ်ထောင်မကျသေးတဲ့သူတွေကို မုန့်ဖိုးပေးတဲ့သဘော။ တရုတ်တန်းမှာဆို အဖွဲ့အစည်းတွေ၊ ဘုံကျောင်းတွေမှာ နဂါးကပွဲတို့လုပ်ကြတယ်။”

ဒီနှစ်သစ်ဟာ တရုတ်နိုင်ငံသားတွေအတွက် နွားနှစ်ဖြစ်ပါတယ်။ တရုတ်ရိုးရာ ဆယ့်နှစ်ရာသီခွင်မှာ တိရိစ္ဆာန် ၁၂ ကောင်ရှိတဲ့အထဲ ပြီးခဲ့တဲ့နှစ်ကတော့ ကြွက်နှစ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ဟာ နွားနှစ်ဆိုတဲ့ နှစ် တရုတ်နိုင်ငံသားတွေ အလုပ်ကြိုးစားရမယ့်နှစ်လို့ ယုံကြည်ထားတဲ့ နှစ်ဖြစ်တဲ့အလျှောက် ကမ္ဘာတဝှမ်းက တရုတ်လူမျိုးတွေ အပါအဝင် တရုတ်နိုင်ငံအတွင်း စီးပွားရေး အကျပ်အတည်းကြောင့် အလုပ်ရုံတွေ ပိတ်ပြီး အလုပ်လက်မယ့်တွေ အများအပြားရှိနေတဲ့ နှစ်တနှစ်လည်း ဖြစ်နေပါတယ်။ ဦးဌေးသိန်းကတော့ အခုလို ပြောပါတယ်။

“နွားနှစ်ဆိုတော့ ဇိမ်နဲ့ ထိုင်လို့မရဘူးပေါ့။ တော်တော်လေး ကြိုးကြိုးပမ်းပမ်းနဲ့ လုပ်ရ ကိုင်ရ ချွေးထွက်ရမယ့်နှစ်ပေါ့။ စီးပွားရေးက ကျဆင်းတော့ ကုမ္ပဏီတွေက အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်လေ။ ဗမာတွေလည်းပါတယ်။ တရုတ်တွေလည်း ပါတယ်။”

ဆန်ဖရန်စ္စကို ရောက် တရုပ်လူမျိုးတဦးဖြစ်တဲ့ ဦးဌေးသိန်း ပြောသွားတာပါ။
ဒီတရုတ်နှစ်သစ်ကူးမှာ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တရုတ်လူမျိုးတွေ အတွက် နှစ်သစ်ကူးအခါသမယ ဆုမွန်ကောင်းတောင်းတဲ့အကြောင်း နှစ်ကူးသဝဏ်လွှာပေးပိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG